မင်္ဂလာပါဆရာရှင့် ၁ ခုလောက်မေးခွင့်ပြုပါ ပျားလဘို့ စာလုံးပေါင်းအမှန်လေးသိချင်လို့ပါရှင့်
ပျား
ပျား၁ – န / ပျား / အအုံဖွဲ့လျက် စုပေါင်းနေထိုင်လေ့ရှိ၍ ရန်သူကို တုပ်တတ်သော ဝတ်ရည်စုပ် ပိုးပျံတမျိုး။ (ပျားကြီး၊ ယင်ပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျား၊ မွေးလိမ်ပျားဟူ၍ ကွဲပြားသည်။)
ပျားကြီး – န / ပျားဂျီး / အကောင်အတန်ငယ်ကြီးသော ပျားတမျိုး။
ပျားကြီးရည် – န / ပျားဂျီးယေ / ပျားကြီးကောင်များ၏ အအုံ (ပျားသလောက်)မှ ရရှိသော အရည်။
ပျားစားလက်ဆေး – ကြိဝိ / ပျားဇားလက်ဆေး / (ပျားရည် စစ်စစ်သည် လက်တွင် စွန်းပေက ဆေးကြောသော် လုံးဝ ပြောင်စင်ဘိသကဲ့သို့၊) မကြွင်းမကျန်၊ အကုန်အစင်။
ပျားစွဲ – ကြိ / ပျားဇွဲ / တနေရာရာတွင် ပျားများ အုံဖွဲ့သည်။
– န / ပျားဇွဲ / အဆောက်အအုံ၏ အပေါက်ဝ အထက် ထောင့်ကွေး တဘက်တချက်တွင် ဆွဲဆင်သော ပန်းခက် ပန်းနွယ် ထွင်းထုပြုလုပ်ထားသည့် အဆင်တန်ဆာ။
ပျားစွဲလ – န / ပျားဇွဲလ? / တန်ခူးလ။
ပျားဆွဲ – န / ပျားဇွဲ / ကျွဲနွားတို့၏ လက်နှစ်ဘက်အကြားနှင့် ဝမ်းဗိုက်အောက်တွင် ပျားအုံကဲ့သို့ အရေပြားတွဲလဲပါရှိသည့် အဖြစ်သန္တာန်မျိုး။
ပျားတူ – န / ပဒူ / နကျယ်ကောင်အမျိုးအစားဝင်၊ ပျားကဲ့သို့ နာကျင်အောင်တုပ်တတ်သော ပိုးမွှားကောင်တမျိုး။
ပျားတူအုံလိုက် – ကြိ / ပဒူအုန်လိုက် / ပျားတူအုံပမာ အပေါက်များဆက်ပြန့်ဖြစ်ပေါ်သည်။ စကောပေါက်ဖြစ်သည်။
ပျားပန်းခတ် – ကြိ / ပျားဗန်းခတ် / [ဥပစာ] ခေါက်တုံ့ခေါက်ပြန် ရှုပ်ယှက်ခတ် သွားလာလှုပ်ရှားသည်။
ပျားဖယောင်း – န / ပျားဖယောင်း / ပျားကောင်တို့၏ စားကြွင်းမှဖြစ်သော ဖယောင်း။
ပျားဖွတ် – ကြိ / ပျားဖွတ် / ပျားကောင်ကို အများအားဖြင့် မှိုင်းတိုက်၍ နှင်ထုတ်ကာ ပျားအုံကို ရယူသည်။
ပျားဖွတ်ငှက် – န / ပျားဖွတ်ငှက် / ပျားရည်ကို ရှာဖွေ စားသောက်တတ်သော ငှက်ငယ်တမျိုး။
ပျားဘုရင်မ – န / ပျားဗယင်မ? / ပျားအုံ တအုံတွင် အများဆုံး ဥသော အကြီးအကဲပျားမ။
ပျားရည် – န / ပျားယီ / ပျားကောင်များ ပန်းပေါင်းစုံမှ စုပ်ယူစုဆောင်းထားသည့် ဝတ်ရည်ချို။ (ပျားကြီးရည်၊ ပျားကလေးရည်ဟု ကွဲပြားသည်။ ပျားလပို့မှ ညှစ်ယူရသည်။)
ပျားရည်ဆမ်း – န / ပျားယေဆန်း / ငှက်ပျော၊ ပိန္နဲ၊ သရက်၊ နာနတ် စသော သစ်သီးမျိုးတွင် အရသာ ချိုလေးသည့်အသီးကိုခေါ်သောအမည်။
ပျားရည်နှင့်ဝမ်းချ – ကြိ / ပျားယေနဲ့ဝန်းချ / [ဥပစာ] လိုရာကိစ္စကို ဆောင်ရွက်စေရန် နှုတ်သိမ့်ဖွယ်တရားဖြင့် လိုက်လျောဆွဲဆောင်သည်။
ပျားလပို့ – န / ပျားလဗို့ / ပျားကောင်တို့ ဝတ်ရည်သိုလှောင်ရာ ပျားအုံအထက်ပိုင်း။
ပျားသလောက် – န / ပျားသလောက် / ပျားလပို့နှင့် ဆက်လျက် အောက်သို့တွဲလျားကျနေသောပျားနှင့် ပျားကောင်နုများနေရန် အပေါက်လိုက် ခေါင်းကလေးများ ပါရှိသည့် ပြားချပ်သော ပျားအုံအောက်ပိုင်း။
ပျားအုံ – န / ပျားအုန်း / ပျားလပို့နှင့် ပျားသလောက်အပါအဝင် ပျားအသိုက်အအုံ။
နွားလပို့ – န / နွားလဗို့ / နွား၏ လက်ပြင်ထက်တွင် ရှိသော အဖုအလုံး။
နွားလားဥသဘ – န / နွားလားအုတ်သဘ? / ၁။ နွားအုပ်ကို ဦးစီးသော နွား။ ၂။ [အင်္ဂါ]ကျောက်ချဉ်ဖြူ၏ အင်္ဂါရပ် အမည်။
နွားလိုက် – န / နလိုက် / ပြိုင်လှည်းတွင် အလှည့်ဘက်က ထားရသည့် ဆင်ဟန်သွားတတ်သော နွား။ နွားနင်း။ “လယ်သမားကြီးဦးဘိုးသီးသည်နွားလိုက်တကောင် လိုသဖြင့် အခြားရွာကဝယ်၍ လာတယ်။” ဝိဇာဒိ။ ၁၀၂။
နွားလည်ပျဉ်း – န / နွားလယ်ဗျင်း / ၁။ နွားလည်ပင်းတွင် တွဲလျားကျနေသော အရေပြား။ ၂။ သစ်ပင်တမျိုး။
နွားလမ်း – န / နွားလန်း / [ဗေဒင်] ပြိဿရာသီ၊ မေထုန်ရာသီ၊ ကရကဋ်ရာသီ၊ သိမ်ရာသီတို့တွင် နေလတို့ သွားရာလမ်း။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment