ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။
ပဒေသာ၊ ထေရ်ဝါ ရည်စူးလို့၊ လှေဦးမှာ လေး။
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံ တေး။
သောင်အခြေ၊ ခေါင်ရေ လေမြူးတော့၊ ရေရူးတွေ ဖွေး။
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံ တေး။
အကောင်သေ၊ တောင်လေ ရေတက်တော့၊ ရေယက်နဲ့ ထွေး။
ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံ တေး။
တက်မကူ၊ ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုယ် လေး။
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံ တေး။
ပြူ့ တပြူ၊ မြေငူ ဓနိကျွန်း၊ သောင်ထွန်းပြီ လေး။
ကျူရိုးရှင် ပီပီနော့၊ သားချော့သံ တေး။
တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေဘဲ။
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ဘဲ။ (ဇော်ဂျီ)
မှတ်ချက် -
အခုခေတ် မြန်မာစာအရာရှိများအလိုအရ
"ကုန်နိုင်ပါလေပဲ"
"တေးစုံနဲ့ပဲ" လို့ ပြင်ရေးကြတော့ ကဗျာ ပျက်ရော။
"မ နောက် ဘဲလိုက်" ပုံသေနည်း မမှန်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment