အဆွေ၌မှာ၊ သက်တရာလျှင်
မနာ မဖျား၊ မြင်လိုငြား၍
လေးပါးဆုတွင်၊ ရှေးဦးတင်၍
အကြင်ဆုကို၊ ငါယူလိုသည်
ငြင်ငြို မရှိ ပေးဘွယ်တည်း။ ။
(ဦးရွှန်း၊ မဟာသုတသောမပျို့၊ ပိုဒ်-၁၁၇)
မှတ်ချက် -
အကျွန့်ဆုတောင်းသည် သက်'တစ်ရာ'လျှင် မဟုတ်ပါ။
မယူလိုသူများ နေနိုင်ကြပါကြောင်း။
(၂)
ရသက၏ နောက်ဆုံးနေ့
တရံရောခါ၊ တနေ့မှာလျှင်
ရှာကာတောင့်တ၊ တယောက်မျှကို
မရသောအား၊ ပြန်လာငြားသော်
လူသားဘယ်မှာ၊ ချက်စရာဟု
ဆီးကာမေးမှ၊ ရသက ကို
ဤသို့ဆို၏၊ ထိုသည်လူသား
ရငြားလိမ့်မည်၊ အိုးသာတည်ဟု
မရှည် ခုပင်၊ ရမည်ပင်တည့်
ဆိုလျှင် ခဏ၊ ရသက လည်း
ကြောက်လှတုန်လျက်၊ ငါ့အသက်လည်း
ထွက်ရတော့အံ့၊ ကြာ မငံ့ဟု
ကြောက်ရွံ့ရွံ့စိုး၊ မျက်နှာညှိုးနှင့်
အပိုးခံလျက်၊ သားထိုးလက်တွင်
ဝက်၏ အသွင်၊ တုန်တုန်ယင်ဖြင့်
ပြင်ဆင် မအား၊ ကိုယ့်အသားကို
သူစားစရာ၊
ကိုယ်သာ မီးထိုး၊ ကိုယ်တည်အိုးဖြင့်
ကျိုးကျိုး နွံနွံ၊ မြောက်မြီးခံသို့
လုပ်ကြံစေမှ၊ ရသက ကို
ခဏတွင်ဖျက်၊ ကိုင်ငင်ချက်သည်
စားရက် မထောက် မညှာတည်း။ ။ (ပိုဒ်-၃၄)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment