ထုံတထုံ ထိဘထိ ဂျိတဂျိ ပတ်တသံ
မိုးယံမှာ တိမ်တကွက် အုန်းကျွက်ကျွက်ညံ
လင်းကွင်းက လျှပ်ပျံ နတ်ဌာန်မှာစည်းရွမ်း
အမ္ဗုန်မောင် တုန်အောင်ဟိန်းတယ်
ဗိန်းဗောင်းတိုက်လွန်း။
ချွင်တချွင် ချပ်တချပ် တပ်ပတပ် ဝါးလတ်ဟန်
ကြာကန်မှာ ရေတစက် စည်းချက်ကမှန်
ခရုနဲ့ဖားပျံ အုန်းအံသံ ညီရေး
စစ်စလီ တီတီတွေးတယ် မေးရိုက်သံကလေး။
ယဉ်တယဉ် လှတလှ ဟတဟ ပန်းကြာမုံ
ဝတ်ရုံကို အသာလှစ် ဖူးသစ်စ ဂုဏ်
လေသိမ်းတော့ကခုန် မိုးသံစုံဇာတ်ပွဲ
သူ့ထက်ငါ ဗယ်ညာတိမ်းတယ်
ယိမ်းမတိုက်ပဲ။
လာမလာ ရောက်မရောက် ခေါက်တခေါက်
မျှော်ဆဲတွင်
ပုဆိုးတို မိုးခိုရိပ် တံတားထိပ်မှာဝင်
ရွှေသွေးငဲ့လုံခင် မကြင်နာဝှက်ထား
လှေကလေးနဲ့တူယှဉ် လူမြင်မှာရှက်သလား
မိုးဇာတ်ခုံ အာရုံထားတာ
တို့ နှစ်ပါးသွား။ ။
ကိုဦး (ဝင်းဦး) ရဲ့ကဗျာ
၁၉၈၅ခု စက်တင်ဘာလထုတ် စန္ဒာမဂ္ဂဇင်း (အမှတ်၁၉၈)မှ
နောက်တနှစ် ၁၉၈၆ ကစပြီး စန္ဒာ ခေါ် မြန်မာစာ လမင်းကြီး တိမ်ဖုံးသွားတာ အခုထိထွက်မလာနိုင်တော့ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment