(မောင်ဖြူး)
သားချော့ကဗျာနှင့် အရပ်သီချင်း ဇာတ်လိုက်တို့သည် သူတမျိုး ငါတဖုံ ပြောနေကြသည်ကို ဦးပန်းနွယ် ကြားရ၏။
“ကြောင်ဘားကို ဘာလို့ ချန်ခဲ့ချင်တာတဲ့တုံး” ရွှေစွန်ညို၏ အသဲစွဲ မထွေး မေး၏။
“ဘယ်သူက ချန်ခဲ့ချင်တာလဲ…”
ခြေတွဲလဲနှင့် ဂျာအေးမေး၏။
ပရိသတ်အလယ်တွင် ဆောင့်ကြောင့်ထိုင်နေသော မိတ္ထီလာ ဖါးမှာ ထိုင်ရာမှ ထပြီးလျှင် စကားဆိုရန် လည်ချောင်းကို ရှင်းသောအခါ သူ့အား အစည်းအဝေး ရှယ်ယာမင်ဟု ထင်ရ၏။ ဤသို့ အောက်ပါအတိုင်း ပြန်ပြောသဖြင့် အမှန်ပင် ရှယ်ယာမင်ဖြစ်သည်ကို သိရ၏။
“ကြွရောက်ကြသော လူကြီးမင်းတို့ ခင်ဗျား, ဤအမေးတို့ကို ပထမအကြိမ် မေးသည် မဟုတ်။ ဤကျွန်တော် ဖြေကြားသည်မှာလည်း ပထမအကြိမ် မဟုတ်ပါ။ သည်တခါတော့ နောက်ဆုံး ဖြေကြရခြင်းဟု မျှော်လင့်ပါတယ်။ `ကြောင်ဘား မြီးတံတို' ကို သားချော့ကဗျာများမှ ဖြုတ်ထားခဲ့ချင်ပါသတဲ့။ ဖြုတ်ချင်သူကတော့ ဦးပန်းနွယ် ဆိုသူ ဖြစ်ပါတယ်။ ကလေးတွေကို ချောက်ရာရောက်လို့ , ကလေးတို့ကို ကြောက်စိတ်ပေးရာနဲ့ တူလို့တဲ့။”
ဦးပန်းနွယ်မှာ မိမိနှင့် တိုက်ရိုက် သက်ဆိုင်နေ၍ နားထောင်ရန် စိတ်ပါလာ၏။ အရောက်နောက်ကျ၍ အကျိုးအကြောင်းကို ထိုအခါမှ သိရကား, အထပ်ထပ် အမေးရှိသည်ကို ဝမ်းသာမိ၏။ အနီးအနားမှ အမှတ်မဲ့ နားစိုက်ထောင်၏။
“ဦးပန်းနွယ်က ဘယ်သူလဲ…”
ကြက်တူရွေး မေး၏။ (ဦးပန်းနွယ်မှာ သူ့ကို မမြင်နိုင်အောင် ချုံကွယ်တွင် ပုံးနေ၏။)
ရှင်သာပုံမှာ စိတ်မရှည်သဖြင့် ရှယ်ယာမင် မဖြေခင် ပြော၏။
“ဟဲ့ , အာခေါင်နီ, နောက်မှလာပြီး တမေးထဲ မေးမနေနဲ့။ နားထောင်ရင် အရေလည် လာလိမ့်မယ်။ ဦးပန်းနွယ်ဟာ တယ်သူရမလဲ, ကလေးများလင်္ကာ စုဆောင်းတဲ့၊ နှုတ်ခမ်းမွေးနဲ့ ပုစွန်ထုပ်လို လူဟဲ့, သိပလား…?”
မထွေး ဝင်ပြော၏၊
“အောင်မာ, ကောင်မက ပေါက်ပေါက်ရှာရှာ သိတတ်ရန်ကော။ ဦးပန်းနွယ်ရဲ့ နှုတ်ခမ်းမွှေး စူးဘူးမှတ်တယ်…?”
ဦးပန်းနွယ်မှာ ကုတ်ကုတ်ကလေး နားထောင်ရာမှ ခါးဆန့်လိုက်၏။ ရှင်သာပုံ ပြန်ချေမည်ပြုရာ မိတ္ထီလာ ထပြန်သဖြင့်, “အော်ဒါ, အော်ဒါ” ဟူသောအသံတို့သည် တခဏမျှ ဆူညံပြီးနောက် ပျောက်သွား၏။
မိတ္ထိလာ ဆို၏။
“ဦးပန်းနွယ် ဘယ်သူဆိုတာကို သားချော့ကဗျာ ဇာတ်လိုက်တိုင်း သိမယ်ထင်လို့ ကျွန်တော်မပြေဘဲ ရှိပါတယ်။ ကျောင်းအစ်မ ရှင်သာပုံလောက် မရင်းနှီး၍, ဦးပန်းနွယ်မှာ နှုတ်ခမ်းမွေးနဲ့ ပုစွန်ထုပ် ဟုတ်မဟုတ်ကို ကျွန်တော် မပြောနိုင်ပါ။ (ရယ်ကြ၏ ) ကလေးများကဗျာကို စုဆောင်းသူလို့သာ ကျွန်တော်သိပါတယ်။ (ရှင်သာပုံ အစည်းအဝေးမှ ထွက်သွား၏။ ထိုအခါ သြဘာသံတို့သည်၎င်း, ရှက်ဖွယ်, ရှက်ဖွယ် ဟူသေ၁ အသံတို့သည်၎င်း မိုးမွန် အောင်ပေါ်လာ၏။)
တယောက်တခွန်းနဲ့ လိုရင်းကို မရောက်ဘဲ ရှိပါအုံးမယ်။ ယခုစည်းဝေးကြတာက ကြောင်ဘား အတွက် ဦးပန်းနွယ်ထံ အသနားခံစာ သွင်းသင့်, မသွင်းသင့် စည်းဝေးပါတယ်။ အဖိုးကြီးအိုမှာ ကျွန် တော်တို့အထဲတွင် အသက်ကြီးဆုံးဖြစ်၍ သူ၏ ထင်မြင်ချက် ကျွန်တော်တို့ ရလိုပါတယ်။ ကိုင်း, အဖိုးအို ဆိုစမ်းပါအုံး ခင်ဗျ။”
အဖိုးကြီးလည်း တောင်ဝှေးကိုထောက်၍ ထမည်ပြုရာ၊ မိတ္ထီလာက ထိုင်ရာကဘဲ ပြောပါ, ခင်ဗျာ၊ ဆိုသဖြင့် မထဘဲပြော၏။
“မောင်တို့က, အဖိုးကို အသက်အကြီးဆုံး ထင်သပေါ့နော်၊ အဖိုးထက် အသက်ကြီးတာ ကြောင်ဘားနဲ့ ဖိုးလမင်း ရှိသေးတယ် မောင်တို့ရဲ့။ အဖိုး ငယ်စဉ်က `ကြောင်ဘား' နဲ့ အသိပ်ခံခဲ့ရတယ်။ `ရွှေလမှာ-ယုန်ဝပ်လို့' နဲ့ အချော့ခံခဲ့ရတယ်။ ကလေးတွေကို ချောက်ရာရောက်မယ် ဆိုတာကတော့ မောင်ပန်းနွယ်က အတွေးနဲ့ ပြောနေရှာတယ်။ အဖိုးတို့ မောင်တို့အားလုံး ကြောင်ဘားနဲ့ ကြီးလာကြတာဘဲ။ ချော့သိပ်တဲ့ အမေက သီချင်းကို လေအေးအေးနဲ့ ဆိုတော့ ကြောက်ရမှန်း မသိပါဘူး။”
“အဖိုးအသက် ဘယ်လောက်ပြီလဲ…?” မမလေး မေး၏။
“အဖိုးအသက် ဘယ်၍ရှိပြီ မပြောနိုင်ဘူး။ အဖိုးကြီးဖြစ်ပြီးတော့ ခါးကုန်းကုန်းနဲ့ တနှစ်ပြီးတနှစ် အသက်ရှင်နေတာတော့ ငါ့မြေးရဲ့ ဘိုး, ဘွား, ဘီ, ဘင် လက်ထက်ကပါဘဲ။”
“ဒါဖြင့် ဘယ်တော့မှ အဖိုး မသေတော့ဘူးလား…?” မောင်ပန်းမွေး မေး၏။
“တနေ့နေ့တော့ သေရပါလိမ့်မယ် အောက်မေ့တာဘဲ။ ကလေးတွေက ပွဲကြည့်ဖိတ်သမျှ ကာလပတ်လုံးတော့ အဖိုးမသေရသေးဘူးဘဲ။”
“ဒါဖြင့် အဖိုးက သေ……”
မေးခွန်းမဆုံးမီ ရွှေစွန်ညို ရောက်လာ၍ မထွေးမှာ ရုတ်တရက် ကစားပွဲမှတ်ကာ, ထိတ်ကနဲ ဖြစ်သွားပြီး ထပြေးမည် ပြုပြီးမှ၊ ကစားပွဲ မဟုတ်ကြောင်း, စည်းဝေးပွဲဖြစ်၍ 'ဘွာ' ခတ်ထားသည်နှင့် မခြား တဦးကိုတဦး ဖမ်းခြင်း, ချုပ်ချယ်ခြင်း မပြုနိုင်သည်ကို သတိရ၏။ ဆက်၍မေးမည် ပြုရာ မိတ္ထိလာ ထပြန်သဖြင့် ငြိမ်နေလိုက်ရ၏။
“အဖိုးကြီးအိုရဲ့ အကြောင်း ပြချက်တာ လုံလောက်တယ် သဘောရပြီးတော့, ဦးပန်းနွယ်ထံ အသနားခံစာ သွင်းဘို့ သဘောတူတာဖြင့် ထုံးစံအတိုင်း `သဘောတူတယ်' ဆို၍ မတူတာဖြင့် `မတူဘူး' ဟု ဆိုကြပါ။”
ထိုအခါ `သဘာတူတယ်' ဟူသော တခဲနက်အသံသည် ဦးပန်းနွယ်၏ နားကွဲမတတ် ထွက်လာသဖြင့် သူလန့်နိုး၏။ အမှန်မှာ သူသည့် ကြောင်ဘားကို ဖြုတ်ပစ်ပြီးနောက် ဖြုတ်သင့်, မဖြုတ်သင့် ထပ်မံစဉ်းစားရင်း အားလပ်ချိန်တွင် တရေးတမော အိပ်နေခိုက်ဖြစ်၏။ တခဲနက်သော အသံကား ကျောင်းသားတို့သည် အမျိုးသားနေ့တွင် လှည့်လည်ရန် သဘောထူသည်ဟု ဆုံးဖြတ်သောအသံဖြစ်၏။
များမကြာမီ ဦးပန်းနွယ် ရန်ကုန်သို့ အလည်အပတ် ရောက်သောအခါ မင်းသုဝဏ်က လဖက်ရည်သောက်ဖိတ်၍ စာရေးဆရာတစုနှင့် တွေ့ရ၏။
နုယဉ်- “ဆရာရိုက်နှိပ်မဲ့ နမူနာလင်္ကာ စာအုပ်မှာ `ကြောင်ဘား' ဖြုတ်ထားတာ ကျွန်မ သဘောတူတယ်။”
ဦးပန်းနွယ်မှာ အိပ်မက်တွင် အဖိုးကြီးအို ပြောသော “တနေ့နေ့တော့ အဖိုး သေရလိမ့်မယ် အောက်မေ့တယ်, ကလေးတွေက ပွဲကြည့်ဖိတ်သမျှ ကာလပတ်လုံးတော့ မသေရသေးဘူးဘဲ” ဆိုသော စကားကို မြင်ယောင်ကြားယောင် ရှိ၏။ “ကြောင်ဘားမှာလည်း ကလေးနှင့် သားသယ်အမေတို့ သီဆိုသမျှ သေမည်မဟုတ်၊ မဆိုက သေတော့မည် မုချ။ ငါဖြုတ်ခဲ့တာနဲ့ မဆိုဘဲနေကြရင် ကမ္ဘာက သားချော့ကဗျာကလေး တပုဒ်ဟာ ကွယ်ပျောက်ချေတော့မယ်” ဟု စိုးရိမ်သော မျက်နှာနှင့် နုယဉ်ကို ကြည့်၏။
နုယဉ်လည်း သူကအားပါးတရ ပြောသည်ကို ဦးပန်းနွယ် သဘောကျ၍ ပြုံးဘို့သာရှိသည် အထင်ရ၍ ဦးပန်းနွယ်အား မေး၏။
“ကျွန်မပြောတာ မကြားလို့လားဆရာ၊ ရည်းစားဆီက စာမရတဲ့မျက်နှာနဲ့ ကျွန်မကို ကြည့်နေတာက”
“ပြန်ထည့်မယ် အောက်မေ့လို့”
“ဘာပြုလို့ ပြန်ထည့်ရမှာလဲ ဆရာ့ရယ်၊ ကလေးတွေကို ချောက်တဲ့သီချင်းကို အာဇာနည်မွေးတဲ့ ခေတ်မှာ ဖြုတ်ပစ် သင့်ပါပြီ”
“လေအေးအေးနဲ့ သီဆိုကြတာမို့ ကလေးများ မကြောက်တန်ဘူးလို့ စိတ်ကူးရလို့ ပါ ..။ (နွယ်စိုးသို့ ကြည့်၍) ခင်ဗျား ဘယ့်နှယ်သဘောရပါသလဲ…"။
နွယ်စိုးလည်း ယုန်ပညာရှိ နှာစေးဟန်ဖြင့် အမေးကို မဖြေဘဲ ဦးပန်းနွယ်ကတော်အား လှည့်မေး၏။
“သားချော့ကဗျာများမှာ- အဆီကိုစားပါလို့ အသားကိုမျို, ကိုအေးလဲရာ ခေါင်းကွဲရှာ, ဆိုတာတွေဟာ ကလေးများ ကြောက်စေသလား မကြောက်စေဘူးလား အမေးထွက်နေတယ်။ ခင်ဗျား ဘယ်လိုသဘောရပါသလဲ…။”
“ကျွန်မတော့ ကြောက်စေတယ် မထင်ပါဘူး။ သည်လိုသာဆိုရင် အင်္ဂလိပ်မှာ-
ဟန်မတီ ဒမ် မတီ, တံတိုင်းထက် ထိုင်သည်။
ဟန်မတီ ဒမ် မတီ, တံတိုင်းမှ ကျသည်။
ဘုရင့် ဆင် မြင်း ကျွဲ နွား၊ လူအမှုထမ်းများ သူ့ကိုပြန်ဆက်၍ မရချေတကား…!
ဆိုတဲ့ သီချင်းကြောင့် ကလေးတွေ အမြင့်ကို တက်ဝံ့ဘို့ မရှိတော့ဘူး။”
နုယဉ်သည့် မိန်းမချင်းကပင် ကူဘော်မရ၍ သူ့မောင် မင်းသုဝဏ်အား မေး၏။
“အစ်ကိုကော ဘယ်လိုသဘော ရပါသလဲ…?”
“ဟယ် ငါလည်း ကြောက်မယ် မထင်ပါဘူး။ တို့တတွေဟာ ကြောင်ဘားနဲ့ ကြီးလာကြတာဘဲ မဟုတ်လား၊ ရှေးကဗျာတပုဒ်ကို သတ်မပစ်ချင် စမ်းပါနဲ့ကွယ်။”
နုယဉ်မှာ သူရှုံးတော့မည်ကို သိ၍ မနုနိုင်, မယဉ်နိုင်တော့ဘဲ နှုတ်ခမ်းစူကြီးနဲ့ နေရာမှ ဆိုပြန်၏။
“သီချင်းဆိုရုံနဲ့ မကြောက်ပေမဲ့ အမေတွေက `ကြောင်ကြီးလာပြီ အိပ်ပါတော့လား' ဆိုပြီး အသံကြီး အသံကျယ်နဲ့ ချောက်ပါသေးတယ်။”
နွယ်စိုးလည်း နုယဉ်နှင့် ဦးပန်းနွယ် အကြားတွင် စေ့စပ်လို၍လား ရန်တိုက်ပေးလို၍လား မသိရသော လေဖြင့် ဆို၏။
“ကိုပန်းနွယ်က အလျှော့ပေးရော့ပေါ့ဗျာ။ မိန်းကလေးကို လျှော့ပေးတာ ယောက်ျားကောင်းတို့ရဲ့ စရိုက် မဟုတ်လားဗျာ…”
နုယဉ် မခံချင်၍ ဆို၏။
“အောင်မာ, အလကား လျှော့ပေးဘို့ မလိုပါဘူး၊ အကျိုးသင့် အကြောင်းသင့် ရှိရင်သာ။”
ဦးပန်းနွယ်မှာ နုယဉ်နှင့်လည်း အတိုက်အခံ မရှိလို, အဖိုးကြီး ပြောသည်ကိုလည်း မြင်ယောင် ကြားယောင် ရှိ၏။
ထိုအခိုက် မင်းသုဝဏ်လည်း ပုတ္တောဝါဒကို အားကျ၍ နှမကို ဆုံးမ တောင်းပန်သည်မှာ-
“ကိုင်းကွာ ကြောင်ဘား ဖြုတ်တာတော့ တို့ဘယ်သူမျှ သဘောမတူဘူး။ အမေတွေကို `သီချင်း ဆိုရုံဆိုပါ, ကြောင်နဲ့ မချောက်ပါနဲ့' ဆိုတဲ့ အစီရင်ခံ ဆောင်းပါးစာကို ငါ့နှမဂျမ်းပုံက ရေးရန်ဖြင့် တောင်းပန်လိုတယ်… (မိတ်ဆွေ များသို့…) ကျွန်တော် ပြောတာ သဘောတူ ကြပါသလား…?”
“တူပါတယ်” ဟူသာ တခဲနက်အသံကြီးနှင့် တကွ “ဂျမ်းပုံ” ဟု ခေါ်ရင်း ရယ်ကြသည်ကို မ,နုယဉ်တော့ သူလည်း မရယ်ဘဲ မနေနိုင်, ရယ်ရှာ၏။ ထိုအခါပြန်၍ နု ယဉ် လာ၏။
ဝန်ထုပ်ကြီး ကျသွားပြီဖြစ်၍ ဝမ်းသာအားရနှင့် ဦးပန်းနွယ် ဆို၏။
“ကျေးဇူးတင်သဗျာ, ခင်ဗျားကို…။ ကဲ, မိုးချုပ်ပြီမို့ ပြန်ခွင့်ပေးပါအုံးနော်, မနုယဉ်။ မပြန်ခင် ကံကြီး၍ အသတ်မခံရသော ကြောင်ဘားသီချင်းကို ပြိုင်တူဆိုကြစို့လား…?။”
ကြောင်ဘားရဲ့ မြီးတံတို။
အဆီကို စားပါလို့
အသားကို မျို။
ကြောင်အို ပေမှေး
ကိုက်ပါနဲ့လေး။ ။
ဆိုပြီးသည်နှင့် ကြောင်တကောင်၏ ညောင်ညောင်သံကို ကြားရ၏။ (မောင်ဖြူး)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment