(ဦးသက်တင်)
• စကားလုံးတို့၏ အနက်သဘောသည် ရွေ့ပြောင်းမြဲဖြစ်၏။
• ထို့သို့ ရွေ့ပြောင်းရာတွင် အသွင်အမျိုးမျိုးဖြင့် ရွေ့ပြောင်းတတ်၏။
• စကားလုံးအနက် ရွေ့ပုံရွေ့နည်းကို တင်ပြထားသည်။
ကျွန်ုပ်တို့သည် စကားလုံးကလေးများကို ဖန်တီးသူများ ဖြစ်၏။ သုံးစွဲသူများလည်း ဖြစ်၏။ သို့ရာတွင် စကားလုံးကလေးများ၏ အနက်ကို တိတိကျကျ နားလည်နိုင်သည်ဟု မဆိုနိုင်။ အကုန်အစင် သိသည်ဟုလည်း မဆိုသာပေ။ အဘယ်ကြောင့်ဆိုသော် စကားလုံးကလေးများ၏ အနက်သည် အမျိုးမျိုး ထွေပြားရုံမျှမက ရွေ့လျောပြောင်းလဲတတ်သော သဘောရှိခြင်းကြောင့် ဖြစ်သည်။ ယင်း စကားလုံးကလေးများ၏ အနက်ကို စကားရင်းမြစ်ပညာရှင်၁ တို့သည် လည်းကောင်း၊ အဘိဓာန်ပညာရှင်တို့သည် လည်းကောင်း၊ ဘာသာဗေဒပညာရှင်တို့သည် လည်းကောင်း ဖော်ထုတ်ဖွင့်ဆိုရန် ကြိုးပမ်းကြသည်။
ရင်းမြစ်ပညာရှင်တို့သည် စကားလုံး၏ အနက်ရင်းမူလကို သမိုင်းနောက်ကြောင်း ပြန်နည်းဖြင့် ခြေရာခံ ခဲ့ကြသည်။ အဘိဓာန်ပညာရှင်တို့သည် စကားလုံး၏ အသုံးအမျိုးမျိုးကို လေ့လာဆန်းစစ်ပြီး အနက်ကို ဖွင့်ဆိုကြသည်။ ဘာသာဗေဒပညာရှင်တို့ကား စကားလုံးကို စကားလုံးထက်ငယ်သော အစိတ်အပိုင်းဖြစ်သည့် ရုပ်ရင်း၂ ထိအောင် ခွဲခြမ်းစိတ်ဖြာပြီး အနက်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ရှုထောင့် အမျိုး
၁ etymologist
၂ morpheme
မျိုးမှ နည်းစနစ်အဖုံဖုံဖြင့် စကားလုံးအနက်ကို ဖော်ထုတ်ဖွင့်ဆိုရန် အားထုတ်ခဲ့ကြသော်လည်း ပညာရှင်တို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။ အဘယ်ကြောင့်ဆိုသော် စကားလုံးတို့၏ အနက်သည် အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်ကို လိုက်၍ ထွေပြားဟတ်သော ရွေ့လျားပြောင်းလဲတတ်သော သဘောရှိခြင်းကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ထွေပြားပြောင်းလဲတတ်သော စကားလုံးတို့၏ အနက်သဘောကို ရှာဖွေကြည့်သည့်အခါ စကားလုံးတို့သည် အောက်ပါယေဘုယျ အချက်ငါးချက်ကို အခြေခံ၍ အနက်ထွေပြား ရွေ့လျော ပြောင်းလဲတတ်ကြောင်း တွေ့ရသည်။ ယင်းတို့မှာ —
၁။ အချိန်ကာလ
၂။ အသုံး
၃။ ယဉ်ကျေးမှု ဓလေ့ထုံးစံ
၄။ ရွတ်ဆိုပုံ
၅။ စကားလုံးတွဲစပ်ပုံ
တို့ ဖြစ်သည်။
၁။ အချိန်ကာလ
စကားလုံးတို့၏ အနက်သည် အချိန်ကာလကို လိုက်၍ ရွေ့လျော ပြောင်းလဲတတ်သော သဘော ရှိသည်။ ထို့သို့ ရွေ့လျော ပြောင်းလဲရာတွင် ရွေ့လျောပြောင်းလဲပုံ နည်းအမျိုးမျိုး ရှိနိုင်သည်။ ယင်းတို့အနက်မှ ရွေ့လျော ပြောင်းလဲပုံ အချို့ကို ဖော်ပြပါမည်။
(က) ယေဘုယျအနက်မှ ဝိသေသအနက်သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးအချို့၏ မူလအနက်သည် ယေဘုယျအနက် ဖြစ်သည်။ သို့သော် အချိန်ကာလ ကြာမြင့်သောအခါ စကားလုံးတို့၏ မူလ ယေဘုယျအနက်သည် ဝိသေသအနက်သို့ ရွေ့လျောပြောင်းလဲ သွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ခင်ပွန်း’ ဟူသော စကားလုံး၏ မူလအနက်မှာ ‘ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လင်မယား’ ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘ခင်ပွန်း’ ၏ အနက်သည် ‘လင်’ ဟူ၍သာ အသုံးတွင်ကျယ်လျက် ရှိတော့သည်။
ထို့ပြင် အင်္ဂလိပ်ဘာသာစကားရှိ ‘meat’ ၏ မူလအနက်သည် ‘လူ၊ တိရစ္ဆာန်တို့အတွက် အစားအစာ တခုခု’ ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘meat’ သည် ‘လူ၊ တိရစ္ဆာန်တို့အတွက် အစားအစာ တခုခု’ ဟု အနက် မရတော့ဘဲ ‘တိရစ္ဆာန် တကောင်ကောင်က ရသော အသား’ ဟူသာ အနက်ဝင်တော့သည်။ ဤကား ယေဘုယျ အနက်မှ ဝိသေသ အနက်သို့ ရွေ့သွားခြင်း ဖြစ်သည်။
(ခ) ဝိသေသအနက်မှ ယေဘုယျအနက်သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးအချို့၏ မူလအနက်သည် ဝိသေသအနက် ဖြစ်သည်။ သို့သော် အချိန်ကာလ ကြာမြင့်သောအခါ စကားလုံး၏ မူလ ဝိသေသ အနက်သည် ယေဘုယျအနက်သို့ ရွေ့လျော ပြောင်းလဲသွားသည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ “စားဆေး” ၏ မူလအနက်မှာ “ကွမ်းစားရာတွင် အဖက်တခု အနေဖြင့် သုံးဆောင်ရသော ဆေးပင်၏ အရွက်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ “စားဆေး” ၏ အနက်အဓိပ္ပာယ်မှာ မူလအနက်ထက် ကျယ်ပြန့်နေပြီ ဖြစ်သည်။ ကွမ်းစားရာတွင် ထည့်စားရသော ဆေးရွက်ဟုသည့် အနက် သာမက အမှုန့်၊ အခဲ၊ အလုံး စသော စားမျိုရသည့် ရောဂါပျောက်ဆေး တို့ကိုလည်း ‘စားဆေး’ ဟု ခေါ်ဝေါ်သုံးစွဲလျက် ရှိကြသည်။
ထို့ပြင် အင်္ဂလိပ်ဘာသာစကားရှိ ‘butcher’ ၏ မူလအနက်မှာ ‘ဆိတ်သတ်သမား’ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘butcher’ သည် ဆိတ်သတ်သမား ဟူသော အနက်သာ မဟုတ်တော့ဘဲ လူ့အစားအစာအတွက် မည်သည့် တိရစ္ဆာန်ကိုမဆို သတ်သည့်
“သားသတ်သမား” ဟူသော ယေဘုယျအနက်ကို ဆောင်ပေးသည်။ ဤကား စကားလုံး၏ အနက်နယ်ပယ် ကျယ်ပြန့်လာသည့် သဘော ဖြစ်သည်။
(ဂ) အဆင့်နိမ့်အနက်သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးအချို့၏ အနက်သည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အခြားအနက်တခုသို့ ရွေ့လျောပြောင်းလဲ သွားတတ်သည်။ ယင်းသို့ ပြောင်းလဲသွားသော အနက်သည် မူလအနက်ထက် အဆင့်နိမ့်သွားသည်ဟု ဆိုနိုင်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ပါဠိမွေးစား စကားလုံး ‘ကုဋီ’ ၏ မူလအနက်မှာ ‘တဲအုံကုဋ္ဌ်၊ တင်းကုပ်၊ တိုက်ခန်း’ ဟူ၍ ဖြစ်သည်။ သို့သော် ယင်းစကားလုံး ‘ကုဋီ’ ကို “ရဟန်းတော်များ ကျင်ကြီး ကျင်ငယ်စွန့်ရာအိမ်” ဟူသော အနက်ဖြင့်လည်း သုံးကြသည်။ ထိုအခါ ‘ကုဋီ’ ၏ အနက်မှာ မူလအနက်ထက် အဆင့် နိမ့်သွားလေသည်။
ထို့ပြင် အင်္ဂလိပ်ဘာသာ စကားရှိ ‘knave’ ၏ မူလ အနက်ရင်းသည် ‘လူငယ်’ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘knave’ သည် ‘လူငယ်’ ဟူသော အနက်မရှိတော့ဘဲ ‘ဖြောင့်မတ်ခြင်း မရှိသောသူ’ ဟူသည့် အဆင့်နိမ့်အနက်သို့ ရွေ့လျော ပြောင်းလဲသွားသည်။
(ဃ) အဆင့်မြင့်အနက်သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးအချို့၏ အနက်သည် အချိန်ကာလ ကြာမြင့်သောအခါ အခြားအနက်တခုသို့ ရွေ့လျော ပြောင်းလဲသွားသည်။ ယင်းသို့ ရွေ့လျော ပြောင်းလဲသွားသော အနက်သည် မူလ အနက်ထက် အဆင့်မြင့်သော သဘောကို ဆောင်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ကျွန်ုပ်’ ၏ မူလ အနက်သည် ‘သေးနုပ်သော ကျွန်’ ဖြစ်သည်။ စကားပြောသူသည် မိမိကိုယ်ကို ရိုကျိုး နှိမ့်ချစွာ သုံးသော
နာမ်စားပုဒ် ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘ကျွန်ုပ် (ကျုပ်တို့)’ သည် ‘သေးနုပ်သောကျွန်’ ဟူသည့် မူလ အနက်သဘောကို မဆောင်တော့ပေ။ စကားပြောသူ၏ အရှိန်အဝါ အဆင့်အတန်းသည် နားထောင်သူထက် တဆင့်မြင့်နေခြင်း အနက်ကို သော်လည်းကောင်း၊ တန်းတူရှိနေခြင်း အနက်ကို သော်လည်းကောင်း ဆောင်နေကြောင်း တွေ့ရသည်။
ထို့ပြင် အင်္ဂလိပ်ဘာသာစကားရှိ ‘knight’ ဟူသော စကားလုံး၏ မူလအနက်မှာ ‘လူငယ်၊ ယောက်ျား၊ အစေခံ’ ဖြစ်သည်။ သို့သော် အလယ်ခေတ်သို့ ရောက်သောအခါ၌ ‘knight’ သည် ‘လူငယ်၊ ယောက်ျား၊ အစေခံ’ ဟူ၍ မဟုတ်တော့ဘဲ “သုရသတ္တိရှိ၍ ယုံကြည်စိတ်ချရသော ဘုရင့်သူရဲကောင်း” ဟူသည့် အနက်သို့ ပြောင်းလဲသွားသည်။
(င) ဆန့်ကျင်အနက်သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးအချို့၏ အနက်သည် အချိန်ကာလ ကြာမြင့်သောအခါ မူလ အနက်မှ အခြားအနက်တခုသို့ ရွေ့လျော ပြောင်းလဲသွားသည်။ ယင်းသို့ ရွေ့လျော ပြောင်းလဲသွားသော အနက်မှာ မူလ အနက်၏ ဆန့်ကျင်ဘက်သဘောကို ဆောင်သည်။
ပုံစံအားဖြင့် မြန်မာ ဘာသာ စကားတွင် ‘ညံ’ ဟူသော စကားလုံး၏ မူလ အနက်မှာ ‘တိတ်ဆိတ်’ သည် ဟူသောအနက် ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘ညံ’ ၏ အနက်မှာ ‘တိတ်ဆိတ်’ ဟူသော အနက်သဘော လုံးဝ မဟုတ်တော့ဘဲ ဆန့်ကျင်ဘက် အနက်ဖြစ်သည့် ‘ဆူသည်’ သို့ ရွေ့လျောပြောင်းလဲသွားပြီ ဖြစ်သည်။
ထို့ပြင် အင်္ဂလိပ်ဘာသာ စကားရှိ ‘poison’ ဟူသော စကားလုံး၏ မူလအနက်မှာ ‘သောက်သည်၊ သောက်စရာ’ ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘poison’ မှာ မူလ အနက်၏ ဆန့်ကျင်ဘက်ဖြစ်သော “မသောက်သုံးရသောအရာ၊ ဘေးဥပဒ်ဖြစ်စေသော အရာ (အဆိပ်)” ဟူသည့် ဆန့်ကျင်ဘက်အနက်သို့ ပြောင်းသွားပြီ ဖြစ်သည်။
(စ) အနက်လေးမှ အနက်ပေါ့သို့ ရွေ့လျောပြောင်းလဲခြင်း
စကားလုံးတို့၏ မူလအနက်သည် လေးနက်သည်။ သို့သော် အချိန်ကာလ ကြာမြင့်သောအခါ လေးနက်သော မူလ အနက်မှ ပေါ့သောအနက်သို့ ပြောင်းလဲသွားသည်။
ပုံစံအားဖြင့် မြန်မာဘာသာ စကားရှိ ပါဠိမွေးစား စကားလုံး ‘သံဝေဂ’ ၏ မူလအနက်မှာ “သံသရာဘေးကို ထိတ်လန့်ခြင်း” ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘သံဝေဂရသည်’ ဟူသော အသုံးရှိ ‘သံဝေဂ’ စကားလုံးသည် မူလ အနက်ကို အတိအကျ မဆောင်တော့ဘဲ ‘မိမိပြုခဲ့မိသောအပြစ် သို့မဟုတ် အမှားတစုံတရာအတွက် သတိတရားရသည်’ ဟူသော အနက်ပေါ့ကိုသာ ဆောင်ပေးသည်။
ထို့ပြင် အင်္ဂလိပ်ဘာသာစကားရှိ ‘naughty’ ၏ မူလအနက်မှာ ‘ကောက်ကျစ်သူ၊ လူမိုက်’ စသည့် လေးနက်သော အနက်တို့ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘naughty’ သည် ကောက်ကျစ်သူ၊ လူမိုက် ဟူသည့် လေးနက်သော အနက်ကို မပေးတော့ဘဲ ‘လူပေ၊ လူတေ’ ဟူသော အနက်ပေါ့သာ ထင်သည်။
(ဆ) သီးခြားအနက်သို့ ရွေ့လျောပြောင်းလဲခြင်း
အချို့ စကားလုံးတို့သည် အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ မူလ အနက်နှင့် ကွဲပြားသည့် သီးခြားအနက်တခုသို့ ရွေ့လျော ပြောင်းလဲသွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာ စကားရှိ “ခန့်ညား” ဟူသော စကားလုံး၏ မူလအနက်မှာ “ရိုသေ” ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ မူလအနက်နှင့် ကွဲပြားသော “တင့်တယ်၊ ထည်ဝါ” ဟူသော သီးခြားအနက်တို့သာ ထင်တော့သည်။
ထို့နည်းအတိုင်း အင်္ဂလိပ်ဘာသာစကားရှိ ‘nice’ ဟူသော ဝေါဟာရ၏ မူလအနက်မှာ ‘မိုက်မဲသော’ ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ၌ ‘nice’ သည် ‘သာယာသော၊ ကြည်နူးဖွယ်ကောင်းသော၊ ခင်မင်ရင်းနှီးသော’ အစရှိသည့် အနက်တို့ကိုသာ ပေးတော့သည်။
၂။ အသုံး
စကားလုံးတို့၏ အနက်သည် အသုံးကို လိုက်၍လည်း အမျိုးမျိုး ထွေပြား တတ်သော သဘော ရှိသည်။ ထို့ကြောင့် စကားလုံးတလုံး၏ အနက်ကို စေ့စေ့စပ်စပ် သိလိုလျှင် ထိုစကားလုံး၏ အသုံးတို့ကို ပိုမို လေ့လာ ဆန်းစစ် ကြရပေမည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ထိုး’ ဟူသော စကားလုံးသည် အသုံးကိုလိုက်၍ အနက်အမျိုးပေါင်း ၂၀ ကို အောက်ပါအတိုင်း ပေးစွမ်းနိုင်သည်။
၁။ တစုံတခုကို အချိန်အဟုန်နှင့် တိုက်ရိုက်မိအောင် လုပ်သည် (လက်သီးဖြင့် ထိုး၊ တုတ်ဖြင့် ထိုး စသည်)။
၂။ တီးခတ်သည် (ကျောက်စည် ထိုး၊ ခေါင်းလောင်း ထိုး၊ နာရီ ထိုး စသည်)။
၃။ ကြားညှပ်ထည့်ထားသည် (သေနတ်ကို ခါးတွင် ထိုး၊ ဆေးလိပ်ကို ပါးမှာ ထိုး စသည်)။
၄။ အဆက်မပြတ် မွှေ့၍ ချက်သည် (ဆီထမင်း ထိုး၊ ထမင်းနဲ ထိုး၊ ယာ ထိုး စသည်)။
၅။ ကိုက်သည် (ကြမ်းပိုး ထိုး၊ နကျယ် ထိုး စသည်)
.... စသည်ဖြင့် အမျိုး ၂၀ ရှိသည်။
ထို့နည်းတူ အင်္ဂလိပ်ဘာသာစကားရှိ ‘get’ ဟူသော စကားလုံးမှာလည်း အသုံးကို လိုက်၍ အနက် ၁၉ မျိုး ပေးစွမ်းနိုင်သည်။ ၎င်းတို့အနက် အချို့ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
get = 1. obtain; receive; be given; buy; earn; win; fetch:
2. catch (an illness):
3. succeed in having (sth. desired)
4 UP S 153 6600 3 9 80. A. T.
4. learn:
5. receive as a penalty; suffer:
.... etc.
၃။ ယဉ်ကျေးမှုဓလေ့ထုံးစံ
စကားလုံးတို့၏ အနက်သည် ပြောဆိုရေးသားသော လူမျိုး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို လိုက်၍ ရွေ့လျား ပြောင်းလဲတတ်သည်။ ထိုသို့ ပြောင်းရွေ့ရာတွင် စကားလုံး၏ မူလအနက်မှာ ဥပစာအနက်သို့ လည်းကောင်း၊ ဆင့်ပွားအနက်သို့ လည်းကောင်း ပြောင်းရွေ့တတ်သည့်သဘော ရှိသည်။
မြန်မာဘာသာစကားရှိ ‘ခွေး’ ဟူသော စကားလုံး၏ လုံးချင်းအနက်မှာ ‘ကိုက်တတ် ဟောင်တတ်သည့် ခြေလေးချောင်း တိရစ္ဆာန်တမျိုး’ ဖြစ်သည်။ တိရစ္ဆာန်ခွေးသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် အောက်ဆုံးအဆင့်၌ ရှိသည်။ အနိမ့်ကျဆုံး၊ အယုတ်ဆုံး အတန်းအစားတွင် ပါဝင်သည်။ ထို ‘ခွေး’ ဟူသော စကားလုံးကို ယဉ်ကျေးမှု ဓလေ့ထုံးစံအရ သုံးစွဲလိုက်သောအခါ ခွေး၏မူလအနက်မှာ ဥပစာအနက်သို့ လည်းကောင်း၊ ဆင့်ပွားအနက်သို့ လည်းကောင်း ရွေ့လျော ပြောင်းလဲသွားသည်။
ထို့ကြောင့် ‘ခွေးသား၊ ခွေးမသား၊ ခွေးမျိုး’ ဟူ၍ ပြောလိုက်ခြင်းမှာ ပြောဆိုသူက အပြောခံရသူအား ခွေးနှင့်တင်စား၍ နှိမ့်ချရာ ရောက်သွားသည်။ ထို့ပြင် ‘ခွေးကျင့် ခွေးကြံ ကြံသည်၊ ခွေးဇာတ်ခင်းသည်’ ဟူ၍ ပြောခြင်းမှာလည်း အပြောခံရသူအား ‘မအပ်မရာ တွေးခေါ်လုပ်ကိုင်သူ၊ နိမ့်ကျ ယုတ်ညံ့ အသုံးမကျသော ဘဝသို့ ရောက်အောင်လုပ်သူ’ ဟု ဆိုရာ ရောက်သွားသည်။
ထို့ပြင် မြန်မာဘာသာစကား၌ မြင့်မြတ်သော ပုဂ္ဂိုလ်ကိုလိုက်၍ သုံးစွဲအပ်သည့် သီးခြားစကားလုံးများလည်း ရှိသည်။
ပုံစံအားဖြင့် ‘စက်တော်ခေါ်’ ဟူသော စကားလုံးသည် မြန်မာဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော် စသည်တို့နှင့် စပ်လျဉ်း၍ သုံးစွဲရသည့် သီးခြားစကားလုံးတို့ ဖြစ်သည်။ ယင်းစကားလုံးကို သုံး၍ သာမန်လူအချင်းချင်း ပြောလိုက်သောအခါ ယင်းစကားလုံးသည် ပြောသူနှင့် အပြောခံရသူနှစ်ဦး၏ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြပြီး နောက်ပြောင် ကျီစယ်သည့် အနက်သဘောသို့ ပြောင်းရွေ့သွားသည်။ ထို့နည်းတူ ‘ပွဲတော်တည်၊ ကျိန်းစက်၊ ဘုဉ်းပေး’ စသည် တို့မှာလည်း ‘စက်တော်ခေါ်’ ကဲ့သို့ အနက်ရွေ့ ပြောင်းသွားသည့် စကားလုံးတို့ ဖြစ်သည်။
ထို့နည်းတူ အင်္ဂလိပ်ဘာသာစကားရှိ ‘pig, donkey နှင့် bitch’ စသည်တို့ မှာလည်း ယဉ်ကျေးမှုဓလေ့သုံးစွဲမှုအရ ဥပစာအနက်၊ ဆင့်ပွားအနက်သို့ ရွေ့ပြောင်းသွားသည့် စကားလုံးတို့ ဖြစ်သည်။
တစုံတယောက်က အခြားတစုံတယောက်ကို ‘pig’ ဟု ဆဲလိုက်သည် ဆိုပါစို့။ ထိုဆဲဆိုသော စကားလုံး ‘pig’ သည် မူလအနက်ရင်းဖြစ်သော ‘ဝက်သတ္တဝါ’ ဟူသည့် အနက်မဟုတ်တော့ဘဲ ‘ဦးနှောက်မရှိသူ၊ မိုက်မဲသူ’ ဟူသော ဥပစာအနက်သို့ ပြောင်းသွားသည်။
ထို့အတူ ‘donkey’ ဟူ၍ ဆဲရေးတိုင်းထွာရာ၌ သုံးသော စကားလုံးမှာလည်း မူလ ‘မြည်းတိရစ္ဆာန်’ ဟူသော အနက်ရင်းမှ ပြောင်းရွေ့လျက် ‘ညံ့ဖျင်းသူ၊ အရည်အချင်း မရှိသူ’ ဟူသော ဥပစာအနက်ထင်သည်ကို တွေ့နိုင်သည်။
‘bitch’ ဟူသော စကားလုံးမှာလည်း ထို့နည်းအတိုင်းပင် ဖြစ်သည်။ မူလအနက်ရင်း ‘ခွေးမ’ မှသည် ‘ကောက်ကျစ်ယုတ်ညံ့သည့် မိန်းမ’ ဟူသော ဥပစာအနက်သို့ ပြောင်းသွားသည်။
၄။ ရွတ်ဆိုပုံ
စကားလုံးတို့၏ အနက်သည် ရွတ်ဆိုပုံကို လိုက်၍ ရွေ့လျော ပြောင်းလဲတတ်သည်။ ရွတ်ဆိုပုံ ရွတ်ဆိုနည်းကိုလိုက်၍ ပြောင်းလဲပုံအမျိုးမျိုး ရှိသည့်အနက်မှ အချို့ကို တင်ပြပါမည်။
(က) သံညှင်းသံပြင်း ပြောင်းရွှတ်ခြင်း
သံညှင်းကို သံပြင်းဖြင့် ရွှတ်ဆိုခဲ့လျှင် စကားလုံးတလုံး၏ အနက်သည် အခြား အနက်တခုသို့ ပြောင်းသွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ကော်’ ဟူသော ဝေါဟာရ၏ အနက်မှာ ‘ပင်ချီမြှောက်စားသည်’ ဟူ၍ ဖြစ်သည်။ ယင်း ‘ကော်’ ကို မူလ သံညှင်းသံဖြင့် မရွှတ်မဖတ်ဘဲ သံပြင်းသံဖြင့် ‘ဂေါ်’ ဟု ရွှတ်ဆိုသောအခါ ‘မြေကြီး စသည်တို့ကို တူးထုတ်ရသည့်၊ မချီ ရသည့် ကိရိယာတမျိုး’ ဟူသော အနက်သို့ ရွေ့သွားပေးသည်။ ထို့နည်းတူ သံညှင်းသံမှ သံပြင်းသံသို့ ပြောင်းရွှတ်ခြင်းဖြင့် အနက်ပြောင်းနိုင်သော စကားလုံးအချို့ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
သံညှင်းသံဖြင့် ရွှတ်ခြင်း သံပြင်းသံဖြင့် ရွှတ်ခြင်း
ခေါင်း ခေါင်း (ဂေါင်း)
ချောက် ချောက် (ဂျောက်)
စောက် စောက် (ဇောက်)
ချောင် ချောင် (ဂျောင်)
တောက် တောက် (ဒေါက်)
ဖီ ဖီ (ဗီ)
(ခ) သိထိလ ကို ဓနိတ ဖြင့် ရွှတ်ခြင်း
သိထိလ ကို ဓနိတ ဖြင့် ရွှတ်ဆိုခဲ့လျှင် စကားလုံး၏ မူလအနက်သည် အခြားအနက်တခုသို့ ပြောင်းရွေ့ သွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ကျက်’ ဟူသော စကားလုံး၏ အနက်မှာ ‘ထမင်း၊ ဟင်း စသည်တို့ကို မီးဖြင့် ပြုပြင်သဖြင့် စားသင့်သော အခြေအနေသို့ ရောက်သည်’ ဟူ၍ ဖြစ်သည်။ ဤကား သိထိလသံဖြင့် ရွှတ်စဉ် ထင်သောအနက် ဖြစ်သည်။ ၎င်းကို ဓနိတသံဖြင့် ရွှတ်ဆိုသော် ‘ချက်’ ဟု ဖြစ်လာသည်။ ထိုအခါ ‘ထမင်း၊ ဟင်း စသည်တို့ကို မီးစသည်ဖြင့် ကျက်နပ်အောင် ပြုလုပ်သည်’ ဟူသော အနက်သို့ ရွေ့ပြောင်းသွားသည်။
ထို့နည်းအတိုင်း သိထိလ သံမှ ဓနိတ သံသို့ ပြောင်းရွှတ်ခြင်းဖြင့် အနက် ပြောင်းနိုင်သော စကားလုံးအချို့ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
သိထိလဖြင့် ရွှတ်ခြင်း ဓနိတဖြင့် ရွှတ်ခြင်း
ကျိုး ချိုး
ကွဲ ခွဲ
ပျက် ဖျက်
ပျောက် ဖျောက်
(ဂ) နှာသံထည့်ရွှတ်ဆိုခြင်း
စကားလုံးတခုကို နှာသံထည့်၍ ရွှတ်ဆိုခြင်းဖြင့် စကားလုံး၏ မူလအနက်မှ အခြားအနက်တခုသို့ ပြောင်းရွေ့သွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘မြှောက်’ ဟူသော စကားလုံး၏ အနက်တခုမှာ “အထက်သို့ ကြွပင့်တက်သည်၊ အထက်သို့ လွှင့်ရောက်သည်” ဟူ၍ ဖြစ်သည်။ အဆိုပါ ‘မြှောက်’ ဟူသော စကားလုံးကိုပင် နှာသံထည့်၍ ရွှတ်ဆိုလိုက်သောအခါ ‘မြှောက်’ ဟူသော စကားလုံးအသစ် ဖြစ်လာသည်။ ထိုကဲ့သို့ အသစ်ဖြစ်လာသော စကားလုံးမှာ “အရာဝတ္ထုတစုံတရာကို မြင့်တက်အောင် ပင့်မသည်၊ ကြွတက်အောင် ပြုသည်၊ အထက်သို့ ပင့်တင်သည်” ဟူသော အနက်ထင်သည်။
ထို့နည်းအတူ နှာသံထည့် ရွှတ်ခြင်းဖြင့် စကားလုံးအသစ် ပွားလာပြီးနောက် အနက်ပြောင်းနိုင်သော စကားလုံးများအနက် အချို့ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
နှာသံမပါသောစကားလုံး နှာသံပါစကားလုံး
လွတ် လွှတ်
မျော မျှော
လောင် လှောင်
နောက် နှောက်
မှောက် မြှောက်
(ဃ) ပုဒ်စပ် - ပုဒ်ဖြတ် ရွှတ်ဆိုခြင်း
ပုဒ်စပ်၍ ရွှတ်ဆိုသော စကားလုံးတလုံးကို ပုဒ်ဖြတ်၍ ရွှတ်ဆိုခဲ့လျှင် စကားလုံးတလုံး၏ အနက်သည် အခြားအနက်တခုသို့ ပြောင်းရွေ့သွားသည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘စာပြင်’ ဟူသော စကားလုံးကို ပုဒ်စပ်၍ ‘စာဗျင်’ ဟု ရွှတ်ဆိုသောအခါ ၎င်းစကားလုံး၏ အနက်သည် “ပုံနှိပ်ရန် အစမ်းရိုက်ထားသော စာမူကြမ်းကို ဖတ်၍ ပြင်ဆင်ပေးသူ” ဟူ၍ ဖြစ်သည်။ ယင်းစကားလုံးကိုပင် ပုဒ်ဖြတ်၍ ‘စာ ပြင်’ ဟု ရွှတ်ဆိုသောအခါ “ပုံနှိပ်ရန်စီပြီး စာမူကြမ်းကို ပြင်ဆင်သည်” ဟူသော အနက်သို့ ပြောင်းရွေ့သွားသည်။
အထက်ပါကဲ့သို့ ပုဒ်စပ်၍ရွှတ်လျှင် အနက်တမျိုးဖြစ်ပြီး ပုဒ်ဖြတ်၍ရွှတ်လျှင် အနက်တမျိုး ပြောင်းရွေ့တတ်သော စကားလုံးများသည် မြန်မာဘာသာစကားတွင် ပေါများသည်။ ၎င်းတို့အနက် အချို့ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
ပုဒ်စပ်၍ရွှတ်ခြင်း ပုဒ်ဖြတ်၍ရွှတ်ခြင်း
စာချ (စာ + ဂျ) စာ ချ
စာဆို (စာ + ဇို) စာ ဆို
စာရင်းစစ် (စာရင်း + ဇစ်) စာရင်း စစ်
(င) လေယူလေသိမ်း
စကားလုံးတချို့၏ အနက်သည် လေယူလေသိမ်း (ပြောဟန်) ကို လိုက်၍လည်း ပြောင်းရွေ့တတ်သည်။
ပုံစံအားဖြင့် ‘ကောင်း’ ဟူသော စကားလုံး၏အနက်ကို အဘိဓာန်တွင် ရှာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။
ကောင်း - နာ / ကောင်း /
၁။ နှစ်သက်ဖွယ်ဂုဏ်တို့ ရှိသော၊ နှစ်သက်ဖွယ်ဖြစ်သော၊ မွန်မြတ်သော။
၂။ များပြားသလွန်သော။
၃။ ရှိသင့်သော ဂုဏ်တို့ ရှိသော...
စသည်
ဤကား အဘိဓာန်ဆရာ ဖွင့်ဆိုထားသည့် သာမန်အချိန်၊ အခြေအနေတွင် ရှိသည့် ‘ကောင်း’ စကားလုံး၏ အနက်များ ဖြစ်ပေသည်။
သို့ရာတွင် အဆိုပါအနက်များမှသည် ပြောဆိုသူ၏ လေယူလေသိမ်း(ပြောဟန်)ကို လိုက်၍ တခြားတပါးသော အနက်များသို့ ပြောင်းသွားသည်လည်း ရှိသည်။
ပုံစံအားဖြင့် မိမိ မနှစ်မြို့သောကိစ္စကို လုပ်ခဲ့သည့်၊ မနှစ်မြို့သော စကားကို ပြောလာသည့် သူတို့အား ‘ကောင်းတယ်၊ သိပ်ကောင်း’ ဟု ပြောသော စကားလုံးသည် အထက်ပါ အဘိဓာန်ဆရာပေးသော ‘ကောင်း’ စကားလုံး၏ အနက်သဘောကို မဆောင်တော့ပေ။ အဆိုပါ အနက်များအစား အပြစ်တင်သော သဘော၊ မနှစ်မြို့သော သဘော၊ မကျေနပ်သော အနက်သဘောတို့ကို ဆောင်လျှက် ရှိသည်။ ဤကား ပြောသူ၏ လေယူလေသိမ်းကြောင့်ပင် ဖြစ်သည်။
၅။ စကားလုံးတွဲစပ်ပုံအရ အနက်ပြောင်းခြင်း
စကားလုံးတို့၏အနက်သည် တွဲစပ်ပုံကိုလိုက်၍ အနက်ရွေ့ပြောင်းတတ်သည်။ ထိုသို့ ရွေ့ပြောင်းရာတွင် ဘာသာစကား၏သဘာဝကို လိုက်၍ ရွေ့လျားပြောင်းလဲပုံ အမျိုးမျိုး ရှိနိုင်သည်။ ၎င်းတို့အနက်မှ အချို့ကို တင်ပြပါမည်။
(က) နောက်ဆက်တွဲခြင်း
အချို့စကားလုံးတို့၏ လုံးချင်းအနက်သည် နောက်ဆက်တွဲလိုက်ခြင်းဖြင့် မူလအနက်မှ ရွေ့ပြောင်းသွားတတ်သည်။ ဤကဲ့သို့ ပြောင်းရာ၌ အချို့စကားလုံးများ၏ အနက်သည် မူလအနက်ထက် လျှော့နည်းသွားသောသဘာဝ ရှိပြီး၊ အချို့ကား တိုးလာသောသဘာဝ ရှိသည်။
မူလအနက်မှ လျှော့သွားခြင်း။
မိမိဘာသာ သီးခြားရပ်တည်နေစဉ်၌ ရှိသော စကားလုံးတလုံး၏ အနက်သည် နောက်က ဆက်တွဲ၍ ပုဒ်ပွားလိုက်ခြင်းဖြင့် မူလ အနက်မှ လျှော့သွားတတ်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘ချဉ်’ ဟူသောစကားလုံး၏ နောက်တွင် ‘ဖြူဖြူ’ ဟူသော နောက်ဆက်ကို တွဲစပ်လိုက်သောအခါ ချဉ်ဖြူဖြူ ဟု ဖြစ်လာသည်။ အဆိုပါ ချဉ်ဖြူဖြူ တွင် ထင်လာသော အနက်သည် မူလစကားလုံး ‘ချဉ်’၏ အနက်ထက် လျှော့နည်းသွားသည်ကို တွေ့ရသည်။
ထို့နည်းအတိုင်း ‘ခါးသက်သက်၊ ပြာလဲ့လဲ့၊ သင်းပျံ့ပျံ့၊ နီတီးတီး’ တို့မှာလည်း နောက်ဆက်တွဲ၍ ပုဒ်ပွားခြင်းဖြင့် အနက်လျှော့သွားသည့် စကားလုံးတို့အနက် အချို့ ဖြစ်ပေသည်။
မူလအနက်ထက် တိုးလာခြင်း။
မိမိဘာသာ သီးခြားရပ်တည်စဉ် ရှိသော စကားလုံးတလုံး၏ အနက်သည် နောက်ဆက်တွဲလိုက်ခြင်းဖြင့် မူလအနက်ထက် တိုးတက်လာတတ်သည်။
ပုံစံအားဖြင့် ‘ချဉ်’ ဟူသော စကားလုံး၏ အနက်သည် ‘ရှောက်သီး၊ သံပရာသီး တို့၏ အရသာမျိုးရှိသော’ ဟု အနက်ရသည်။ အဆိုပါစကားလုံးကို ‘စုတ်စုတ်’ ဟူသော နောက်ဆက်တွဲ စကားလုံး တွဲဖွဲ့လိုက်သောအခါ ‘ချဉ်စုတ်စုတ်’ ဟူသည့် စကားလုံး ဖြစ်လာသည်။ ထိုအခါ မူလအနက်သာမက ထပ်ဆင့်၍ ပိုမိုမွှန် စူးစူးရှရှရှိတတ်သော အနက်သဘောသို့ ရောက်သွားသည်။ မူလအနက်ထက် တိုးလာခြင်း ဖြစ်သည်။
ထို့အတူ ‘ဖြူဆွတ်ဆွတ်၊ ပူဟောင်ဟောင်၊ အေးစက်စက်’ အစရှိသော စကားလုံး အမျိုးအစားတို့သည် နောက်ဆက်တွဲဖွဲ့၍ ပုဒ်ပွားခြင်းဖြင့် အနက်တိုးလာသော စကားလုံးတို့ ဖြစ်သည်။
(ခ) ရှေ့နောက်နေရာပြောင်းခြင်း
စကားလုံးတလုံး၏ အစိတ်အပိုင်းတို့ကို နေရာရှေ့နောက် ပြောင်းရွေ့ခြင်းဖြင့် စကားလုံးတို့၏ အနက်မှာ ပြောင်းသွားနိုင်သည်။
ပုံစံအားဖြင့် မြန်မာဘာသာစကားရှိ ‘အစားအသောက်’ ဟူသော စကားလုံးတွင် အစိတ်အပိုင်းအားဖြင့် ‘အစား’ နှင့် ‘အသောက်’ ဟူ၍ နှစ်ပိုင်းပါဝင်သည်။ စားဖွယ် သောက်ဖွယ် တခုခုကို ရည်ညွှန်းသော အနက် ပေးသည်။ ၎င်းအစိတ်အပိုင်းတို့၏ နေရာကို ရှေ့နောက် ပြောင်းလိုက်သောအခါ ‘အသောက်အစား’ ဟူသော စကားလုံး ဖြစ်လာသည်။ ထိုအခါ မူလအနက် မဟုတ်တော့ဘဲ ‘အရက်သေစာ’ ဟူသော အနက်သို့ ပြောင်းသွားပေတော့သည်။
ထို့နည်းတူ ‘ပိုင်းဖြတ်’ နှင့် ‘ဖြတ်ပိုင်း’၊ ‘ပင်ပန်း’ နှင့် ‘ပန်းပင်’ အစရှိသော စကားလုံးတို့၏ နေရာအပြောင်းအရွေ့နှင့် အနက်အပြောင်းအလဲကို တွေ့နိုင်သည်။
ခြုံ၍ဆိုရသော် စကားလုံးတို့၏အနက်သည် ပြောင်းလဲခဲ့သည်။ ပြောင်းလဲနေသည်။ ပြောင်းလဲဦးမည်လည်း ဖြစ်သည်။ ထို့ကြောင့် အဘိဓာန်ပညာရှင်တို့သည်လည်း အသစ်
5 U.P.-S. 153-6600-18-9-80, A. T.
အသစ်သော အဘိဓာန်တို့ကို မွမ်းမံ ဖြည့်စွက် ကြရဦးမည်။ အတ္ထဗေဒပညာရှင်တို့သည်လည်း အသစ်အသစ်သော အတ္ထဗေဒသီအိုရီများကို ထပ်ကာထပ်ကာ ထုတ်ကြရဦးမည် ဖြစ်ပေတော့သည်။
ကျမ်းကိုးစာရင်း
(မြန်မာ)
၁။ ကျော်အောင်စံထား။ ဒုတိယ။ ဝေါဟာရတ္ထပကာသနီ။ ရန်ကုန်၊ လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်၊ မ-၁၃၂၀။
၂။ မြန်မာစာအဖွဲ့။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ အတွဲ ၁၊ က-စ၊ ရန်ကုန်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ၁၉၇၈။
၃။ — — — ၊ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ အတွဲ ၂၊ ဆ-န၊ ရန်ကုန်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ၁၉၇၉။
၄။ — — — ၊ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ အတွဲ ၃၊ ပ-ယ၊ ရန်ကုန်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ၁၉၇၉။
၅။ လှသမိန်။ မြန်မာစာဖြေစရာ၊ ရန်ကုန်၊ ပညာအလင်းပြ စာအုပ်တိုက်၊ ၁၉၆၇။
(အင်္ဂလိပ်)
6. Boulton, M. The Anatomy of Language. London, Routledge and Kegan Paul, 1968.
7. Gove, P.B. and editorial staff. Webster's Third New International Dictionary. U.S.A., G and C Merriam Co., 1971.
8. Helene and Charton Laird. The Tree of Language. London, Faber and Faber, 1970.
9. Hornby, A.S. and others. The Advanced Learner's Dictionary of Current English, 2nd ed. by A.S. Hornby, E.V. Gatenby and H. Wakefield. London, Oxford University Press, 1972.
10. Jenkinson, Edward B. What is Language? Indiana University Press, 1967.
11. Potter, S., Our Language. Penguin Book, 1967.
(ကို သက်မှူး ကျေးဇူး)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment