ထပ်ဖြည့်ပါဦးမယ်။
(၁)
အမေရိကမှာ နှစ်ပေါင်းများစွာအနေကြာတဲ့ မြန်မာလူမျိုးမိသားတစုရှိတယ်။ သူတို့ကလေးတွေကို မြန်မာစာလေးတွေတတ်အောင် အိမ်မှာသင်ပေးကြတယ်။ ကလေးတွေ မြန်မာလို တလုံးစ နှစ်လုံးစ ပြောတတ်တာကိုလည်း ဂုဏ်ယူကြတယ်။
တရက်တော့ မိဘတွေရဲ့မိတ်ဆွေတယောက်က ဖုန်းဆက်တာ့ ကလေးက ဖုန်းကိုင်တယ်။
“မင့်အမေ အဖေတို့ ရှိကြလား”
“ရက်စ်”
“နှစ်ကောင်လုံး ထမင်းစားနေကြတယ်”
ဒီကလေးကို မှန်အောင်ပြင်ပေးလိုက်ရင် မှန်သွားပါလိမ့်မယ်။ သူ့မိဘတွေက မြန်မာစကားကို အလေးထားကြတာကိုး။
(၂)
ကျွန်တော်လည်း ဒီနိုင်ငံကိုရောက်စက ၆ နှစ်ကြာ သက်ကြီးအထက်တန်းကျောင်းတကျောင်းမှာ မြန်မာဘာသာပြန်ဆရာ လုပ်တယ်။ မြန်မာပြည်ကနေရောက်နေကြတဲ့ ကျောင်းသားတွေ များတယ်။ ကျွန်တော်သာ ၂ ဘာသာ မတတ်ရင် ဒီအလုပ်လုပ်နိုင်မှာ မဟုတ်။ မြန်မာပြည်သား ကျောင်းသားတွေအတွက်လည်း အင်္ဂလိပ်စာသင်ယူရတာ ပိုခက်ကြမယ်။
ဒီတိုင်းပြည်မှာ ဘာသာစကား တခုမကတတ်သူတွေအတွက် အလုပ်ရှာတာ ပိုလွယ်ကူတယ်။
(၃)
အခုခေတ်မှာ မြန်မာပြည်မှာမွေးခဲ့သူတွေ သူများတိုင်းပြည်တွေမှာရောက်နေကြတာ သန်းပေါင်း မနည်းတော့ပါ။
ထိုင်းမှာရောက်နေသူတွေက ထိုင်းစကားလည်းတတ်ရင် ပိုအဆင်ပြေတယ်။ မလေးရှားရောက်သူတွေလည်း မလေးစားတတ်မှသာ ပိုပြီးအဆင်ပြတယ်။
မြန်မာပြည်ထဲမှာသာနေထိုင်ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီမှာအလုပ်လုပ်ရရင် သူတို့စကားတတ်ရင် ပိုအဆင်ပြေနိုင်တယ်။ အဲဒါက နိုင်ငံခြားသားပိုင်ကုမ္ပဏီကို အလုပ်အကျွေးပြုတာသာဖြစ်တယ်။
တလောက အလုပ်ခေါ်စာတခု တွေ့လိုက်တယ်။
"တစ်ရုတ်စကားတတ်ရမည်" တဲ့။
ကြော်ငြာစာရေးသူ တရုပ်လိုတော့ မသိ။ မြန်မာလို မတတ်။ ဒါပေမဲ့ လခရနေတယ်။
အလုပ်ရှင် ဦးတရုပ်ကြီးကလည်း မြန်မာလိုမတတ်တာ မသိ။ အရေးမစိုက်။
သူများတိုင်းပြည်တွေမှာ မြန်မာလိုရေးထားတဲ့ ကြော်ငြာတချို့ မြင်မကောင်းအောင် မှားနေတယ်။
မြန်မာစာ တတ်သူတွေကတော့ ကဲ့ရဲ့ကြမယ်။
ရှက်စရာလည်း ကောင်းတယ်။ ရှက်တတ်သူကတော့ နည်းနေပြီ။
(၄)
အချုပ်
(က)
ယူအက်စ်အေမှာမွေးပြီး ပညာသင်ကြတဲ့ မြန်မာသွေးပါကလေးတွေအတွက်တော့ မြန်မာစကား မလိုတော့ဘူးလို့ပြောတာ မမှားပါ။
ဒါပေမဲ့ သူတို့ မြန်မာပြည်ကို အတွက်တော့ လုပ်ပေးနိုင်ကြမှာ မဟုတ်ပါ။
(ခ)
ကိုယ်တတ်တဲ့ နိုင်ငံခြားစကားကနေ နိုင်ငံခြားသားဆီမှာ အခစားလုပ်နိုင်ပါတယ်။ ကိုယ့်အတွက် ကောင်းပါတယ်။
(ဂ)
မြန်မာစာနဲ့ စကားတတ်သူတွေကတော့ မြန်မာစာနဲ့ စကားတတ်သူတွေကို အခမဲ့ဖြစ်စေ၊ လခနဲ့ဖြစ်စေ လုပ်ပေးလို့ရတယ်။
ဆရာလုပ်လို့ရတယ်။ ပညာသုတ ပေးဝေလို့ရတယ်။
ဘာသာစုံ တတ်လေ ကောင်းလေ။
ဒါပေမဲ့ အဲလိုလူ ဝ့၀၀၁ % ထက် မများလောက်ပါ။
(ဃ)
အမိနဲ့တူတဲ့ ဘာသာစကားကို ပစ်ပယ်တာတော့ ကောင်းတယ်လို့ မထင်ပါ။
(င)
ထပ်မေးပါရစေ။
လူကြီးမင်းက နိုင်ငံခြားပညာရှင်ကြီးဆိုပါစို့ -
လူကြီးမင်းရဲ့ တတ်သိပညာတွေကို ဘယ်သူ့ကို အကျိုးပြုမှာလဲ။
ကိုယ့်လခတခုတည်းကိုသာ အလေးထားသလား။
မိဘတွေ၊ အမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ မပါစေချင်ဘူးလား။
သဘောပါဘဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment