ဂဏန်းခြေ။ ။ အရေအတွက်တခုကို အချင်းချင်းသိနားလည်အောင် အမှတ်အသားတခုဖြင့် ရေးပြရာ၌ ၁ မှ ၉ အထိနှင့် ၀ အမှတ်အသားတို့ကို နေရာအလိုက် တန်ဖိုးထား ပေးသောစနစ်အရ ကမ္ဘာအနှံ့အပြား၌ ယခုရေးပြနေကြသည်။ သုံးဆယ်ခြောက်အုပ်ရှိသော စာအုပ်ပုံတပုံမှ စာအုပ်အရေအတွက်ကို ၃ နှင့် ၆ အမှတ်အသားနှစ်ခုတည်း ဖြင့် ၃၆ ဟုရေးပြကြသည်။ အထက်ပါအမှတ်အသား ဆယ်ခုတို့အနက် သက်ဆိုင်ရာတို့ကို ၄၅၁ ကဲ့သို့ တတန်းတည်း၌ စဉ်၍ ရေးထားခြင်းကို အရေအတွက် ပြကိန်းတခုဟုခေါ်သည်။ ထိုကိန်းတွင်ပါရှိသည့် ၄၊ ၅၊ ၁ အမှတ်အသား များကို ကိန်း၏ဂဏန်းခြေများဟု ခေါ်သည်။ • ထိုတို့ဖြင့် လည်း ၄ ဂဏန်း၊ ၅ ဂဏန်း၊ ခုဂဏန်း၊ ဆယ်ဂဏန်းဟူ၍ ဂဏန်းခြေအစား ဂဏန်းဆိုသော ဝေါဟာရကို သုံးနေကြသည်။ အထက်ပါဂဏန်းဆယ်လုံးနှင့် ယင်းတို့အတွက် ဝေါဟာရများနှင့်တကွ ခု၊ ဆယ်၊ ရာ အစရှိသော နောက် ထပ်ဝေါဟာရအနည်းငယ်မျှဖြင့် မည်မျှပင်များပြားသော အရေအတွက်တခုကိုမဆို ဖော်ပြနိုင်၍ မည်မျှပင်ကြီးသော ကိန်းတခုကိုမဆို ရေးပြနိုင်အောင် တီထွင်ထားသည့် ဤကိန်းရေးကိန်းဖတ်နည်းသည် တဆယ်စီရေတွက်သောစနစ် ကိုမှီးလျက် ဟိန္ဒူသင်္ချာပညာရှင်များက တီထွင်ထားခဲ့သည့် အလွန်ရှေးကျသော နည်းဖြစ်သည်။ သို့သော် အနောက် နိုင်ငံများသို့ အာရပ်လူမျိုးများမှ တဆင့် ရောက်ရှိသွား သည် ဖြစ်သောကြောင့် အသုံးပြုသော ဂဏန်းခြေများကို အာရေဗျဂဏန်းခြေများဟု ခေါ်နေကြသည်။ ဤကိန်းရေး နည်းစနစ်ကို ကမ္ဘာအနှံ့အပြား၌ မလိုက်နာမီက အချို့လူ မျိုးများ၏ရေတွက်ပုံ ရေတွက်နည်းနှင့်တကွ အရေအတွက် ပြကိန်းရေးနည်းများသည် စိတ်ဝင်စားဖွယ်ရာ ဖြစ်သဖြင့် ယင်းတို့ကို အောက်၌ အကျဉ်းမျှဖော်ပြထားသည်။
ဝတ္ထုပစ္စည်းတမျိုးကိုမည်မျှနည်းသည်များသလဲဟု တိတိ ကျကျ ပြောနိုင်ရန် အရေအတွက်ဝေါဟာရများကို တီထွင်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာရှိလေပြီ။ စကား ကောင်းစွာ မတတ်သေးသော ကလေးသူငယ် တယောက်သည် မိမိမှာ ကစားစရာအရုပ် မည်မျှရှိသည်ကို လက်ချောင်း ကလေးများဖြင့် မှန်ကန်စွာထောင်ပြနိုင်သော်လည်း သုံးခု၊ လေးခု၊ စသော အခေါ် အဝေါ်များကို မတတ်သေးသဖြင့် ပြောမပြနိုင်သေးချေ။ ယင်းအခြေအနေကဲ့သို့ပင် ရှေးနှစ် ပေါင်းများစွာက လူများသည် ဝတ္ထုပစ္စည်းအရေအတွက်ကို သိရှိရန် လက်ချိုး၍ ရေတွက်ခြင်း၊ မည်ရွေ့မည်မျှရှိသည်ဟု လက်ချောင်းကိုထောင်ပြခြင်းဖြင့်သာ မိမိတို့၏ကိစ္စပြီးစီး အောင် ဆောင်ရွက်နိုင်ခဲ့ကြပုံရသည်ဟု သင်္ချာသမိုင်းပညာရှင်များက ယူဆကြသည်။ အသံရံကတ်ရှိ တိုင်းရင်းသား လူမျိုးအနည်းငယ်တို့သည် ယနေ့တိုင် ဤကဲ့သို့ရေတွက်နေကြဆဲပင် ဖြစ်သည်။ ဝတ္ထုပစ္စည်း အရေအတွက်များကို ရေ တွက်ဖော်ပြရန် လိုအပ်လာသောကာလသို့ ရောက်ရှိလာ သည့်အခါ ရေတွက်နည်းနှင့်တကွ အရေအတွက်အခေါ် အဝေါ်ဖြစ်သောဝေါဟာရများကို အကြောင်းအားလျော်စွာ တီထွင်လာကြသည်။ လူတို့၏ ခန္ဓာကိုယ်တွင် လက်နှစ် ဖက်၊ ခြေနှစ်ချောင်း စသည်ဖြင့် အစုံအစုံရှိသည်ကို အမှတ် ပြုလျက် နှစ်ခုယူစီ ရေတွက်ခဲ့ကြသူများရှိသည်။ သြစ တြေးလီးယားတိုက်၊ တောင်အမေရိကတိုက်နှင့် အာဖရိက တိုက်များရှိ တိုင်းရင်းသား လူမျိုးအချို့တို့သည် နှစ်ခုကို မူတည်ပြီးလျှင် ရေတွက်နေကြဆဲဖြစ်သည်။ စုံစမဝှက်၊ ဇယ်ခုတ်၊ ဇယ်တောက်တမ်းကစားကြသော မြန်မာကလေး သူငယ်များသည်လည်း အလျော်အစားပြုလုပ်ရာ၌ ဇနက်ကို နှစ်ခုယူစီရေတွက်၍ တပြူး၊၊ တလံ စသည်ဖြင့် ခေါ်လျက် ငါးပြူးပြည့်သည်အထိ ရေတွက်ကြသည်။ လက်တဖက်၌ လက်ငါးချောင်း ရှိသည်ကို အမှတ်ပြု၍ ငါးခုစီရေတွက်ကြ သည်လည်း ရှိသည်။ လက်နှစ်ဖက်၌ လက်ဆယ်ချောင်း ရှိသည်ကိုအမှတ်ပြု၍ ဆယ်ခုစီ ရေတွက်ကြသည်လည်းရှိသည်။ မြန်မာတို့၌ တကျိပ်ဟူသော ဝေါဟာရရှိသည်မှာ ဆယ်ခုစီရေတွက်သည့် သဘောအတိုင်းပင်ဖြစ်သည်။ လက်ခြေအချောင်းနှစ်ဆယ်ရှိသဖြင့် စကိုးခေါ် နှစ်ဆယ်စီရေတွက်ကြသည်ကိုလည်း အင်္ဂလိပ်ဝေါဟာရ၌ တွေ့နိုင်သည်။ နှစ်ပိုင်း၊ သုံးပိုင်း၊ လေးပိုင်း၊ ခြောက်ပိုင်း စသောအပိုင်းညီများနှင့် အရေအတွက်ပုံတူများ ပြုလုပ်ရန် လွယ်ကူသည် ဖြစ်သောကြောင့် ဒါဇင်လိုက် ဆယ့်နှစ်ခုစီ ရေတွက်ကြသည်လည်း ရှိလေသည်။
ဆယ်ခုစီရေတွက်ခြင်းသည် ယခုကမ္ဘာအရပ်ရပ်၌အသုံးပြု နေသည့် ဆယ်လီစနစ်ရေတွက်နည်း ဖြစ်သည်။ လက်ဆယ် ချောင်းချိုးကာ ရေတွက်မကုန်နိုင်သေး၍ ဆက်လက်ရေ တွက်ရန်လည်း လက်မအားဖြစ်နေသောအခါ ဆယ်ချောင်း အားလုံးကုန်အောင် တခါချိုးရပြီးကြောင်းကို ပြသည့် အနေဖြင့် အနီးရှိသူတဦးက လက်တချောင်းချိုးကာ မှတ်ထားရသည်။ ဤကဲ့သို့ မှတ်ထားပေးရန် ဒုတိယလူ တယောက်ကိုမရနိုင်ပြန်သောအခါ ဆယ်ပြည့်အရေအတွက် များကို ခဲလုံးကလေးများချ၍၎င်း၊ နီးရာဝတ္ထုတခုပေါ်မှာ အခြစ်အမှတ်ငယ်များပြု၍၎င်း၊ တမျိုးမျိုးဖြင့်မှတ်သားကြသည်။ ဆယ်ပြည့်အမှတ်ကလေးများကို ရေတွက်သည့် အခါ၌လည်း ဤစနစ်အတိုင်းလိုက်သွားပြီးလျှင် ဆယ်ဆယ်လီအတွက် အမှတ်အသားတမျိုး ထွင်ရပြန်သည်။
ထို့နောက် ဆယ်ခုပြည့်သော အမှတ်အသားမျိုးနှင့် ဆယ် ဆယ်လီပြည့်သော အမှတ်အသားမျိုးများကို တခုနှင့်တခု မရောစေဘဲ တသန့်စီရှိစေရန် အလိုက်သင့်ရာနှင့် နေရာထားပေးရသည်။ ထိုသည်မှအစပြု၍ ပုတီးကဲ့သို့သော အလုံး ကလေးများကိုထွင်းဖောက်ကာ စီ၍ထောင်ထားသော တုတ်ချောင်း၊ သံချောင်းသေးသေးများတွင် စွပ်ပေးရသည့် ပေသီးခုံဖြင့် ရေတွက်သည့် ဆယ်အလိုက် ရေတွက်သွားသော ယခုစနစ်ကို လိုက်နာခဲ့ကြခြင်း ဖြစ်သည်။
တမျိုးမျိုးဖြင့် ရေတွက်၍ရရှိသော အရေအတွက်တခုကို အခြားအရေအတွက်တခုမှ ခွဲခြားသိရှိရအောင် အမည်မှည့်ရန် လိုအပ်လာသောအခါ မိမိတို့၏ ဘာသာစကားအလိုက် တခုမှဆယ်ခုအထိ ဝေါဟာရများကို သုံးလာကြသည်။ ဆယ်ခုပြည့်တိုင်း ပြည့်တိုင်းလည်း ဆယ်ခုတွဲတတွဲလုပ်ထားသည်ဟုအမှတ်ပြုလျက် တဆယ်၊ နှစ်ဆယ်သည်ဖြင့် ဆယ်လိုက်ခေါ်သွားကြသည်။ ဆယ်ခုပုံစံပုံနှင့် ဆယ်ခုမပြည့် သဖြင့် ဆယ်ခုပုံမလုပ်နိုင်၍ ပိုနေသောဝတ္ထုအလွတ် သုံးခုကို နှစ်ဆယ်သုံးခုဟု ရှိရင်းဝေါဟာရဆယ်လုံးကိုပင် သင့်လျော် အောင်တွဲလျက် သုံးသွားသဖြင့် အရေအတွက် တခုလျှင် ဝေါဟာရသစ်တလုံးစီ တီထွင်ထားရန် မလိုအောင် စီမံနိုင်ခဲ့ သည်မှာ ကျေးဇူးများပါပေသည်။ အရေအတွက်တခုကို ဝေါဟာရသစ်တလုံးစီဖြင့်သာ မှတ်သားနေရပါလျှင် တရာအထိရှိသော အရေအတွက်များကို မှတ်သားရန်ပင် အခက်အခဲများစွာရှိချေမည်။ ဤရေတွက်နည်းစနစ်တွင် ဆယ်ခု တဆယ်၊ ဆယ်ဆယ် တရာ၊ ဆယ်ရာ တထောင် စသည်ဖြင့် ဆယ်လိုက်တိုးလျက် အဆင့်ဆင့်တက်သွားရာ ထောင်ပြီး သည့်နောက် သောင်း၊ သိန်း၊ သန်း၊ ကုဋေတို့ဖြစ်လာကြ သည်။ အချို့နိုင်ငံများ၌ သန်းကျော်ခဲ့လျှင် သန်းပေါင်း မည်မျှရှိသည်ဟူ၍ သန်းဖြင့်ဖော်ပြကြသည်။ ကျွန်ုပ်တို့နိုင်ငံ တွင် ကုဋေအောက် ရေတွက်ကြသည့်ပြင် ကုဋေကျော်ခဲ့လျှင် ကုဋေလေးဆယ်၊ ကုဋေတရာဟု ကုဋေဖြင့် ဖော်ပြကြ သည်။ များသောအားဖြင့် သိန်းဖြင့်လည်း သိန်းလေး ဆယ်ဟု ဖော်ပြကြသေးသည်။ ရှေးကျမ်းများအရ ကုဋေ တကုဋေသည် ပကောဋိ၊ ပကောဋိ တကုဋေသည် ကောဋိပ္ပကောဋိဟု အဆင့်ဆင့်တက်သွားသည့် အရေအတွက်များ ရှိသေးကြောင်းသိရသည်။ ထိုအဆင့်များအနက် အက္ခောဘိဏီနှင့် အသင်္ချေတို့သည် ကျမ်းများ၌ အတွေ့ရများသော အရေအတွက်နှစ်ခုဖြစ်သည်။
အရေအတွက်တခုကို မေ့ပျောက်မသွားစေရန် မှတ်သား ထားလိုသည့်အခါ အနောက်နိုင်ငံ သင်္ချာသမိုင်းများက အစဦး၌ တုတ်ချောင်းတချောင်းပေါ်တွင် အရေအတွက်ရှိ သလောက် အထစ်ကလေးများလုပ်၍သော်၎င်း၊ ကျောက်တုံးတခုပေါ်တွင် အလားတူအမှတ်အသားကလေးများ လုပ်၍သော်၎င်း မှတ်သားခဲ့သည်ဟုဆိုသည်။ ထိုနောက်စာရေး စာဖတ်တတ်လာကြ၍ အရေအတွက်တခုကို စာ၌ထည့်သွင်း ဖော်ပြလိုသောအခါ တခုကို ḻ နှစ်ခုကို ḻḻ စသည်ဖြင့် လက် ချောင်းကလေးများသဖွယ် မျဉ်းကြောင်းများဆွဲ၍ ဖော် ပြခဲ့ကြသည်။ သို့သော် ဤစနစ်ဖြင့် အရေအတွက်များ များက်ိုဖော်ပြရန် အခက်အခဲတွေလာကြသည့်အခါ ဆယ် လိုက်ရေတွက်သော စနစ်ကို လိုက်နာလျက်ရှိကြသည့် အီဂျစ် လူမျိုးများက တဆယ်အတွက် ကျွန်ုပ်တို့၏ ဂ အက္ခရာကို မှောက်မှောက်ရေးထားသည်နှင့်တူသော תּ အမှတ်အသား တခုကို တီထွင်လျက် အသုံးပြုလာကြသည်။ ယင်းတို့၏ ရေးသားနည်းအတိုင်း ḻḻḻ תּתּ သည် ယခု ၂၃ ဟုရေးသော အရေအတွက်ဖြစ်သည်။ ဤကဲ့သို့ ရေးထားသော အရေအတွက်တခုကို စာပင်မဖတ်တတ်သော်လည်း မည်မျှဖြစ်သည်ဟု လွယ်လွယ်နှင့်ပြောနိုင်သည်။ ဆယ်လိုက် -
မှတ်ရန်
ဆောင်းပါးကို အကုန် ကူးယူတင်ပြခြင်း မပြုတော့ပါ။ သင်္ချာရေးရင်လည်း သတ်ပုံတွေ မှန်ရပါကြောင်း တင်ပြလိုက်ပါတယ်။
ကူးတင်တာမှာ မူရင်းနဲ့ကွဲလွဲမှုရှိပါက တင်ပြသူ၏တာဝန်ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment