မေးခွန်းတခု = ဆရာမြန်မာစာတော့မဟုတ်ပါ။ သီလမရှိသူထံ သီလယူလို့ရပါသလား ဆရာ။မေးလို့တော့ ကျေးဇူး။
ကျွန်တော်က ဘာသာရေးအသိကို ဆရာလုပ်နိုင်သူတော့ မဟုတ်ပါ။
ဘယ်ဘာသာရပ်ကိုမဆို ယုတ္တိတန်အောင် စဉ်းစားဆင်ခြင်ရေးကို အမြဲတင်ပြလေ့ရှိသူဖြစ်ပါတယ်။
သီလရှိ မရှိ ဘယ်သူက စစ်လို့ သိသလဲ။
ဖတ်မှတ် လေ့လာတဲ့ဘာသာရေးသုတအရ အထက် အနည်းဆုံးတဆင့်မြင်သူမျိုးက သူ့ထက်အဆင့်နိမ့်သူတွေကို အကဲဖြတ်နိုင်တယ်။
ဥပမာ ၁၀ တန်းအောင်သူက လေးတန်းကျောင်းသားစာရေးတာ မှန် မမှန်သိနိုင်သလို။
နောက်တချက်
သီလဆိုတာ ဆရာတော် ချပေးတာကို လိုက်ဆိုခြင်းနဲ့
ဆင်းတုတော်ရှေ့မှာ ကိုယ်တိုင်ရွတ်ဆိုခြင်းရယ်လို့ ရှိတယ်။
ဒီအထိက သီလယူတာ။ ကျင့်တာ မပါသေးပါ။
အကောင်း၊ အဆိုး၊ တရား၊ မတရား စတာတွေတိုင်းမှာ စိတ်၊ နှုတ် (အပြောအဆို + အရေးအသား) နဲ့ ကိုယ်ထိလက်ရောက်လို့ သုံးမျိုးရှိပါသတဲ့။
သီလယူသူရဲ့စိတ်မှာဖြစ်နေတာတွေကို တခြားလူတွေက မသိနိုင်။
အကောင့်အတုနဲ့ ဖေ့စ်ဘွတ်မှာရေးတာကိုလည်း ဘယ်သူလို့ မသိနိုင်။ ၁၀ ပါးသီလယူထားသူလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ (ကန်တော့)။
နောက်တချက်
သီလပေးသူရော သီလယူသူပါ သင့်မှန်ရင် ကောင်းတယ်။
ခက်တယ်။ အလွန်ခက်ခဲတယ်။
လူ့စိတ်ဆိုတာ စက္ကန့်တိုင်းမှာ ပြောင်းလဲနေတယ်။ စာထဲပါ တရားအဆိုကို မထည့်တော့ပါ။
သီလကျိုး မကျိုး ဘယ်သူက ဆုံးဖြတ်မလဲ။
ယူထားတဲ့သီလကို တမနက်ဖြစ်စေ၊ နေ့တဝက်ဖြစ်စေ စောင့်ထိန်းနိုင်ခြင်းဟာလည်း စောင့်ထိန်းခြင်းမရှိသူတွေထက် ကောင်းတယ်။
နောက်တချက်
သီလစောင့်ခြင်းဆိုတာ စောင့်တဲ့သူအတွက်ဖြစ်ပါတယ်။
ပေးတဲ့သူနဲ့ ဘေးကလူတွေအတွက် မဟုတ်ပါ။
စာရှည်သွားပြီ။
ကျွန်တော်ကတော့ ပင်လယ်ထဲပေါ်နေတဲ့ ရေခဲတုံးကြီး ထိပ်ဖျားက ရေခဲမှုန်လေးတခုစာသာ သိပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment