"ဟင်းမျောခပ်သည်" အသုံးစကားအကြောင်း ၅-၇-၂၀၂၆ နေ့က စုဆောင်းတင်ပြထားပါတယ်။ ကွန်မင့်တွေ အမျိုးမျိုးရတယ်။
၁။ ရခိုင်မှာတော့ အမြဲကြားနေရတဲ့စကားတခွန်းပါ၊ ဟင်းခပ်အတွက် ငါး၊ ပုစွန်ကို ဟင်းမျောစာလို့ ခေါ်ပါတယ်။
၂။ အောက်ပြည်အောက်ရွာကလူတွေ ဒီလိုပဲသုံးသလား ထင်မိတဲ့အထိ
၃။ ကျမတို့ဒေသမှာ ဟင်းမျိုးခပ်။
၄။ အညာမှာတော့ မကြားဖူးပါ။
၅။ ရခိုင်လို ဟင်းမြိုးခပ်တယ်ဆိုတာက ဟင်းထဲမှာ ငပိသို့မဟုတ် ပုစွန်ခြောက် ငါးလေးခြောက် စသဖြင့် ဟင်း၏အရသာ ပိုကောင်းစေမည့်food additives တွေသုံးတာကိုခေါ်တယ်
၆။ ကျမတို့ တနသ်ာရီတိုင်းသားတွေကတော့ ဟင်းမျိုးဟုသုံးသည် ဆရာ
၇။ ဟင်းမျိုးခပ်သည်
၈။ ရခိုင်သူတယောက်ကတော သူတို့ဆီမှာ အဲလိုမပြောဘူးတဲ့။
AI က ဘယ်လိုထည့်ဖြည့်ချင်ပါသလဲ။
Gemini
"ဟင်းမျောခပ်သည်" သို့မဟုတ် "ဟင်းမျိုးခပ်သည်" ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ဒေသအသီးသီးမှ ကွန်မင့်ပေးသူများ၏ မှတ်ချက်များသည် မြန်မာ့ဒေသန္တရစကား (Dialect) နှင့် စာပေသုံးစကားတို့၏ စိတ်ဝင်စားဖွယ် ဆက်စပ်မှုကို ပေါ်လွင်စေပါသည်။
၁။ အသံထွက်နှင့် အရေးအသား ကွဲပြားမှု (Phonetic Variation)
ကွန်မင့်များတွင် "ဟင်းမျော" နှင့် "ဟင်းမျိုး" ဟူ၍ နှစ်မျိုးကွဲပြားနေသည်ကို တွေ့ရပါသည်။
ရခိုင်ဒေသန္တရအသုံးနှင့် တနင်္သာရီအသုံး: ရခိုင်နှင့် တနင်္သာရီဒေသများတွင် "မျော" နှင့် "မျိုး" အသံထွက်သည် အနီးစပ်ဆုံး ရှိတတ်ကြပြီး၊ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် ဟင်း၏ အရသာကို မြှင့်တင်ပေးသည့် (ငပိ၊ ပုစွန်ခြောက်၊ ငါးခြောက်) အမယ်များကို "ဟင်းမျိုး/ဟင်းမျော" ဟု သုံးစွဲကြခြင်း ဖြစ်နိုင်ပါသည်။
၂။ "ဟင်းမျော" ၏ အဓိပ္ပာယ်ရင်းမြစ်ကို စာပေကြောင်းအရ ရှာဖွေခြင်း
အညာဒေသ (ဗဟိုမြန်မာပြည်) တွင် မကြားဖူးဟု ဆိုသော်လည်း၊ ရှေးဟောင်းမြန်မာစကား အသုံးအနှုန်းများတွင် "မျော" သို့မဟုတ် "မြော" သည် အနည်းငယ်မျှသော ပမာဏ၊ သို့မဟုတ် ဟင်းအိုးထဲသို့ ပစ်ထည့်လိုက်သော အရာကို ရည်ညွှန်းလေ့ရှိသည်။
ဥပမာအားဖြင့် ဟင်းအိုးထဲတွင် အရသာအတွက် ငါး၊ ပုစွန်၊ ငပိတို့ကို "မျော" (အိုးထဲတွင် မျောနေအောင်) ခပ်နှောထည့်ခြင်းဟူသော သဘောမှ ဆင်းသက်လာနိုင်ပါသည်။
ရခိုင်တွင် "ဟင်းခပ်အတွက် ငါး၊ ပုစွန်ကို ဟင်းမျောစာ" ဟု ခေါ်ဆိုခြင်းသည် အဓိပ္ပာယ်ချင်း အလွန်တိုက်ရိုက်ကျပြီး ရှင်းလင်းလှပါသည်။
၃။ ဒေသတခုတည်းအတွင်း အမြင်ကွဲပြားမှု (Intra-regional Difference)
ရခိုင်သူတဦးက "သူတို့ဆီမှာ အဲလိုမပြောဘူး" ဟု ငြင်းဆိုထားခြင်းသည် ဒေသန္တရစကား၏ သဘာဝ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း၌ပင် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ စသည့် မြို့နယ်အလိုက် အသုံးအနှုန်းနှင့် ဝေါဟာရ အနည်းငယ်စီ ကွဲပြားတတ်သဖြင့် တဦးနှင့်တဦး ကြားဖူးနားဝ ရှိပုံချင်း မတူနိုင်ပါ။
၄။ Food Additives (အရသာတိုးဆေး) နှင့် "ဟင်းခတ်"
ကွန်မင့် (၆) တွင် ပါရှိသည့်အတိုင်း ရှေးလူကြီးများသည် ယနေ့ခေတ်ကဲ့သို့ ဟင်းခတ်မှုန့် (အချိုမှုန့်/ကြက်သားမှုန့်) များကို မသုံးဘဲ ဟင်းအရသာ လေးပင်စေရန်အတွက် သဘာဝအတိုင်း ရရှိသော ငပိ၊ ပုစွန်ခြောက်၊ ငါးလေးခြောက်များကိုသာ အားထားခဲ့ကြသည်။ ထိုအရာများကို ဟင်းအိုးထဲသို့ "ခပ်" ပေးခြင်းကို "ဟင်းမျောခပ်သည် / ဟင်းမျိုးခပ်သည်" ဟု သုံးစွဲခြင်း ဖြစ်သဖြင့်၊ ၎င်းသည် "သဘာဝအတိုင်း ဟင်းအရသာကို မြှင့်တင်ခြင်း" ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
ဖြည့်စွက်ချက်အကျဉ်း
"ဟင်းမျောခပ်သည်" ဆိုသည်မှာ အောက်ပြည်အောက်ရွာနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများ (ရခိုင်နှင့် တနင်္သာရီ) တွင် ပိုမိုထင်ရှားသော၊ သဘာဝပင်လယ်စာများဖြင့် ဟင်းကို အရသာသွင်းသည့် ချစ်စဖွယ် ဒေသန္တရအသုံးအနှုန်းတခု ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည် ဆရာ။
မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၄ (၁၉၈၀)
ထဲမက ဟင်း အုပ်စုစကားလုံးများထဲမှာ
ဟင်းမျော မပါ၊
ဟင်းမြော မပါ။
ဟင်းမျိုး ပါတယ်။
ဟင်းမျိုး – န / ဟင်းမြိုး / ၁၊ သမင် ဒရယ် စသော အသားစားရသည့် တောတိရစ္ဆာန်မျိုး။
ဟင်း
ဟင်း¹ – န / ဟင်း / ထမင်းနှင့်တွဲဖက်စားရသော စီမံပြုလုပ်ထားသည့် အရည်အဖတ် စသည့် စားဖွယ်။
ဟင်း² – နဝိ / ဟင်း / လစ်လပ်လျော့ပါးသော။ (လစ်ဟင်း၊ ဟင်းလင်းစသည်ဖြင့် အသုံးများသည်။) “လူတယောက် လျော့သည့်အတွက် အလုပ်ဟင်းသည်။” ယု။ ၁၀၅၄။
ဟင်း³ – အာ / ဟင်း / ငယ်ရွယ်သူ သို့မဟုတ် ရည်တူတန်းတူ တစုံတဦးအား ခြိမ်းခြောက်ဟန့်တားသည့်အနေဖြင့် ပြောဆိုသော စကားသံ။ “ဟင်း – ကြပ်ကြပ် သတိသာထား။” ထွေ။ ၁၀၇။
ဟင်းကျွေး – န / ဟင်းဂျွေး / ဟင်း¹ – န၊ နှင့် အတူတူ။ (ဟင်းကျွေးဟင်းရံ၊ ဟင်းကျွေးဟင်းလျာဟူ၍ အသုံးများသည်။)
ဟင်းခါး – န / ဟင်းဂါး / အသား၊ ငါး၊ ငါးပိ စသည် ခတ်၍ အသီးအရွက် တစုံတရာကို ထည့်ပြုတ်ထားပြီး ကြက်သွန်ဖြူ၊ ငရုတ်ကောင်းများစွာ ခတ်ထားသည့် ဟင်းရည်။
ဟင်းခင်း – န / ဟင်းဂင်း / ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသော စိုက်ကွင်းခြံမြေကွက်။
ဟင်းခတ် – ကြိ / ဟင်းဂတ် / ဟင်းထဲတွင် ရောနှောထည့်သွင်းသည်။ – န / ဟင်းဂတ် / ဟင်းအနံ့၊ အရသာ ထူးကဲအောင် ဖြည့်စွက်ထည့်သောအရာ။ (ငါးခြောက်၊ ငါးပိ၊ အသား၊ ငံပြာရည်၊ မဆလာ၊ ပင်စိမ်းရွက်၊ နံနံပင်စသည်များစွာ ရှိသည်။)
ဟင်းချ – ကြိ / ဟင်းချ / ၁၊ စိတ်ပျက်သောအခါ၊ စိတ်လျှော့လက်မှိုင်းချသော အခါတို့တွင် ထွက်သက်နှင့်အတူ “ဟင်း” ဟူသော အသံမြည်အောင် ညည်းညူ မြည်တမ်းသည်။ ၂၊ စိတ်ထဲတွင် ကြိတ်ခဲအောင်အည်းထားရသမျှ ပြီးပြတ်လွတ်ကင်း၍ လွတ်လပ်စွာသက်ပြင်းမှုတ်ထုတ်သည်။ “နောက်ပိတ်ဆုံး အောင်တော့မှ ဟင်းချ၍ငြီးငြမ်းရရှာဘဲဟု ပြောဆိုနေဆဲကို။” သန်းမေ၊ ဒု။ ၁၅။
ဟင်းချို – န / ဟင်းဂျို / အသား၊ ငါး၊ ငါးပိ စသည်ထည့်ပြီး အသီးအရွက် တစုံတရာကိုခတ်၍ ချက်ထားသောဟင်းရည်။
ဟင်းချိုရွက် – န / ဟင်းဂျိုယွက် / ဟင်းချိုတွင် ခတ်ရသော အရွက်အမျိုးမျိုး။
ဟင်းခွက် – န / ဟင်းဂွက် / ၁၊ ဟင်းထည့်လေ့ရှိသောပန်းကန်။ ၂၊ ဟင်းနှင့်တကွသော ပန်းကန်။ ၃၊ ဟင်းအမျိုးအစား တခွက်။ “ဟင်းခွက်သုံးရာပြည့်အောင်စားသည်။”
ဟင်းဂလာ – န / ဟင်းဂလာ / အချိုးအရွက်ပါ ချဉ်ဖတ်တည်၍ စားသုံးရသည့် တနှစ်ခံ ပင်ငယ်တမျိုး။
ဟင်းစား – န / ဟင်းဇား / ၁၊ ဟင်းချက်စားသောက်ရန် ရှာဖွေရရှိသည့် အသားငါးစသည်။ ၂၊ ဟင်းထည့်သော ပန်းကန်လုံး။
ဟင်းစပ် – န / ဟင်းဇတ် / ဟင်းတမျိုးနှင့် တမျိုး အတွဲအဖက်။ “ဝက်သားဆီပြန်၊ ချဉ်ပေါင်ဟင်းနှင့် ငါးပိထောင်းမှာ ဟင်းစပ် တည့်လှသည်။”
ဟင်းညွှန့် – န / ဟင်းညွန့် / ဟင်းရမ်း – န၊ ရှု။
ဟင်းညွှန့်ဖူး – န / ဟင်းညွန့်ဖူး / ဟင်းရမ်းဖူး – န၊ ရှု။
ဟင်းနုနွယ် – န / ဟင်းနုနွယ် / အရိုးအရွက်ကိုနူးညံ့ပြီး စားရသော တနှစ်ခံ ပင်ငယ်တမျိုး။ (အဖြူ၊ အနီ ဟူ၍ ကွဲသည်။)
ဟင်းနုနွယ်ဆူးပေါက် – န / ဟင်းနုနွယ်ဆူးဗောက် / ဆူးပါရှိ၍ အရွက်ကျစ်လျစ်သော ဆေးဖက်ဝင်သည့်ဟင်းနုနွယ်ရိုင်းတမျိုး။
ဟင်းဖတ် – န / ဟင်းဗတ် / ဟင်းထဲတွင်ပါရှိသော ညက်ကြေခြင်းမရှိသည့် အသား၊ အရွက် စသည်။
ဟင်းမျိုး – န / ဟင်းမြိုး / ၁၊ သမင် ဒရယ် စသော အသားစားရသည့် တောတိရစ္ဆာန်မျိုး။ “တောတွင်လိုက်သတ်၊ တောမီးဆတ်၍၊ တောနက်လကို၊ တောဟင်းမျိုးဟု၊ ဆုနှီး
ရာစု၊ စားငှာဝမ်းမြောက်။” သစ္စာ* ၁၅၃။ ၂၊ ကျားကို တောလိုက်မုဆိုးတို့ ကန်တော့၍ခေါ်သော အမည်။
ဟင်းရိုင်း – န / ဟင်းယိုင်း / ဟင်္သပြဒါး ထုတ်ယူနိုင်သော ဆေးဖက်ဝင်သည့် မြေထွက်သံဓာတ်တမျိုး။
ဟင်းရည် – န / ဟင်းယေ / ဟင်းထဲတွင်ပါရှိသော အရည်။
ဟင်းရမ်း – န / ဟင်းယန်း / အင်ပျက်၊ ရေကန်ပျက်စသည်များတွင် ပေါက်လေ့ရှိ၍၊ အပွင့်ဖြူများ အဆုပ်အခိုင်လိုက်ပွင့်တတ်သော ကြာပင်ငယ်တမျိုး။
ဟင်းရမ်းဖူး – န / ဟင်းယန်းဗူး / [ဗိ] ဟင်းရမ်းပင်၏ ပန်းအဖူးသဏ္ဌာန်နှင့်တူသော ဗိသုကာ အဆင်အယင်တမျိုး။ (လှံသွား ဆင်စွယ်များတို့ကို ဟင်းရမ်းဖူးသဏ္ဌာန် ပြုလုပ်သည်။)
ဟင်းရွက် – န / ဟင်းယွက် / စားရသော အရွက်အမျိုးမျိုး။
ဟင်းရွက်ကန်စွန်း – န / ဟင်းယွက်ဂန်စွန်း / [ဥပမာ] တန်ဖိုးနည်းပါးသော အပေါစားအရာ။ “မောင်ရင်က ကျုပ်သမီးကို ဟင်းရွက်ကန်စွန်း မှတ်လို့လား။”
ဟင်းရွက်ဆီ – န / ဟင်းယွက်ဆီ / အသီးအရွက်တို့မှ ထုတ်လုပ်ရရှိသောဆီ။
ဟင်းလေး – န / ဟင်းလေး / ဟင်းအမျိုးမျိုးကို ရောကျိုထားသော ဟင်း။ ယင်းဟင်းနှင့် အလားတူ ဝက်သား၊ ချဉ်ပေါင်၊ ပဲပြုတ်စသည်တို့ကို ရောပြွမ်းချက်ထားသော ဟင်းတမျိုး။
ဟင်းလေးအိုး – န / ဟင်းလေးအိုး / ၁၊ ဟင်းစုံ ရောပြွမ်းချက်ထားသော အိုး။ ၂၊ [ဥပမာ] ဗဟုသုတအမျိုးမျိုး ကြွယ်ဝသူ။
ဟင်းလင်း – ကြိဝိ / ဟင်းလင်း / အတားအဆီးမရှိဘဲ။ ထုတ်ချင်းခတ် မြင်သာလျက်။ “ဟင်းလင်းဖွင့်အပ်သော တံခါးရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း၊” ချုပ်ပုံ၊ ပ။ ၁၁၃။ – နဝိ / ဟင်းလင်း / အပိတ်အကာမရှိသော။
ဟင်းလင်းပြင် – န / ဟင်းလင်းဗျင် / အတားအဆီး မရှိသော ဝန်းကျင်။ အာကာသအပြင်။
ဟင်းလျာ – န / ဟင်းယာ / ဟင်းလယာ / ၁၊ ဟင်း¹ – န၊ နှင့် အတူတူ။ ၂၊ ဟင်းအဖြစ် ချက်ပြုတ်စားသောက်ရန် အသားငါးစသောအရာ။
ဟင်းသီးဟင်းရွက် – န / ဟင်းသီးဟင်းယွက် / အနည်းနည်း စီမံပြုလုပ် စားသောက်ကောင်းသော အသီးအရွက်၊ အညွန့်၊ အပွင့်၊ အမြစ် စသည်။
ဟင်းသောက်ဇွန်း – န / ဟင်းသောက်ဇွန်း / ဟင်းရည်ကိုခတ်၍ သောက်ရသည့် အခွက်စောက် ဇွန်းတမျိုး။
ဟင်းသောက်ပန်းကန် – န / ဟင်းသောက်ဗန်းကန် / အရည်သောက်ဟင်းထည့်လေ့ရှိသော ပန်းကန်စောက်။
ဟင်းအိုး – န / ဟင်းအိုး / ၁၊ အများအားဖြင့် ဟင်းချက်လေ့ရှိသည့်အိုး။ ၂၊ ဟင်းနှင့်တကွသော အိုး။
ဟင်္သပြဒါး – န / ဟင်းသဗဒါး / ဟင်းရိုင်းမှ ထုတ်လုပ်ရရှိသော နီသောအမှုန့်တမျိုး။ [ပါ]
ကျွန်တော့်မှတ်ချက်
အဘိဓာန် နဲ့ သတ်ပုံကျမ်းတွေမှာ
ဒေသသုံး (ဒေသိယ) စကားလုံးတွေ
ဘန်းစကားတွေ
ခေတ်ပေါ်စကားလုံးတွေ
ခေတ်ပျက်အသုံးတွေ
ပါလေ့မရှိပါ။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment