မျဉ်းသားထားတဲ့ “ဇော်ဆွဲကပြီ” အဓိပ္ပာယ်လေးသိချင်လို့ ဖြေပေးပါဦး။ ပုံလေးပို့ထားပါတယ်ဆရာ။
၁။ ရုပ်သေးပညာရပ်ဆိုင်ရာ နောက်ခံအဓိပ္ပာယ်
မြန်မာ့ရုပ်သေးသဘင်တွင် ဇော်ဂျီရုပ်သည် အလွန်သွက်လက်ချက်ချာပြီး ကပြရခက်ခဲသော အရုပ်ဖြစ်ပါသည်။ ဇော်ဂျီရုပ်ကို ကြိုးဆွဲကပြရာတွင် ရုပ်သေးဆရာက အပေါ်မှနေ၍ ကြိုးစုံကို အနုပညာပြောင်မြောက်စွာဖြင့် "ဆွဲက" ရပါသည်။ ဇော်ဂျီရုပ်ကလေး ကပြောင်းကပြန် ခုန်ပျံပြီး သက်ဝင်လှုပ်ရှားလာအောင် ဆရာက နောက်ကွယ်ကနေ ကျွမ်းကျင်စွာ ကြိုးဆွဲကပြရသကဲ့သို့၊ လူတဦးတယောက်သည် သူတပါးထက် ပညာရပ်၊ အတတ်ပညာ သို့မဟုတ် အရေးအရာတခုခုတွင် အစွမ်းအစ အပြည့်အဝပြကာ ထက်မြက်သွက်လက်စွာ လှုပ်ရှားစွမ်းဆောင်လာခြင်း ကို တင်စားပြောဆိုခြင်း ဖြစ်ပါသည်။
၂။ စာပါအခြေအနေအရ ကပြားတင်စားချက်
ပုံပါ စာမျက်နှာရှိ ကိုလူတုတ်၏ စိတ်ကူးအတွေးအရ -
“ငါ့သားတော့ ဟန်ပြီ။ စာလည်းကောင်းကောင်း တတ်မယ်။ အမှန်တွေလည်း သိတော့မယ်။ ဘုရားရှိခိုးလည်း တတ်တော့မယ်။ ငါ့သားမှ လူနဲ့တူတာ။ ဒီပြင်ကလေးတွေထဲက တယောက်မှ ငါ့သားလိုတော်တာ မရှိဘူး။ ငါ့သားဟာ ဇော်ဆွဲကပြီ”
ဟူသော စကားရပ်တွင် မိမိ၏သားငယ်သည် အခြားကလေးများထက် စာပေပညာ၊ အသိအလိမ္မာနှင့် အတတ်ပညာများတွင် ထူးထူးခြားခြား ပိုမိုထက်မြက်လာပြီး၊ ဆိုင်းချက်ဝိုင်းချက်ညီညီဖြင့် အစွမ်းပြနိုင်စွမ်းရှိလာပြီ (တနည်းအားဖြင့် ဇော်ဂျီရုပ်ကလေးကို ဆရာက ကောင်းစွာ ကြိုးဆွဲကပြလိုက်သဖြင့် ကွင်းလုံးပြည့် အစွမ်းပြ ကပြနိုင်သကဲ့သို့ ဘဝတွင် အရာရာ အဆင်ပြေထူးချွန်လာပြီ) ဟု အားရကျေနပ်စွာဖြင့် မာနတက်ကာ ဥဒါန်းကျူးရင့် တင်စားခြင်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment