Skip to main content

စေတ/ဇေတမုဆိုး ခွေးတပ်ခင်းခြင်း

 

- ဦးပုည

သည်မြိုင်ချောင်

ဇောတမောင် ပျော်စံပယ်တဲ့

ယာကိုးပယ် ခင်း။ ။

ရဲစိတ်ကယ်ဝင်

ဗိုလ်ထောင်တင် ရွှေလေးနှင့်

ရန်ဘေး ကုန်အောင်ထွင်ချည့်

ဆဒ္ဒန်ဆင် ရန်သူထွက်စေတော့

မြားစက်နှင့် ခွင်း။   ။

အိုဟဲ့ ဟရို… 

ခွေးနီပါးနဲ့ ရဲကျားရို့

ကြန်စုံမရို့ ဂုတ်မရို့ ……!

နင်တို့သခင်၊              ဇေတမည်ရှိ

စွမ်းသတ္တိနှင့်၊             လေးကြီးရှင်မှာ

ခုပင် ယနေ့၊               အခင်းတွေ့ပြီ။   ။

ရှေ့တပ်ဦးခင်း၊          တင်းတင်းမာခေါင်

စွယ်ရောင်ဖွေးဖွေး၊    လျှမ်းလျှမ်းပြေးသော

ခွေးနီပါးနှင့်               ခွေးအောင်နက်တို့က

(ရှေ့တပ်ဦးက၊ မင်းရဲလှနှင့်

ကုပ်ကျားမ,သမက်၊ ခွေးအောင်နက်တို့က- မူကွဲ)

မကန်းကွက် စစ်ဆင်လို့

တပ်လုလင် ခွေးမိုးမှောင်က

တကောင်နဲ့တကောင်ကို

နံဘေးချင်း မြှောင်လို့ မို့

အယ်အောင်ကြီး မပူးမကပ်စေနှင့်

တပ်ဦးက ချီတက်စေ။   ။

တောခွေးနှင့် သားကျသည့်

မိကြောင်မတူ ခွေးလက်ဖြူနဲ့

အရေတူရွေး၍

ဗိုလ်တပ်ရေး နှစ်ကောင်ခန့်။   ။

နန့်တန့်တန့် ရှန့်တန့်တန့်

တခုလပ် ခွေးမများကို

ကုပ်ကျားနဲ့ ရဲတော်က

ကတော်စု အရေးပိုင်

ကြပ်တည်းစွာ ချုပ်ကိုင်၍

ဝမ်းလှိုဏ်က လိုက်ကြစေ။   ။

စစ်ခြေယွင်းချော်

မတော်လို့ သူ့တပ်

ဆုတ်ကပြီမှတ်ကာမှ (အခြေပြတ်ကာမှ-ကွဲ)

တခုလပ် ခွေးမသင်းတို့ကို

တပ်တွင်းက လွှတ်၍

ရွပ်ရွပ် ချွံချွံ

လိုက်လံ ကိုက်ခဲစေရမည်။   ။

မြီးတံ သော့သော့ (မြီးတံ ဆော့ဆော့)

ခါးကော့ကော့နဲ့

ဘော်ကြော့ လွင်လွင်

ခွေးထီးကို မြင်တဲ့လျှင်

ခင်ခင် မက်မက်

နှုတ် မဆက်ဘူးလို့

ကြည့်ချက်ကယ် သိမ်မွေ့

ပြုံးကာစွေ့ လိုက်သည့်

ဣန္ဒြေရှင် ခွေးအပျိုစင်များမှာ

ငလွင် ငပြင်သို့

ထွက်ဝင်လွန်ကြူး

တပ်ဦး တပ်ဖျား

မသွား မလာစေနှင့်။   ။

ရန်မွှေနဲ့ ရဲခေါင်

ခွေးကွက်ချော နှစ်ကောင်က

လျော်ကန်အောင် နေရာချလို့

တပ်မက မြဲစွဲစေ။   ။

ကိုယ် ခပ်ကုပ်ကုပ်

မြီးဖုတ် သွန်းသွန်း ဖင်ချွန်းချွန်းနဲ့

ဝမ်းက လျလျ၊ ရင်ဝ ကျယ်ကျယ်

ကပ်ပယ်အိတ် ပြောင်ပြောင်

စွယ်ရောင် ဖွေးဖွေး

မကွပ်သေးတဲ့

ခွေး လူပျိုသိုး

ကျားထက်ဆိုး တို့ပေါ်မှာ

ပဲခူး ဒလ၊ အောက်ပြည်က ရခဲ့တဲ့

ဝဲထူမ ဦးရီး၊ အောင်နက်ကြီးကို

အပြီးလက်မှတ်၊ စစ်ကဲစာ ပေးအပ်၍

တပ်မတော် လက်ျာက

ရန်လာလျှင် ရှောင်မိအောင်

ဂဠုန်တောင်မြဲ စွဲလေ။   ။

စစ်ခြေယွင်းမှတ်

ကွပ်ညှပ်မူရာ

ရှောင်ခွာ ပြေးပုန်း

တလုံး ကြွင်းကျန်

ဝတ်ဆန် မကုန်၊

မှန်နှင့် သွတ်သွတ်

နတ်ကွတ် သိုးကြောင်

ပေါင် ခပ်ကွကွ

ဆီးစ တခို

မိုမို စုစု အဖုအလုံး

တင်ကုန်း ကျောက်လျှော

သိုကြောမပြတ် မစင်တတ်တဲ့

တပတ်ရစ် ခွေးများကို

နီပါးနဲ့ ရန်လို၊ သန်းခေါင်ဗိုလ်တို့ကို

ဆင့်ဆိုစည်းကြပ် တပ်မှူးအပ်၍

တပ်မတော် လက်ဝဲက

ဂဠုန်တောင်စွဲမြဲ စွဲစေ။   ။

လင်သေ လင်ကွာ

နေရာ မကျ

မုဆိုးမ ခွေးမအို

မုဆိုးဖို ခွေးသက်ကျား

စွယ်သွား မချွန်၊ အရွယ်လွန်နဲ့

ကိုယ်ဝန်ဆောင် တချို့

နို့စို့ ကြီးငယ်၊ ခွေးမီးယပ်သည်များမှာ

တနယ်တရွာ တပ်ချီရာသို့

မပါမလိုက်ကြစေနှင့်။   ။

အိမ်ဝ အိမ်နောက်

ခြံပေါက် ခြံတွင်း

ထမင်းအိုးစင် ဟင်းအိုးစင်နှင့်

ယုန်ကင် ကြွက်ပေါင်

ချိုးကောင်ထားရာ

ဘဏ္ဍာတော်များမှာ

မတိမ်း မပါးစေရအောင်

ချပ်ပြားလုံးရေ

အသေအချာ လက်မှတ်စာနှင့်

ခွေးနီလာ ခွေးကျားတို့ကို

တဗိုလ်လျှင် အချုပ်

သိမ်းအုပ်စိုး ယူစေ၍

တအုပ် တစည်း

သိမ်းဆည်း စိတ်တူ

ဖြူဖြူ ဖြောင့်ဖြောင့်

ရန်မနှောင့်ကြရအောင်

အိမ်စောင့်ဘို့လေ နေရစ်စေ။   ။ စလေဦးပုည)

(မူကွဲ အလွန်များ၏။)

#ရှေးစာကဗျာများ ကျေးဇူး။

မှတ်ချက်

ဦးပုညသည် ယနေ့ခေတ်မှာ "ပါပြီ" ကို "ပါပီ" ဟုရေးနေသူများအကြောင်း သိသွားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ