ရှေးသရောအခါ ဘုရင်တပါးသည် အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် အတွက် ကြီးကျယ်ခမ်းနားသော စားပွဲသဘင် ကျင်းပလို၍ ပြည်ထောင်ဘက်ချင်း မင်းအများကို ဖိတ်ကြား၏။
စားပွဲသဘင်တွင် တည်ခင်းကျွေးမွေးရန် ဟင်းအမျိုးမျိုးကို စီမံခန့်ခွဲ၏။ ဟင်းလျာ အမျိုးမျိုး ရရှိသော်လည်း ထိုနေ့တွင် မိုးသက်လေပြင်း ကျရောက်သော ကြောင့် တံငါသည်များ ငါးမရနိုင်၍ ငါးဟင်းတမည် လိုနေ၏။
ငါးဟင်းလိုသဖြင့် စိတ်မသာမယာ ရှိနေစဉ် ခပ်လှမ်းလှမ်းမှ ငါးကို ထမ်း၍ ဝင်လာသော တံငါသည် တယောက်ကို ဘုရင်သည် မြင်တော်မူ၏။ ဘုရင်လည်း ဝမ်းမြောက်တော်မူသဖြင့် မင်းချင်းတယောက်ကို စေ၍ တံငါသည်ကို ရှေ့တော်သို့ အမြန်ဝင်စေ၏။ ရှေ့တော်၌ တံငါသည် ခစားမိသောအခါ ဘုရင်က အချင်းတံငါသည်၊ တော်ပေစွ၊ ငါ၏ စားတော်ပွဲ၌ အမဲမျိုးစုံပါလျက် ငါးဟင်းလျာ တမည် လိုနေသည်။ ငါ့အလိုကို ဖြည့်သော သင်သည် ငါးဖိုးကို လိုသလောက် တောင်းလော့ဟု မိန့်တော်မူ၏။
တံငါသည်လည်း အရှင်မင်းကြီး၊ ကျွန်တော်မျိုးသည် ဤငါးဖိုးအဖြစ် ရွှေငွေ ဥစ္စာ ကျေးရွာတို့ကို မလိုပါ။ ကျွန်တော်မျိုး ကျောပြင်ဝယ် အချက်ငါးဆယ်သော ကြိမ်ဒဏ်သာ ပေးတော်မူပါဟု ရဲဝံ့စွာ လျှောက်ထား၏။ ဘုရင်လည်း အချင်းတံငါသည်၊ ပြက်၍ တင်လျှောက်ဦးလေော့ဟု မိန့်တော်မူ၏။ တံငါသည်လည်း ရှေးနည်းတူ သုံးကြိမ်စေ့အောင် တင်လျှောက်သဖြင့် ဘုရင်သည် များစွာ အံ့ဩလျက် တံငါသည်အား ကြိမ်ဒဏ် အချက်ငါးဆယ်ကို ညင်သာစွာ ရိုက်၍ ငါးဖိုးပေးစေဟု အမိန့်ချတော်မူ၏။
မင်းချင်းတို့လည်း မကြံစဖူး ဤလူထူးကို ရူးသည်ဟု ဆိုရမည်လည်း အခက်၊ ငါးဖိုးအတွက် အချက်ငါးဆယ်သော ကြိမ်ဒဏ်ကို တောင်းသဖြင့် လူကောင်းဟုလည်းမဆိုသာဟု အချင်းချင်း ပြောဆိုရယ်မောကြလျက် တံငါသည်ကိုညင်သာစွာ ရိုက်ကြလေ၏။ နှစ်ဆယ့်ငါးချက်စေ့သောအခါ တံငါသည်က ရပ်ပါဦး၊ ရပ်ပါဦး ကျွန်တော့်၌ ကုန်ဘက်တယောက်ရှိပါသေးသည်။ ငါးဖိုး၏ထက်ဝက်ကို ကျွန်တော့်၏ကုန်ဘက်လည်း ဆိုင်သောကြောင့် ကြွင်းသော အချက်အစိတ်ကို ထိုသူအား ပေးပါလော့ဟု ဆို၏။ ထိုစကားကို ကြားလျှင် မင်းချင်းတို့လည်း မဘွယ်မရာ ဤကမ္ဘာ၌ သင်ကဲ့သို့မိုက်သောသူကား တယောက်သာ ရှိပေလိမ့်မည်ဟု ငါတို့ ထင်မှတ်မိသည်။ သင့်မှာမူကား အဖော်ကုန်ဘက်ပင် ရှိချေသေး၏ တကားဟု အံ့ဩရယ်မောကြလျက် ထိုအကြောင်းကို မင်းကြီးအား တင်လျှောက်ကြလေ၏။
မင်းကြီးလည်း အချင်းတံငါသည် သင့်မှာ ကုန်ဘက်ပင် ရှိချေသေးသည် တကား၊ သင်၏ကုန်ဘက်ကား အဘယ်သူနည်း၊ ဘယ်ကဲ့သို့ ဖက်စပ်ခဲ့ကြသနည်း၊ မခြွင်းမချန် ငါ့အား တင်လျှောက်လော့ဟု မိန့်ဆို၏။ ထိုအခါ တံငါသည်က အရှင်မင်းကြီး၊ အရှင်မင်းကြီး၏ စားတော်ပွဲ၌ အမဲမျိုးစုံပါလျက် ငါးတမည်လိုနေသဖြင့် ထိုငါးကို ကိုယ်တိုင် ဝင်ရောက် ဆက်သလိုသောကြောင့် တံခါးမှူးထံ အကြိမ်ကြိမ် အခွင့်တောင်းရာ တံခါးမှူးက ကျွန်တော်မျိုးသည် ငါးဖိုးအတွက် ဆုလပ်များစွာ ရမည်ဖြစ်၍ ငါးဖိုး၏ ထက်ဝက်ကို သူအားပေးမည်ဟု ကတိထားမှ ခွင့်ပြုမည်ဆို၍ ကျွန်တော်မျိုး ကတိထားခဲ့ပါသည်။ ထို့ကြောင့် အရှင်မင်းကြီး၏ တံခါးမှူးဖြစ်
သော ကျွန်တော်မျိုး၏ ကုန်ဘက်အား ကြွင်းသော ကြိမ်ဒဏ်အစိတ်ကို အမှန် ဝေငှ ပေးသနားတော်မူပါဟု တင်လျှောက်လေ၏။
ထိုသို့ တံငါသည်က အကြောင်းအရာ အလုံးစုံကို အကုန်အစင် တင်လျှောက် သောအခါမှ တံငါသည်၏ အကြံဉာဏ် စိတ်ကူးကို မင်း မှူးမတ် ပရိသတ်တို့ သိကြ သဖြင့် တံငါသည်ကို များစွာ အံ့ဩချီးမွမ်းကြလေ၏။ ဘုရင်မင်းမြတ်လည်း တံခါးမှူးကို ခေါ်စေ၍ ရောက်လျှင် စစ်ဆေး မေးမြန်းရာ တံခါးမှူးလည်း မငြင်းမကွယ် သာ၍ တံငါသည် အကြံကောင်းနှင့် ပေါင်းဖက်မိကြောင်းကို တင်လျှောက်ရလေ ၏။ ထိုအခါ မင်းကြီးက အချင်းတို့၊ တံငါသည် လူထူး၏ ကုန်ဘက် ငါ၏တံခါးမှူးအား ငါးဖိုး၏ ထက်ဝက်ဖြစ်သော ပြင်းထန်သည့် ကြိမ်ဒဏ် အချက်အစိတ်ကို ပေး ကြပြီးနောက် ရာထူးမှ ချလေဟု အမိန့်တော်မှတ်၏။ ဤတံငါသည်ကား ငါ၏ တံခါးမှူး လာဘ်စားသည်ကို ရွှေနားတော် ပေါက်ကြားအောင် ဉာဏ်သွား စိတ်ကူး နှင့် ကြံဖန်လျက် ရဲဝံ့စွာ တင်လျှောက်ဝံ့ ပေသည်။ မင်းမှုထမ်းစေရသော် ကောင်း၏ဟု ကြံ၍ တံငါသည်ကို ထိုသူ၏ နေရာ၌ တံခါးမှူး ခန့်တော်မူလေ၏။
မှတ်ရန်
ဒီစာက တတိယတန်း မြန်မာဖတ်စာ စာအုပ်ထဲက ဖြစ်ပါတယ်။
စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။
တနေ့က တယောက်မေးပါတယ်။ တစ်တိယတန်း တဲ့။
တတိယတန်းအထိ ပညာမသင်ခဲ့ရသူလားလို့ ထင်ရမှာ အားနာစရာကောင်းလွန်းလှတယ်။
မြန်မာစာလုံးပေါင်းသတ်ပုံတွေကို မှားနေလို့မဟုတ်ဘဲ နိုင်ငံရေးပေါ်လစီအရ တ စာလုံး ၇၀% လောက်ကို စသတ်ခိုင်းထားတာ (၂၀၂၆ - ၁၉၈၆ = ၄၀) ကြာပြီ။
ယနေ့ဆိုရင် ပါမောက္ခအဆင့်ရှိသူတွေလည်း မြန်မာစာ မူရင်းစံကိုက်စာလုံးပေါင်းမှန်တွေကို မသိလောက်ကြတော့ပါ။
ခိုင်းတဲ့အမိန့်တော်က တဝမ်းပူ ၇၀%၊ လက်တွေ့ဖြစ်လာတာက တဝမ်းပူ ၁၀၂%။
ဘယ်လိုမှ တွေးထင်လို့မရလောက်တဲ့စာလုံးတွေကို စသတ်ထားတဲ့ သက်သေခံတွေ တင်ပြပေါင်းများပြီ။
တစ်တိယတန်းကတော့ နောက်ဆုံးပေါ်။
သူလည်း ပါမောက္ခအဆင့်နီးလောက်ပြီတင်ရဲ့။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment