ကွန်မင့်တခု
မလိမ့် မှား။
မလှိမ့် မှန်။
လိမ့် နဲ့ လှိမ့် မတူပါ။ မလိမ့်မပတ် မှန်ပါသည်။
မလိမ့်မပတ် — န / မလိန့်မပတ် / တတ်သိလိမ္မာမှု မပြည့်ဝသေးသော အရွယ်။
မလိမ်မပတ် — ကြိဝိ / မလိန့်ပတ် / မသိမသာလှည့်ဖြားလျက်။ လှည့်စားမှန်း မသိအောင် လှည့်စားလိမ်လည်လျက်။
မလုံမလဲ — ကြိဝိ / မလုန်မလဲ / ၁။ ကိုယ်ခန္ဓာကို အဝတ်အထည် ပြည့်ဝလုံခြုံစွာ မဖုံးအုပ်ဘဲ။ မဖုံးမအုပ်မိဘဲ။ ၂။ [ဥပစာ] မိမိသိက္ခာကို စိတ်မချနိုင်ဖြစ်လျက်။ ကိုယ့်လိပ်ပြာကို ကိုယ်လန့်လျက်။
မလွဲတမ်း — ကြိဝိ / မလွဲဒန်း / သေချာ ထိရောက်စွာ။ မပျက်မကွက်။
မလွယ်ပေါက် — န / မလွယ်ဗောက် / ၁။ လျင်မြန် သက်သာစွာ ဝင်ထွက်နိုင်သော၊ တံခါးမကြီးနှင့် ယှဉ်၍ ဖောက်ထားသည့် အပို တံခါးပေါက်ငယ်။ ၂။ အရေးအကြောင်းရှိက လျင်မြန်စွာ ဝင်ထွက်ရန်အတွက် အခြားသူများ မသိအောင် လျှို့ဝှက်စွာ ဖောက်ထားသော အပေါက်ငယ်။ ၃။ မြို့၊ ရိုး စသည်၌ (ဆင်မြင်းဗိုလ်ပါတို့ ဝင်ထွက်ရန် မလွယ်ပဲ) တယောက်ချင်းသာ ကွေ့ပတ်လှည့်ထွက်ရသော အစဉ် ကန့်လန့်နံရံ တံတိုင်းကာထားသည့် အပေါက်ငယ်။
လိမ့်¹ — ကြိ / လိန့် / ၁။ ဘောလုံး၊ သစ်သီး၊ ကျောက်တုံး စသည့် လုံးပတ်ရှိသောအရာဝတ္ထုတို့ မျက်နှာပြင်ပေါ်၌ လူးလည်ရွေ့လျားသည်။ ၂။ [ဥပစာ] ဆောက်တည်ရာမရ ဖြစ်သည်။ ဘဝ မတည်မတံ့ရှိသည်။ "ဤသူငယ်မှာ သုံးလေးနှစ် လိမ့်နေခဲ့ပြီးမှ အလုပ်အတည်တကျရသည်။" ၃။ လိမ့်လဲ — ကြိ၊ နှင့် အတူတူ။ "သူမြင်းပွဲမှာ လိမ့်သွားသည်။"
လိမ့်² — ပစ္စည်း / လိန့် / လာမည့်ကာလ၌ တစုံတရာ ဖြစ်ဖွယ်ရှိကြောင်း ညွှန်းပြရန် ကြိယာ၌ ဖြည့်စပ်သော အနာဂတ်ကာလ ညွှန်းစကားလုံး။ (လိမ့်အံ့၊ လိမ့်မည်ဟူ၍ "အံ့၊ မည်" တို့နှင့် တွဲစပ်မြဲဖြစ်သော်လည်း "လာလိမ့်ထင်ပါ" စသည်ဖြင့် အဖြည့် ကြိယာတို့၌ "အံ့၊ မည်" စသည်ကို မြှုပ်၍သုံးနိုင်သည်။)
လိမ့်မည် — ပစ္စည်း / လိန့်မျီ / လိမ့်² — ပစ္စည်းနှင့် အတူတူ။
လိမ့်လဲ — ကြိ / လိန့်လဲ / အကျိုးစီးပွား ကြီးစွာ ပျက်ပြားသည်။ "တကယ်လို့များ သူ့လင်မြို့စားကြီးများ လိမ့်လဲ သွားလျှင်။" မြဝတီ၊ ၁၊ ၃၊ ၂၇၀။ (လိမ့်လည်း ဟုလည်းရေးသည်။)
လှိမ့်
လှိမ့်¹ — ကြိ / လှိန့် / ၁။ အပြင်တခုပေါ်၌ လှိမ့်အောင် ပြုသည်။ လှိမ့်စေသည်။ ၂။ လုံးဝန်းသောအရာ၊ လုံးလျားသောအရာတို့ဖြင့် ရှေ့တိုးနောက်ငင်ပြုကာ ဖိ၍ခြေသည်။ ဖိ၍ဖြန့်သည်။ "ခင်းပြီးလမ်းကို လမ်းကြိတ်စက်နှင့် လှိမ့်သည်။" "မုန့်ညက်ကို ဒလိမ့်ဖြင့် လှိမ့်သည်။"
လှိမ့်² — ကြိ / လှိန့် / [ ဥပစာ ] လိမ်လည်လှည့်ပတ်သည်။ "ကြိုက်လုံးကလေးများ ပေး၍ မလိမ့်တပတ်နှင့် လှိမ့်သွားရာတွင်။" ဗျူဟာ။ ၂၁။
လှိမ့်လုံး — န / လှိန့်လုံး / လိမ်လည်လှည့်ပတ် ပြောဆိုချက်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment