၇–သရ–ဗျည်းတို့၏ သရုပ်သင်္ချာနှင့်တကွ၊ ၎င်းသရဗျည်းတို့၏ အက္ခရာမည်ပုံကို အကျယ်အဓိပ္ပါယ် ဖော်ပြကြောင်း
ဤနှိုက် လူပြိန်းတို့အား၊ သရ၊ ဗျည်း၊ စသည်တို့၏ လက္ခဏာကို သတိရှိစေခြင်းငှာ အမြွက်မျှ ရေးလိုက်အံ့။ ။
အအာ၊ ဣဤ၊ ဥဦ၊ ဧဩ၊ ကခဂဃင၊ စဆဇဈည၊ ဋဌဍဎဏ၊ တထဒဓန၊ ပဖဗဘမ၊ ယရလဝ၊ သဟဠအံ၊ ဤ (၄၁) လုံးသော ဝဏ္ဏတို့သည် (နက္ခရတ္ထိတိအက္ခရာ၊ ပမာဏတော ကေဝတ္တာလီသမတ္တာ ဝဏ္ဏာ ဝါကဘာဝေန ပိဋကတ္ထယံ ပတ္တာပိ နိယန္တီတိ အက္ခရာ) ဟူသော ပါဠိနှင့်အညီ အတိုင်းအရှည်အားဖြင့် (၄၁) လုံးမျှသာ ဖြစ်သော ဝဏ္ဏတို့သည် အနက်ကို ဟောသော အဖြစ်ဖြင့် ပိဋကတ်သုံးပုံသို့ ရောက်၍ သော်လည်း မကုန်တတ်သောကြောင့် အက္ခရာမည်ကုန်၏။ ။
ပိဋကတ်သုံးပုံသို့ ရောက်၍မျှ မကုန်တတ်ဟန်ကား။ (၄၁) လုံးသောဝဏ္ဏတို့တွင် တလုံးတလုံးသော ဝဏ္ဏမျှ မဟောစွမ်းသော အနက်ဟူ၍ ပိဋကတ်သုံးပုံနှိုက်သော်လည်း မရှိ။ အကြောင်းမျှလောက်သော အနက်သည်ရှိ၏။ ထိုမျှလောက်သော အနက်ကို ဟောနိုင်သည်သာ ဖြစ်၏။ ကုသိုလ် အကုသိုလ် စေတနာဟူသောကံသည် တခုခုသော ဘဝနှိုက် ခံစားထိုက်သော အကျိုးပေးခြင်း သတ္တိ ကုန်သည်ကို ကမ္မက္ခယ။ ရက်၊ လ၊ နှစ်၊ စသည်ဖြင့် အပိုင်းအခြား ကာလ ကုန်သည်ကို အာယုက္ခယ ဟု ဆိုအပ်သကဲ့သို့ လည်းကောင်း၊ ထမင်း၏ သတ္တိကုန်၍ ဆာမွတ်ခြင်း၊ မီး၏သတ္တိကုန်၍ မီးငြိမ်းခြင်း ဖြစ်သကဲ့သို့လည်းကောင်း၊ အက္ခရာတို့၏ ဟောစွမ်းသော သတ္တိသည် ကုန်၍ မဟောစွမ်းသော အနက်ဟူ၍ အနန္တနယ ဖြစ်သော ပိဋကတ်သုံးပုံနှိုက်သော်လည်း မရှိ။ ဤသို့လျှင် အကြွင်းမဲ့ သိဝင်ပြီးသော သဗ္ဗညုတဉာဏ်ဖြင့် ပိုင်းခြား၍ ဟောအပ်သော ပိဋကတ်သုံးပုံသို့ရောက်၍ သော်လည်း အက္ခရာတို့၏ ဟောစွမ်းနိုင်သော သတ္တိသည် မကုန်သေးတုံလျှင် အကြွင်းရှိ၍ သိမြင်ရာမျှသာ သိမြင်သော မြမ္မာစသော လူမျိုးတို့၏ဉာဏ်ဖြင့် ပိုင်းခြား၍ ခေါ်ဝေါ်အပ်သော အရာသို့ရောက်၍ သော်ကား အဘယ်သို့ ကုန်တတ်အံ့နည်း ဟူလိုသည်။ ။
[ဤကား ပတ္တာပိနှိုက် ဝိ-ကို (သိနေရမပိဝိတ္တေယျ) နှိုက် ကဲ့သို့ သမ္ဘာဝနာ အနက်ယူ၍ ဆိုလိုက်သည်။]
ဝေါဟာရတ္ထ ပကာသနီဆိုသည်မှာ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၁၃၁ ခုနှစ်တွင် ဒုတိယကျော်အောင်စံထားဆရာတော် ရေးသားပြုစုခဲ့သော ထင်ရှားသည့် ဘာသာဗေဒနှင့် သတ်ပုံသဒ္ဒါကျမ်းတဆူ ဖြစ်သည်။
- အဓိပ္ပါယ်
- တလုံးတလုံးသော
- တခုခုသော
- နှိုက်
- မြမ္မာ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment