၂။ ကျောင်းကြီးပေါ်မှာမောင်မဆော့နဲ့ ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်ဆိုတဲ့ စာထဲမှာ အော့ ဆိုတဲ့စာလုံးရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါဦးဆရာ။
ပြန်စာ
- ဆွမ်းအုပ်နီနီဆိုပြီး တင်ထားကြတာတွေ တွေ့တယ်။ အမှား အမျိုးမျိုး တွေ့တယ်။ တချို့က ကဗျာခေါင်းစီးမှားနေတယ်။ ဆရာမင်းသုဝဏ်ရေးတာက ဥပုသ်စောင့်ခေါင်းစီးနဲ့ရေးပါတယ်။
- ဆွမ်းအုပ်နီနီလို့ရေးတာ အကြောင်းမဟုတ်လှပါ။ သီချင်းကဗျာစာသားတွေတင်တဲ့နေရာတခုမှာ ဆွမ်းအုပ်နီနီ အမေရွပ်လို့ လို့ရေးထားတယ်။ ရွက် နဲ့ ရွပ် မှားနေတယ်။
- နက်ဖြန်မနက်နဲ့ မနက်ဖြန်သဘက် မှားနေတယ်။
- ကျောင်းထွက်မယ် နဲ့ ကျောင်းတက်မယ် မှားနေတယ်။
- မောင်ငယ်ဆော့တော့ နဲ့ မောင်မဆော့နဲ့ မှားနေတယ်။
- တချို့က ဥပုသ်ကို ဥပုဒ်လို့ ရေးတယ်။ မှားတယ်။
- ဘုန်းကြီးအော့လို့ ဂီတသင်္ကေထဲမှာ ရေးထားတယ်။ ဘုန်းကြီးအော်ကို အသံအရ ရေးတာဖြစ်ပါမယ်။ မနှစ်သက်တာကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်။ အော့စာလုံးက အော့အန်တာမှာ သုံးတယ်။
- ဥပုသ်သီလ စောင့်တည်နိုင်ကြပါစေ - မှား။ ဆောက်တည်လို့ ရေးရ။
- စနစ်တကျ ဥပုသ်သီလ စောင့်တည်တတ်စေဖို့အတွက် - မှား။ ဆောက်တည်လို့ ရေးရ။
- ငါးပါးသီလစောင့်ထိမ်းခြင်းအကျိုး - မှား။ စောင့်ထိန်းလို့ ရေးရ။
- ဆောက်တည် = စိတ်ကိုတည်ကြည်ခိုင်မြဲစွာထားသည်။ မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်ခြင်းတည်း။
“ဥပုသ်စောင့်”
ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်၊ ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့၊ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့၊ ရိုက်လိမ္မယ်။
မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို၊ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။ ။
အမှားတွေ ဝေနေသူတွေ၊ တင်နေသူတွေ၊ သင်ပေးနေသူတွေ၊ အမှားနောက်သာလိုက်ပါလို့ အခွင့်အာဏာအရလုပ်နေသူတွေ နေကောင်းကြပါစေ။
(ပန်းချီဆရာကြီး ဦးအုန်းလွင် လက်ရာ)
https://dr-tint-swe.blogspot.com/2021/05/blog-post_662.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment