မေးခွန်းတခု
လာမည့်နေ့ → လာမယ့်နေ့
လုပ်မည့်အလုပ် → လုပ်မယ့်အလုပ်
စားမည့်မုန့် → စားမယ့်မုန့်
ဆိုတာတွေက မမှန်ဘူးလားဆရာ
အခု သတ်ပုံတွေ ပြောင်းလိုက်ကြတော့
လာမဲ့နေ့
လုပ်မဲ့အလုပ်
စားမဲ့မုန့်
ဆိုပြီး အပြောစကားလုံးတွေကို တွေ့ရတော့ ဖတ်ရတာ သိပ်မချော သလိုဖြစ်ဖြစ်သွားတယ် ဆရာ
ပြန်စာ
(၁)
မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ
- မယ် သာပါပြီး၊
- မယ့် မပါ။
(၂)
မည့်
မည့် – စည်း / မျီ / အနာဂတ်ကာလကို ညွှန်းသော နာမဝိသေသန စကားလုံး။ “သံသရာရေး၊ လာမည့်ဘေးကို၊ မျှော်တွေးငံ့စား၊ အိုချစ်သားတို့။” ဇင်း၊ ပ၊ ၂၃။
(၃)
1. ဆရာခင်ဗျာ။ ကျနော်က ပုံပါအတိုင်း ထင်ပါတယ်။ သူငယ်ချင်းက မြန်မာစာမှာ "မယ့်" ဆိုတာ မရှိဘူး။ "မဲ့" ပဲ ရှိတယ်လို့ ယူဆပါတယ်။ ဘယ်ဟာက မြန်မာစာမှာ အမှန်ပါလဲခင်ဗျာ။
2. ဆရာ မဲ့ နဲ့ မယ့် တွေ့ရင် ပြပါဦး
3. ဆရာ သို့ပေမယ့် သို့ပေမဲ့ သို့ပေမင့် ဘယ်ဟာက အမှန်လဲရှင့်။ တခြားစကားလုံးရှိပါသေးလားရှင့်။
4. ဆရာခင်ဗျာ မယ့် နဲ့ မဲ့၊ လည်း နဲ့ လဲ ရဲ့ အသုံးလေးတွေရှင်းပြပေးပါလားခင်ဗျာ။ မယ့် ကိုတော့ သတ်ပုံကျမ်းမှာ မတွေ့ရလို့ပါ။
5. ဆရာခင်ဗျာ မဲ့ နဲ့ မယ့် အသုံးပါခင်ဗျ။ ဆရာအချိန်ရရင် တင်ပေးပါလားခင်ဗျ။
6. ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။
7. ဆရာရေးပြထားတဲ့ အချက်တွေတော့ မဖြစ်သေးပါဘူး ဒါပင်မယ့် သားသားကို စိတ်ပူလို့ပါ မလိုအပ်ဘဲ ကလေးကို ဆေးမထိုးချင်လို့ပါ (ဒါပေမဲ့လို့ ရေးရ။)
8. ပို့စ်တခု ဖတ်ရတယ်။ မြန်မာအဘိဓာန် နှင့် သတ်ပုံကျမ်းမှာ ‘မယ့်’ မရှိပါ
9. မင်္ဂလာပါဆရာ။ ဒါပေမဲ့လား ဒါပေမယ့်လား ဆရာ။ မယ်နဲ့ မဲ့ ကိုဘယ်နေရာတွေမှာ ဘယ်လိုအသုံးပြုရပါသလည်းဗျ။
10. မယ့် ကို ဘယ်နေရာမှာ သုံးလို့ရပါသလဲရှင့် သူငယ်ချင်းတယောက်က လုပ်မယ့် ဒါပေမယ့်လို့ သုံးလို့ပါ
11. မဲ့ နဲ့ မယ့် အသုံးတွေ သိလိုပါတယ်’ လို့ မေးထားတာ တွေ့မိပါတယ်။
12. ဒါပေမဲ့ လား ဒါပေမယ့်လားဆရာ။
မဲ့အသုံး အတိအကျရှိပါသည်။
- ဒါပေမဲ့ (အမှန်)
- ဒါပေမယ့် (အမှား)
- သို့ပေမဲ့ (အမှန်)
- သို့ပေမယ့် (အမှား)
- သွားမဲ့လမ်း (အမှန်)
- သွားမယ့်လမ်း (အမှား)
- လုပ်မဲ့အလုပ် (အမှန်)
- လုပ်မယ့်အလုပ် (အမှား)
- နာမဝိသေသန (မရှိခြင်းပြ) - မိဘမဲ့၊ အကြောင်းမဲ့၊ အခွန်မဲ့၊ သစ္စာမဲ့၊ လိုင်စင်မဲ့။
- ကြိယာ (မျက်နှာထားပြ) - ငိုမဲ့မဲ့၊ မဲ့ပြုံး၊ မဲ့ရွဲ့။
- ပစ္စည်း (အပြောသုံး) - သွားမဲ့လမ်း၊ ဒါပေမဲ့ (သို့သော်လည်း ဟူသော အနက်အတွက် စကားပြောတွင် သုံးသည်)။
မဲ့
မဲ့ → နာမဝိသေသန
မရှိသော။
လူသူကင်းမဲ့
သက်မဲ့ပစ္စည်း
(အနည်းငယ်လျော့နေသည်ကိုလည်း အရပ်သုံးအဖြစ် ပြောဆိုသည်။ ဥပမာ “တပြည်မဲ့မဲ့” ဟု ပြောဆိုသုံးနှုန်းသည်။)
မဲ့ → ကြိယာ
၁။ ပါးစပ်ကို တွန့်ရွဲ့သည်။
၂။ ပါးစပ်ကို တွန့်ရွဲ့၍ မကြည်သာသည့်သဘောကိုပြသည်။
ငိုမဲ့ငိုမဲ့
မဲ့ပြုံး ပြုံး စသည်။
မဲ့ → ပစ္စည်း
(အပြော) အရေးသုံးမှ ‘မည့်’ ပစ္စည်းနှင့်အတူတူ။
သွားမဲ့လမ်းခရီး။ (အရေးပုံစံ - သွားမည့်လမ်းခရီး။)
သူပြောမဲ့စကား။ (အရေးပုံစံ - သူပြောမည့်စကား။)
ယခင်က ‘မယ့်’ ကို အပြောသုံးတွင် အရေးသုံးမှ ‘မည့်’ အစား အသုံးပြုခဲ့သည်။ ယခုအခါ ‘မယ့်’ အစား ‘မဲ့’ ကို အစားထိုး အသုံးပြုကြောင်း မြန်မာစာအဖွဲ့က အတည်ပြုပြီးဖြစ်ပါသည်။ ထို့ကြောင့် ‘မယ့်’ ကို အသုံးမပြုတော့ပေ။
မဲ့
ငိုမဲ့မဲ့
နိုင်ငံမဲ့
ပြေစာမဲ့
မထီမဲ့မြင်
မျက်နှာမဲ့
မရှိမဲ့ရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပြုံး
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)
ရှုံ့မဲ့မဲ့
ရှုံ့မဲမဲ့
လာမဲ့စနေနေ့။
သစ္စာမဲ့
သစ္စာမဲ့
အကြွင်းမဲ့
အကြွင်းမဲ့
အခွန်မဲ့ ပိုင်ရှင်မဲ့
အတူမဲ့ပြီး
အတူမဲ့ပြီး
အမှတ်တမဲ့
အမှတ်တမဲ့
အမှတ်မဲ့
အမှတ်မဲ့
အမိုးအကာမဲ့
အလုပ်လက်မဲ့ လိုင်စင်မဲ့
အသားကိုမြည့်နေအောင်ချက်သည်
အဲလိုပြောပေမဲ့
(က)
စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ)
(ခ)
တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ)
(ဂ)
သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး))
မှတ်ချက်။ ။ ‘မယ်၏ချစ်သူ’ ကို ‘မယ့်ချစ်သူ’ ဟု ရေးသုံးသည့် ပိုင်ဆိုင်ခြင်းပြ '၏' အစား သုံးသည့် အောက်မြစ် အရေးတော့ သုံးစွဲမြဲ ဖြစ်ပါသည်။ (ဝင်းဌေး စေတုတ္တရာ)
ကောက်ချက်
မင့်ဆိုတာ စကားပြောသာသုံးတယ်။ မင့်ကိုလို့ ဆိုလိုတယ်။ သွားတော့မည့်လို့ အရင်ကမရေးခဲ့ပါ။
မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပါ မတွေ့ပါ။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။
နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။
ဒါပေမဲ့ = သို့တစေ၊ စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။
မယ် လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။
"မယ့်" ဟု ရေးသားခြင်းသည် မမှန်ကန်ပါ (သတ်ပုံကျမ်းတွင် မရှိပါ)။
စကားပြောဟန်ရေးသားနည်းအရ "လာမဲ့နေ့၊ လုပ်မဲ့အလုပ်၊ စားမဲ့မုန့်" လို့ ရေးမှသာ စကားပြောဟန် သတ်ပုံစည်းကမ်းနှင့် ကိုက်ညီပါမယ်။
အပြောစကားလုံး "မဲ့" ကို စာထဲတွင် လိုက်သုံးတဲ့အခါ "မရှိခြင်းပြ (ကင်းမဲ့)" သဘောနဲ့ ရောထွေးသွားပြီး ဖတ်ရတာကလည်း သိပ်မချောမွေ့သလို၊ စံကိုက်သတ်ပုံ ပျက်သလို ခံစားရတာ အမှန်ဖြစ်ပါတယ်။
အလေးအနက်ထားရမည့် စာအရေးအသားများတွင်မူ မူရင်းအတိုင်း "လာမည့်နေ့၊ လုပ်မည့်အလုပ်၊ စားမည့်မုန့်" ဟု "မည့်" ကိုသာ သုံးစွဲခြင်းသည် အကောင်းဆုံးနှင့် အခိုင်မာဆုံး ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment