ကွန်မင့်တခု = မြင့်မိုရ်တောင် မှား။ မြင့်မိုရ်တောင် မှန်။
ကွန်မင့်အတိုင်း မဟုတ်ပါ။
မြင့်မိုရ် နဲ့ မြင်းမိုရ် မူကွဲအမှန်တွေ ဖြစ်ပါတယ်။
အဲလို မှားတာကို အနီရောင်အမှတ်အသား၊ မှန်တာကို အစိမ်ရောင်အမှတ်အသားနဲ့ တင်နေ၊ သင်နေကြတာတွေထဲမှာ မှန်တာက တဝက်လောက်ပါတွေ့ရတယ်။
တကြောင်းဆွဲ၊ တလက်ကိုင်၊ တသွေးတသံတမိန့်ပညာရေးကို အဟုတ်မမှတ်ကြပါနဲ့။
စာလုံးတွေမှာ
- စံကိုက်
- မူကွဲ
- မူမှားတွေရှိတယ်။
မြှင့်မိုရ်။ ။ မေရု၊ (ပါ)။ မေရု သဒ္ဒါထောက်၍ မြှင့်မိုရ်ဟု ရသတ် ရေးရသည်ဟု ဆိုကြ၏။ သို့ရာတွင် မြင့်သည် မိုမောက်သည် ဟူသော အနက်ကို ဆောင်သဖြင့် မြင့်မိုရ်ဟု ရေးကြသည်။ မြင့်မိုဟု ရေးလျှင် ဟောင်းမြင့်၊ စမြှင်းကဲ့သို့ ကြာမြင့် ဟောင်းမြင့်၍ မြင့်သောတောင်ဟုဖော်၊ မြင့်မိုရေးလျှင် တခြားတောင်တို့ထက် အလွန်မြင့်မောက်သော တောင်ဟုဖော်။
“ပြဟ္မာသပင်း၊ အမင်းမင်းတို့၊ ရွှေမြင့်မိုရ်တောင်၊ သလက်ဆောင်ဖြင့်” (ကုသ-၂)။
“ မြင့်မိုရ်လင်္ကျာ၊ ဝင်းသို့ညှက်ပြာ၊ နှင်းစိုခက်ပြာ ” (နဝဒေး)။
“နှင်းဖြူဖျောက်လွင့်၊ မင်းပျိုရောက်ခွင့်၊ မြင့်မိုရ်လောက်မြင့် (စိန္တကျော်)”။ ဤသို့ ပျို့ ကဗျာတို့၌ မြင့်မိုရ်ဟူသာ အရေးများ၏။
မြင့်မိုရ် နှင့် မြင်းမိုရ်
ရှမ်းပြည်နယ်တောင်ပိုင်း ဟန်မြင့်မိုရ်-ရွာငံ-အောင်ပန်း လို့ တွေ့တာနဲ့ ပြန်တင်ပါမယ်။ တချို့သော မြန်မာစာ ဆရာကြီးတွေက မြင်းမိုရ်ကိုသာ အမှန်ယူပြီး လုလင်ပျိုတယောက်ကိုတော့ မှားသတဲ့။ မြင့်မိုရ်မှားတယ်လို့ ပြောတာက မှားနေတယ်။ မြင့်မိုရ် နဲ့ မြင်းမိုရ် မူကွဲဖြစ်တယ်။ အဲလိုဘဲ တီဗွီမှာဖြစ်ဖြစ် အွန်လိုင်းမှာဖြစ်ဖြစ် အမှန်အမှား သင်ပြသူတွေနဲ့ ဒိုင်လုပ်သူတွေက မှားနေတာမျိုး မကြာခဏ တွေ့ရတယ်။ ကျောင်းတွေမှာလည်း မှားနေကြမယ်လို့ ထင်တယ်။ မှန်အောင်ပြင်ကြပါ။
စိုးပါနဲ့မယ်၊ မိုးကြယ်မို့လား၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ မြင်းမိုရ်မို့လားဟု စကားကတိရှိသည့်အချက် သူကလေးအတွက်နှင့် ထွက်ခဲ့ရသည့် ရက်တရက်လောက်ပိုတော့ ငိုရမတတ်မင်းဖြစ်ပြီးလျှင် သိန်းသန်းမျှ မကသော အခြွေအရံတော်တို့နှင့် မင်းမြောက်တန်ဆာတည်းဟူသော ရွေဘယက်ကို လည်ဝယ်ဆင်မြန်း၍ ခြေတော်တွင် ရွှေခြေကျဉ်းနှင့် အုတ်မြို့ရိုင်းအတွင်း မင်းလုပ်၍စံနေပါတယ်လို့ လမင်းက ညချင်းတွင်း ပြောလိုက်ပါဟု မျက်ရည်ကလေး အဝဲဝဲနှင့် မန္တလေးနေပြည်တော်တွင် အုတ်ဖြင့်ပြုလုပ်ထားသော လေးထောင့်ရှိသော အရံတော်အတွင်းတွင် ရှင်လိင်ပြန်နှင့်တူသော လုလင်ပျိုတယောက်သည် ဖျင်နံငယ်ပနှင့် ဗန်ဂါလီအကျႌကို ဝတ်ဆင်လျက် ပက်လက်က လမင်းကိုကြည့်ရှုရင်း ညည်းညူ၍ နေရှာလေ၏။
လယ်တီဆရာတော်ကြီးရဲ့ ဒီပနီပေါင်းချုပ် တအုပ်လုံး စာမျက်နှာတိုင်းရဲ့ အောက်ခြေမှာ (မြင့်မိုရ်) လို့ ရိုက်နှိပ်ထားတယ်။
မြင့်မိုရ်တောင်ခြေ (ခင်နှင်းယု)
မြင့်မိုရ် နဲ့ မြင်းမိုရ် မူကွဲသတ်ပုံသာ ဖြစ်ပါတယ်။ မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တယ်။ မူရင်းစာရေးသူက မြငိ့မိုရ်လို့ ရေးထာခဲ့တာကို နောက်လူတွေက ထင်သလို မပြင်ရပါ။ ခုခေတ်မှာ စာကူးတင်သူတွေ၊ စာအုပ် ပြန်ထုတ်သူတွေနဲ့ ဝီကီပီးဒီယားမှာတင်နေသူတွေက ထင်သလိုပြင်နေကြတယ်။ မလုပ်ရပါ။ ပြန်ပြင်ကြပါ။
တောင်တွင်မြင်းမိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း၊ ရံခဝန်းလျက်၊ လေးကျွန်းအလယ်၊ လေးသွယ်ခြည်ရောင်၊ တပြောင်ပြောင်လျှင်၊ ဘုန်းခေါင်အထွတ်၊ သုံးလူနတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြားလှုံ့ဆောင်သည်။ ။ တောင်တွင်မြင်းမိုရ်သာတကား။ (၁၅၅၁ မြကန်သာ ကဗျာစာအုပ်မှ)
ကဝိဓဇသတ်ပုံအရ - မြင့်မိုရတောင်။ တောင်တွင်မြင့်မိုရ်။ အဲဒါကြောင့် မြင့်မိုရ် နဲ့ မြင်းမိုရ်ဟာ မူကွဲစာလုံးတွေဖြစ်တယ်။ ပဌမ နဲ့ ပထမ လို၊ သမတ နဲ့ သမ္မတ လို။ ဒါး နဲ့ ဓါး လို၊ တရုပ် နဲ့ တရုတ် လို နှစ်မျိုးလုံး သုံးနိုင်တယ်။ (တခု) က မှန်ပြီး၊ (တစ်ခု) က လျှာရှည်ထားတာ။ မူကွဲ မဟုတ်ပါ။ လယ်တီဆရာတော်ကြီးရဲ့ ဒီပနီပေါင်းချုပ် တအုပ်လုံး စာမျက်နှာတိုင်းရဲ့ အောက်ခြေမှာ (မြင့်မိုရ်) လို့ ရိုက်နှိပ်ထားတယ်။
မြန်မာစာမှာ မူကွဲစာလုံးတွေ မနည်းမနောရှိတယ်။
ကချေသည် နဲ့ ကခြေသည်
ကစွန်း နဲ့ ကန်စွန်း
ကျမ္မာ နဲ့ ကျန်းမာ
ကျေညာ နဲ့ ကြေညာ
ကြက်သရေ နဲ့ ကျက်သရေ
ကုတင် နဲ့ ခုတင် (ညကဖတ်ရတဲ့ အဘိဓမ္မာစာ မြန်မာပြန်စာတအုပ်မှာ ကုဋင်တဲ့။)
ချီးကျူး နဲ့ ခြီးကျူး
ငပိ နဲ့ ငါးပိ
ဆန်ခါ နဲ့ ဇကာ
တကျော့နှစ်ကျော့ နဲ့ တကြော့နှစ်ကြော့
တရုပ် နဲ့ တရုတ်
ဒါး နဲ့ ဓါး
ပဌမ နဲ့ ပထမ
မြမ္မာ နဲ့ မြန်မာ
မုံ့ နဲ့ မုန့်
ယက္ကန်း နဲ့ ရက်ကန်း
ရုံးပတီ (၁၉၉၁ မြန်မာအဘိဓာန်)
ရုံးပတီသီး (ကဝိဓဇ သတ်ပုံကျမ်း)
လက်ဖက် နဲ့ လ္ဘက်
သမတ နဲ့ သမ္မတ
သမီး နဲ့ သ္မီး
မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ၁၉၉၁ ထုတ် မြန်မာအဘိဓာန်စာအုပ်ကနေ ပလီခိုင်းတားတာ။ ကန်တော့ + ဆောရီး။ ၎င်း ကို လည်းကောင်းလို့ လိုက်ပြင်နေတာတွေ တွေ့တယ်။ မှားတယ်။ မတူကြပါ။ မြန်မာစာသည် မြင်းမိုရ်တောင် တက်ခဲ့ရာကနေ ဟိမဝန္တာတောင်ကိုဆက်၍ တက်နေပါသည်။ သို့သော် ဘင်္ဂလားပင်လယ်အော်ထဲ နစ်မြုပ်နေတော့သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment