ဒဂုန်နတ်ရှင် - ရေးသည်
စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်
(၁)
ပန်းလောင်ကြောက ပိန်းကောရှင်
မြန်မာ့စာပေဝတ်ဆံဟု ခေါ်ဆိုအပ်သော ဂီတကဗျာများကိုရေးသား ပြုစုခဲ့ကြသော သုတရှင် ကဗျာဓိပတိကြီးများသည် စာပေဂန္ထ အရပ်ရပ်ကို ကျွမ်းကျင်ကြသည့်ပြင် အမြင်အကြား အတွေ့အကြုံ သုတ၊ ဗဟုသုတ လွန်စွာ များပြားလှသောကြောင့် သူတို့၏ ဂီတကဗျာများမှာ အနှစ်သာရ အပြည့်အဝ ပါရှိခဲ့ကြလေသည်။ ထို ဂီတကဗျာများမှာ စိတ်ကူးယဉ်သဘော သက်ဝင်သော တောဖွဲ့၊ တောင်ဖွဲ့၊ မောင်မယ်ဖွဲ့နှင့် ဘုန်းတော်ဖွဲ့များသာလျှင်မဟုတ်။ လုပ်ငန်းခွင်ဟု ဆိုအပ်သော ရိုးရာအလိုက် စရိုက်ဘာသာ နေထိုင်မှု၊ ရောင်းဝယ်ဖောက်ကား စီးပွားရှာမှုများနှင့်တကွ ပေါင်းသင်း ဆက်ဆံမှု အဝဝတို့ကိုလည်း တင်ပြညွှန်ကြား ဩဝါဒများ ပေးခဲ့ကြသည်ကို တွေ့ရလေသည်။
ထို့ပြင်တပါး ရိုးရာစရိုက် လိုက်နာ မှတ်သားအပ်သော ကိစ္စအဝဝတို့ကိုလည်း ဂီတ ကဗျာတို့ဖြင့်သာလျှင် နှုတ်တက်အာရုံ ဆောင်နိုင်ကြစေရန် ပေထက် အက္ခရာ တင်ခဲ့ကြလေသည်။ လူ့လုပ်ငန်းဟု ခေါ်သော စား-ဝတ်-နေရေး ကိစ္စများအတွက် ဆောင်ရွက်ရာဝယ် လောကီသက်သက် တဖက်သတ်သတ် ပြတ်ပြတ်သားသား လုပ်ကိုင်၍ စားကြစေရန် တိုက်တွန်း နှိုးဆော်ထားသော ကဗျာများကိုလည်း တွေ့ရလေသည်။
ကန်တော်မင်းကျောင်း ဆရာတော်သည် လောကီဘုံသား လူအများတို့ ဝတ်စားနေမှု လုပ်ငန်းစုံကို ကြည့်ရှု ဆင်ခြင်လျက်၊ ထိုခေတ်
၃
[ စာမျက်နှာ ၄ ]
အမြင်ဖြင့် တွေ့သလောက် ဩဝါဒ ပေးခဲ့သော ကဗျာလင်္ကာများထဲမှ –
"လယ်လုပ်ကုန်သွယ်။ ကြူးဆယ်မိုးပျံ။ အပါးပါးလျှင်။ အပွင့်အပွင့်။ လတွင်းတက်တိုး။ ထပ်ပိုးနှစ်လည်။ ချည်းမည်မဟုတ်။ အိမ်ထောင်စတ်ဖြင့်။ အမှတ်မိုးမိုး။ လုပ်ကြံကြိုးစား။ ကျွဲနွား-ဆိတ်-ဝက်။ ဝမ်းဘဲငှက်နှင့်။ ကြက်ကမကြွင်း။ သမ်းမွေးမြင်းလျက်။ မျှားခြင်းစုံစီ။ ပန်တိုယ်ရောင်း။ ထပ်ကါလောင်းလျက်။ ပဲပြောင်းစပါး။ ကျီပြည့်ထား၍။ ခွက်ပြားရွှေငွေ။ ဆည်းပူးထွေဖြင့်။ မျိုးဆွေမျိုးတည်း။ ကြွယ်မဆင်း။"
ဟူ၍ ဖွဲ့ဆိုခဲ့သည်။
ဤအထက်ပါ အပိုဒ်ကို တွေ့ရှိရခြင်းအားဖြင့် ထိုခေတ် ထိုအချိန်ခါက မြန်မာ့ရိုးရာ လုပ်ကိုင် စားသောက်ကြသော လုပ်ငန်းများအကြောင်းကို ကောင်းစွာ သိနိုင်ကြပေသည်။ ရှေးအခါက မြန်မာလူမျိုးတို့၏ လုပ်ငန်းရပ်များမှာ "ကောင်းသော လယ်လုပ်ခြင်း၊ ကောင်းသော ကုန်သွယ်ခြင်း" ဟူသော စကားဟောင်းအရ ထွန်ယက် စိုက်ပျိုးခြင်းနှင့် ထိုသို့ စိုက်ပျိုး လုပ်ကိုင်၍ ရရှိသော ကောက်ပဲသီးနှံ ဆီဆန်ပဲပြောင်းတို့ကို ရောင်းဝယ်သော လုပ်ငန်းများ ဖြစ်ကြ၏။ စင်စစ်အားဖြင့် ဆိုလျှင် တောင်သူလယ်သမားကြီးများ ကိုယ်တိုင်ပင် စိုက်ပျိုး လုပ်ကိုင်ကြ၍ သီးနှံများ ရရှိချိန်တွင် ကိုယ်တိုင်ကိုယ်ကျ တနယ်မှတနယ်သို့ သွားလာ ရောင်းချလေ့ ရှိကြသည်။ ထွန်ယက် စိုက်ပျိုးချိန် မဟုတ်မီ အချိန်နှင့် စိုက်ပျိုး ပြီးစီးချိန်များတွင် ရေကြောင်းမှ လှေလောင်းများဖြင့်၎င်း၊ ကုန်းကြောင်းမှ လှည်းနွားတို့ဖြင့်၎င်း၊ အထက်အညာဒေသမှ အောက်ပြည် အောက်ရွာများသို့ ကုန်များကို တင်ဆောင် သယ်ယူ ရောင်းချပြီးလျှင် အောက်နယ်မှ ငါးပိ ငါးခြောက်များကို အညာဒေသသို့တင်ဆောင်ရောင်းချလေ့ရှိကြ၏။
တခါတရံ အချိန်အားလျော်စွာ အင်းအိုင် ချောင်းမြောင်းများ
[ စာမျက်နှာ ၅ ]
တွင် တံငါ လုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ ရှိကြ၏။ တောင်သူလုပ်ငန်းမှတပါး ကျွဲနွား ဆိက်ဝက် ကြက်ဘဲ စသော တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ ရှိကြ၏။ ထိုမှတပါး အဆင့်သင့်ရာ အခွင့်အရေး ပေါ်ရာ ထန်းတက်ခြင်း၊ ထန်းချက်ခြင်း၊ ဆိပွတ်ခြင်း စသော လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရ၏။ ထိုကဲ့သို့ အထွေထွေ လုပ်ငန်းများမှတပါး မိမိတို့ တိုင်းပြည်ကို ရန်သူ ထိပါးလာချိန်များတွင် ဘုရင်၏ အရံစစ်သား အဖြစ်ဖြင့် အမှုတော်များကို ထမ်းရွက်ကြရလေသည်။
တောင်သူလယ်သမားကြီးများသည် လယ်ယာ လုပ်ငန်းများ ပြီးစီးချိန်တွင် အညာကုန်ဖြစ်သော ပဲကြီး၊ ပဲကျား၊ ထန်းလျက် စသည်များကို အောက်ပြည် အောက်ရွာသို့ သွားရောက်၍ ရောင်းချကြ၏။ တဖန် အောက်နယ်များမှ ချိတ်ကုန် တိုက်ကုန် ခေါ်သော ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များကို ဝယ်ယူ၍ အညာဒေသသို့ ပြန်လာပြီးလျှင် ချောင်းရိုးတလျှောက်၌ လှေငယ် လောင်းငယ် ပိန်းကောငယ်များဖြင့် ရောင်းဝယ် ဖောက်ကားကြလေသည်။
တခါတရံ အင်းဝမြို့ ပန်းလောင်မြစ်ငယ် အတွင်းမှ "လှေဖတ်ချင်း" သံကလေးများကို သာယာနာပျော်ဖွယ် ကြားရသည်ဟု ဆိုပါသည်၊ ထိုအသံကား –
"ဆွေး မကြည့်သာ။ သီတာ ယမုန့်စွန်းရယ်က။ သည်မောင် ခါခါလွမ်း မေသို့။ နှုတ်ခွန်း ဆင်း။ မြင်ရ။ ရွှေစင်ရောင် ငှက်ကယ်လေး။ သောင်ထက်မှာ ကြူး။"
ဟူ၍ ဖြစ်ပါသည်။ "လှေဖတ်ချင်း" ဆိုသည်မှာ ယခုခေတ် လှေတော်သံဟု ခေါ်ကြသော သီချင်းပင် ဖြစ်ပါသည်။ အင်းဝ ရွှေနန်းကြော့ရှင် လက်ထက်က "နတ်ရှင်" ဘွဲ့ရ ဝန်ကြီးပဒေသရာဇာ ရေးသားသော "သူဇာမယ် ဂီရိ ရွှေတောင်သို့ ပြန်ရောက်ခန်း" ပျို့တွင် "လှေဖတ်ချင်း" ဆိုသော စကားလုံးကို ဤသို့ သုံးထားပါသည်။
[ စာမျက်နှာ ၆ ]
"ရေကန်တော်ငယ်။ ရွှေလှေယာဉ်ရောင်မောင်း။ ရွှေလောင်းဆန်းကြွယ်။ ရွှေဘောင်ငယ်နှင့်။ တင့်တယ်စီစဉ်။ ယှဉ်သည့်မူထား။ ပျိုငယ်များကို။ ဆန်းပြားသိမ်းလည်း 'လှေဟစ်ချင်း' နှင့်၊ ညခင်းလေသာ"
ဟူ၍ ဖြစ်သည်။ ပန်းလောင်မြစ်တွင်းမှ လှေဖတ်ချင်းကို သီဆိုသော အသံရှင်မှာ ရွာတကာသို့ ပိန်းကော လှေငယ်ဖြင့် ရောင်းဝယ် ဖောက်ကားရန် စုန်ဆင်း၍နေသော အောက်ပြည်ပြန် လယ်သမားကြီးပင် ဖြစ်ပါချေသည်။
ထိုအသံကို ကြားရခြင်းဖြင့် အသံရှင်၏ စိတ်နှလုံးသည် ရွှင်ပြုံး ချမ်းမြေ့လျက် ရှိရှိမှည်ဟု ရုပ်တုထွင်းနိုင်ပါသည်။
ထိုအတိုးရှင် တောင်သူကြီးသည် အောက်ပြည် အောက်ရွာ တလျှောက်မှ အညှာကုန်နှင့် ဖလှယ်၍ ဝယ်ယူခဲ့သော ငါးပိ ဆားပြား တို့ကို အညှာမှာ တဆင့်ရောင်းချပြီး အိမ်သူကို မျက်နှာပန်းလှလှနှင့် ငွေစကလေးများကို ပြနိုင်ခဲ့သည်။ သို့ဖြစ်၍ သူစိတ်နှလုံးသည် ရွှင်ပြုံးနိုင်ခဲ့သည်။ အိမ်သူမှာလည်း လုံလနှင့် အရင်းခံလျက် ကောက်စိုက်ပျိုးနုတ် အချိန်ရှိသမျှ အလုပ် လုပ်ခဲ့ရသဖြင့် တောင်သူ ယာခုတ် အလုပ်သမား မောင်နှံတို့မှာ ဝမ်းဝသည့်ပြင် ခါးလှဖို့လည်း မပူမပင် ရွှင်လန်းနိုင်ကြရှာလေသည်။
ပန်းလောင်မြစ်တွင်းက သီချင်းရှင်ကို တစိတစောင်း ကြည့်ရင်း မြင်ရသူမှာ အင်းဝဘုရင် လေးစားအပ်သော ဝန်ကြီးပဒေသရာဇာပင် ဖြစ်ချေသည်။ ဝန်ကြီးသည် ပိန်းကော လှေငယ်ရှင်ကို မြင်လိုက်သည့် တခဏ၌ပင် လှေရှင်၏ ဘဝကို ပတ်ဝန်းကျင် သွင်ပြင်နှင့်တကွ ပုရပိုက်တွင် အလိုက်သင့် မှတ်သားထားခဲ့သော တျာချင်းကလေးမှာ ဤသို့ပါပေသည်။
"မိုးဦးကာလ၊ ချောင်းကျပြီဆိုလျှင်။ ပန်းလောင် ကြောမှာ၊ ပိန်းကော လှေငယ်ရှင်၊ တောင်ဘက်ကယ်တခွင်၊ ထွက်ဝင်ဖောက်ကား၊ ပဲ့ပါမည့်သူ၊ မပါလူ၊ ထိုသူတယောက် သားငယ်နှင့်လေး၊"
[ စာမျက်နှာ ၇ ]
အင်းဝမြို့တော်၏ တောင်ဘက်ရှိ မြစ်ငယ် ချောင်းငယ် အသွယ်သွယ်တို့၌ မိုးဦးကျချိန် ရေများ ပြည့်လျှံ၍ နေလေတော့သည်။ ချောင်းအလယ်မှ ပိန်းကော လှေငယ်တစ်စင်း တရွေ့ရွေ့ စုန်ဆင်းလာသည်ကို မြင်ရပါသည်။ ထိုလှေငယ်မှာ လှေလှော်သူနှင့် ပဲ့ကိုင်သူ သည် လူတဦးတည်းသာ ဖြစ်ခြင်းကြောင့် လှေငယ်ရှင်သည် ပဲ့တင် တကိုယ်တည်းထိုင်ကာ တက်မကို အလိုက်သင့်ကိုင်ပြီး ခပ်ယိုင်ယိုင် ရေကြောင်းစနစ်တိုင်း စုန်ဆင်းလာသည်ကိုဆိုပါသည်။ ပိန်းကော လှေမှာ သစ်လုံးကိုထွင်း၍ ပြုလုပ်သော လှေငယ် ဖြစ်သည်။ ထို့ပြင် –
"ငါးပိဆားပြား၊ ဖောက်ကားရအောင်၊ ပဲလွမ်း ပဲကြီး၊ သီးသီးယူ ကြည့်ဆောင်၊ တက်မကိုမြှောင်၊ ကွမ်းပေါင်းနီကြောင်း၊ နာဖူးဆိုး၊ ကိုင်းညွှတ်ယို၊ ပင်ကိုယ်သီးသီးပေါင်းငယ်နှင့်လေး။"
ဟူ၍ ရေးမှတ်ပြန်ရာ၊ ထိုပိန်းကောရှင်မှာ အောက်ပြည်ပြန် လယ်သမားကြီးပင် ဖြစ်၍၊ အောက်ကုန်များဖြစ်သော ငါးပိဆား ထွေပြားသော ချိတ်ကုန်တို့နှင့်တကွ အညှာကုန်-ပဲကြီး ပဲလွမ်းတို့ကို ရောနှော တင်ဆောင်ပြီး ရောင်းချရအောင် စုန်ခဲ့ခြင်း ဖြစ်၏။ ပဲ့အတိုက် တယောက်ထိုင်မှာ သူကိုင်သည့်တက်မကို ကွမ်းပေါင်းပင် အကိုင်းအခက်နှင့် နာဖူးနွယ်တို့ ရောယှက်ပြီး ဝါးနှီးနှင့် အတူ သပ်ရပ်စွာ ချည်နှောင် ထားသည်ကို တွေ့ရကြောင်း ဆို၏။ ထို့မှတဖန် –
"ခမောက်မှမကောင်း၊ အုပ်ဆောင်းငယ်မပါ၊ သို့လည်းမစပ်၊ ဝါးပတ် ကယ်တစော၊ ထိုးဝါးကိုယ်မှာ၊ ဘယ်ညာပသန်း၊ ခြေနှင့်ကျောက်ကန်၊ ထွန်းလိုက်လွန်း၊ အားဆန်းလွန်ကြီးဆုံးငယ်နှင့်လေး။"
ခါးတောင်းကျိုက်လုံး၊ ပုဆိုးခဲထွေ၊ ချွေးကလည်းစီး၊ ဓီးဓီးကျသည့် ရေ၊ စိမ့်ပူပေါ် ချက်လောက်မင်း၊ မနုနိုင်ပြီ ကစီစီ၊ နန်းနီသာ မီးအိုး ကင်းငယ်နှင့်လေး။ ။
ဝန်ကြီး ပဒေသရာဇာသည် လှေငယ်ရှင်၏ သွင်ပြင်သဏ္ဌာန် ရုပ်လုံးကြွနှင့် တကွ ဟန်ပန်းမူရာ သူလုပ်သမျှကို ထုတ်ပြပြန်
[ စာမျက်နှာ ၈ ]
သည်မှာ အညာရပ်သား လှေသမား၏ ဝါးခမောက်သည် ပုဂံခေတ် က "သီး" ဟု ခေါ်ကြသော ဦးထုပ်မျိုးလည်းမဟုတ်၊ သိုးဆောင်း လူမျိုး ဥရောပတိုက်သားများ ဆောင်းသော ဦးထုပ်မျိုးလည်းမဟုတ်၊ အာရှတိုက်သား တာတာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ပသျှူး၊ ဗီယက်နမ် မြန်မာ စသော လူမျိုးများ အသုံးပြုလေ့ရှိသော ဝါးပတ်ခမောက်၊ ပေရွက်၊ ထန်းရွက်နှင့် မြက်သည်တို့ဖြင့် ပြုလုပ်ထားသော ဦးခေါင်းဆောင်း ခမောက်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ မြန်မာ စစ်သားစစ်ဗိုလ်တို့မှာ မောက်တို၊ မောက်ရှည် ခေါ်သော အထွတ်ပါ ခမောက် အတိုအရှည်တို့ကို အသုံးပြုကြသည်။ အချို့ စာဟောင်းများတွင် "မောက်လူ" ဟု တွေ့ရသည်။ မဟာဒေဝ လင်္ကာသစ်၌ "မတ်ဗိုလ်များလည်း၊ ထူးခြားဂုဏ်ရည်၊ အတည်တည်တည့်၊ မျဉ်းရှည် မျဉ်းတို၊ နီခမ်းညိုနှင့်၊ မောက်တိုမောက်ရှည်" ဟု ပါရှိသည်။ မြန်မာမင်းများ လက်ထက်က စစ်သားများသာမဟုတ် အရာရှိ ကြီးငယ်တို့အချို့ ရလည်း "ရွှေပေခမောက်" များကို သုံးစွဲပြုထား၏။
ရွှေပေ ခမောက်မှာ ပေရွက်ကို ပြုလုပ်ထားသော ခမောက် မဟုတ်။ ဝါးကို ပြုလုပ်၍ ဟင်္သပြဒါးသုတ် ရွှေချထားသော ခမောက် ဖြစ်သည်။ ထိုခမောက်မျိုးမှာ "နေရုဇွန်နေရု" ၌ ဆောင်းရသော အရာရှိကြီးများသာ ဆောင်းခွင့်ရသည်။ မြန်မာအရာရှိကြီးများသို့ ခန့်အပ် ချီးမြှင့်သော အစီအစဉ် အဆောင်အရွက် ၂၂ မျိုးတွင် အမှတ် ၁၃ ၌ ရွှေပေခမောက် ပါဝင်သည်ကို တွေ့ရသည်။ သီပေါရှင်ဘုရင် လက်ထက်က ကင်းဝန်မင်းကြီးသည် ရွှေပေခမောက်ရသော ဝန်ကြီး ဖြစ်လေသည်။ (ခမောက် အကြောင်းနှင့် ပတ်သက်၍ ကျယ်ဝန်းလှသဖြင့် ဤမျှပင် ဖော်ပြလိုက်ပေသည်။)
ပိန်းကော လှေငယ်ရှင်၏ ခမောက်မှာကား ခမောက်နံ့နံ့တူမျှသာ ဖြစ်သည်။ အထွတ်လည်းမပါ၊ ခမောက်အစစ်ကို သူမဝယ်နိုင်ရှာသဖြင့် ဝါးပတ်အတိုင်း ခွေပြီး ဆောင်းထားသည်ဟု ဆိုပါသည်။
[ စာမျက်နှာ ၉ ]
တခါတရံ လှေငယ်ရှင်သည် ရေတိမ်သော နေရာများတွင် ထိုးဝါးကြီးဖြင့် ပခုံး ဘယ်ညာ ပြောင်း၍ တအားထိုးစိုက်လျက် လှေကို ရွှေ့လျား စေပါသည်။ လှေကလေး ရွှေ့လျား၍ အရှိန်အားဖြင့် သွားနေစဉ် ခါးတောင်းကျိုက်ကို မဖြုတ်အားရှာဘဲ မီးတောက်မထင်းရှား မီးခိုးများ အူလျက်ရှိသော မီးအိုးကင်းပေါ်မှ ထမင်းအိုးကလေးကို သွား၍ ကြည့်ရှုရပြန်သည်။
လှေထိုးရင်း ထမင်းချက်ရရှာသောကြောင့် ဓီးဓီးကျလျက်ရှိသော နဖူးက ချွေးများသည် မီးအိုးကင်းပေါ်သို့ တပေါက်ချင်း ကျပြီး မီးခိုးကတည်းမှ မီးခိုးစေးများဖြင့် ပေကျံနေပါတော့သည်။ "မီးမယ်ဖျူး" ဟု ရှေးက ခေါ်လေ့ရှိသော လှေရှင်၏ မီးအိုးကင်းမှာ အင်းဝမြို့ "နန်းနီရုပ်" မှ လုပ်သော ရွက်အိုးခေါ် ရေအိုးအိုးကို ထက်ခြမ်းခွဲပြီး ပြုလုပ်ထားသော မီးအိုးကင်းကလေးဖြစ်သည်ဟု ဆိုလိုပါသည်။ ထင်းကစိုစို၊ မီးဖိုက အညံ့စားဖြစ်၍ မီးအားမကောင်း၊ မီးပြောင်းနှင့်လည်း မမှုတ်ရသဖြင့် မီးခိုးတွေ အူကြွပြီး မဆူရသည့် ထမင်းမှာ အတွင်းမှ မြိစိစိ ဖြစ်နေသည်ဟု ဖော်ပြထားပါသည်။
စာဆို ဝန်ကြီးသည် လှေသမား၏ ရူပလက္ခဏာနှင့် အမူအရာကို သာမက သူ၏ ပတ်ဝန်းကျင် ဝတ္ထု ပစ္စည်းကလေးများကိုပါ အသေးစိတ် တွေ့မြင်လေသည်မှာ စေ့စပ်လွန်းလှသည်ဟုသာ ဆိုဖွယ် ရှိပါတော့သည်။ ထိုမျှသာ မကသေး။ အဝေးမြင်နှင့် အနီးကြည့်ကို ဖြည့်စွက်သည့်သဘော ထပ်လောင်း၍ ဆိုလိုက်ပြန်သည်မှာ –
"ဝမ်းလိုဏ်တွင်းမှာ၊ သုတ်သွင်းမြဲပင်။ အငွေ့ခြောင်းခြောင်း၊ စလောင်း နှင့် ငါးပိကင်၊ လှေဆိုက်တည်းလျှင်၊ ကြောင်းလင့်ကျင်း၊ ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင်၊ ချဉ်ပေါက်ပူလှသည့် ဟင်းငယ်နှင့်လေး။"
ဟူ၍ ဖြစ်ပါသည်။ ထိုလှေငယ်ရှင်ကို အဝေးက မြင်စရာတမျိုး၊ အနီးကပ်၍ ကြည့်ပြန်တော့တဖုံ သူ့ကိုတွေ့ရသည်မှာ မြုံနေသော ထမင်းအိုးကို လေမလာသော လှေဝမ်းလိုက်အတွင်းသို့ ပြောင်းရွှေ့ပြီး ချက်
[ စာမျက်နှာ ၁၀ ]
ခါမှ သူထမင်းမှာ နူးနူးနှပ်နှပ်နှင့် ကျက်ရှာပါတော့သည်။ ကျက်သည့် ထမင်းအိုးကို ဖိုပေါ်မှ အသာချပြီး၊ လပ်နေသော မီးခဲရဲရဲပေါ်တွင် ငါးပိကို စလောင်းဖုံးမှာ ကပ်၍ ကင်ပြန်ပါသည်။ ထိုငါးပိကင်ကလေး နီလာပြန်လျှင် ခွင်ပေါ်မှ အသာချ၍ ဆ်ိတ်ဆွ ထိုးသွင်းထားသော ချဉ်ပေါင်ဟင်းအိုးကို ထင်းထိုး၍ ထားလိုက်ပါတော့သည်။ ဤမှနောက် စိတ်အေးလက်အေး လှေငယ်ကလေးကို ကမ်းဘေးသို့ ဆိုက်ကပ်လိုက်သော ခဏတွင် ကမ်းစပ်က ဝန်ကြီး၏ နောက်တနည်း မြင်ရပြန်သည်မှာ –
"တယောက်ချင်းသည်၊ ထမင်းခူးသော်၊ တဆုပ်ကယ်နေ့တိုင်း၊ လမိုင်းရှိပူဇော်၊ သွေးသောက်ကယ်ခေါ်၊ အဖော်ပေါင်းညှိ၊ ငှုကောင်ငှာ၊ ဝယ်၍သာ၊ ဆုတ်ကာလှေလှူးလိုက်ပါသည်နှင့်လေး။ ။ စားမီးစားရာ ဝမ်းမှာ ကျင့်တော့သည်။ ပိန်းကောသူကြီးမှာ ချမ်းသာမြင့်တော့သည်။"
ဟူ၍ ဖြစ်ပေသည်။ ဤနေရာ၌ လှေငယ်ရှင်သည် ထမင်း အသင့် ဟင်းအသင့် ဖြစ်နေပါသောကြောင့် ကြေးလင်ပန်းတွင် အငွေ့ တထောင်ထောင်း ထနေသော ထမင်းနှင့် အဖုံး စလောင်းမှ ဖောင်းကြွ နီညို အနံ့နှင့် သွားရေယိုလောက်သော ခတ်ချိုငါးပိကင်နှင့်တကွ အာလောင် လျှာလောင် ပူလှသော ချဉ်ပေါင်ဟင်း စသည်တို့ကို တယောက်တည်း ခူးခပ် ပြင်ဆင်ထားသည်ကို တွေ့ရပါသည်။ လှေငယ်ရှင်သည် ထမင်း မစားမီ အင်းဝခေတ်က စလေ့စရပ်ဖြစ်သော လမိုင်းနတ်ကို လက်တဆုပ်မျှသော ထမင်းဆုပ်ဖြင့် ပူဇော်ရှာပြန်သည်။
"လမိုင်း" မှာ ထိုခေတ်က ဘုရင်လှေများကို လမိုင်းနယ်ဟူ၍၎င်း၊ လယ်ဝန်ကို "လမိုင်းဝန်" ဟူ၍၎င်း၊ လယ်သမားကို လမိုင်းသား ဟူ၍၎င်း ခေါ်လေ့ ရှိကြသည်။ အထက်အညာ ရပ်ရွာသားများသည် လယ်သမားများ ဖြစ်ကြ၍ လယ်နတ်ဖြစ်သော လမိုင်းနတ်ကို စားတိုင်း သောက်တိုင်း အမှတ်တရ ပ သ တင်ဆက်လေ့ရှိကြသည်။ ရေကြောင်း ကုန်းကြောင်းမရွေး လမိုင်းနှင့် ရိုးရာနတ်များကို ပူဇော်
[ စာမျက်နှာ ၁၁ ]
လေ့ ရှိကြသည်မှာ အညာဒေသ၏ စလေ့ ဖြစ်သည်။ အောက်နယ်များ၌ ရေကြောင်းတွင် ဦးရှင်ကြီးကို ပူဇော် ပ သ ကြသကဲ့သို့ ဖြစ်သည်။
ဤနေရာ၌ လှေငယ်ရှင်သည် လမိုင်းနတ်ကို ထမင်းတဆုပ် တင်ပြီးလျှင် တယောက်တည်း မစားသေးပါ။ လောကဝတ် စကားဖြင့် အနီးအပါးမှ မိတ်ဆွေများကို ခေါ်ငင် စားသောက်ကြောင်း "သွေးသောက်ကယ်ခေါ်၊ အဖော်ပေါင်းညှိ" ဟု စာဆိုဝန်ကြီး ဆိုထားပါသည်။ စာဆို၏ အလိုမှာ ဤနေရာ၌ "သွေးသောက်" ဟူသော စကားလုံးရင်ရင်ကို သုံးစွဲထားသဖြင့် သာမည အသိမိတ်ဆွေထက် ပိုမိုရင်းနှီးသော သွေးသောက် မိတ်ဆွေစစ်ကဲ့သို့ ချစ်သည်ကို တင်စား၍ သုံးထားဟန် တူပါသည်။ "သွေးသောက်" ဟူသည်မှာ မြန်မာစစ်တပ်များတွင် တပ်ကြပ်ထက် ကြီးသော ရာထူးရှိသူကို သွေးသောက်ကြီးဟု ခေါ်သည်။ တပ်ကြပ်မှာ ဆော်သောင်းငယ် တလုံးသာလျှင် စီးခွင့် ရှိသည်။ သွေးသောက်ကြီးမှာ တန်းတူ အရာခံများကို မောင်းလတ်တီး၍ ဆင့်ဆိုပိုင်ခွင့် ရှိသည်။ သွေးသောက်၏ အဓိပ္ပါယ်မှာ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ လက်ထောက် သွေးသောက် ဟူ၍ရှိ၏။ သွေးသောက်နှင့် ငယ်သားသာလျှင် ရှိသည်။
သူငယ်ချင်း ဆိုသော စကားမှာ သဟာယော – အဖော်ဟူ၍၎င်း၊ အသစရော – ရဲဘော်ဟူ၍၎င်း ဆိုလိုသည်မဟုတ်။ ထို့ပြင် (၁) မိတ္တော၊ (၂) သဟေသာ (၃) သဟာယော (၄) သုဟဇ္ဇော (၅) သခါ ဟူသော ခင်ပုန်းငါးမျိုးလည်းမဟုတ်။ ရွယ်တူ ငယ်စဉ်က မြူဖုန် ကစားဖက် ချစ်ကြည်ပြိုင်သူကို သူငယ်ချင်းဟု ခေါ်သည်။ "ကေနိပါတ် သဒ္ဒံ ဇာတ်ပစ္စုပ္ပန်ဝတ္ထု" မှာ အဇာတသတ်မင်းက ဆရာဇီဝကကို "အရွယ်တူ ဇီဝက" သူငယ်ချင်းဟု ခေါ်ကြောင်း ပါရှိသည်။ ဤနေရာ၌ စာဆို၏ အာဘော်မှာ သွေးသောက်ကိုပင် ခေါ်လိုဟန် တူပါသည်။ ဤသို့ ခေါ်ငင်ပြီးနောက် ထမင်းပွဲတွင် ငုံ့ကာငုံ့ကာ အားပါးတရ ငါးပိနှင့်
(၁၁)
ငရုတ်တောင့်တို့ကို မြုံပြီး ပါးလုပ်ပါးလောင်း (ပလုပ်ပလောင်း) ချဉ်ပေါင်ရည်ကျဲကို ပါးစပ်ထဲသို့ လောင်းထည့်ရင်း မြိန်မြိန်ရှက်ရှက် စားသောက်လေသည်ကို စာဆိုဝန်ကြီးသည် တစိမ့်စိမ့်ကြည့်ရင်း – "အင်း.... သင်းဘဝနှင့် သင်းတော့ ဆင်းရဲခြင်းကို လုံးဝမေ့ပြီး ဘဝ တကွေ တွေ့ကြုံသမျှတွင် ဆင်းရဲတယ် သူထင်၊ စားဝင်လို့ အိပ်ပျော် အတော်ဘဲ ချမ်းသာရှာလိမ့်မည်" ဟု စာဆိုဝန်ကြီး ယုံကြည်ပုံပေါက် နေပါသည်။
ဤကဲ့သို့ ရေကြောင်းတွင် လှေလောင်းဖြင့် ကူးသန်း ရောင်းဝယ် ကြသော အလုပ်ကို ရှေးက မြန်မာကြီးများ ဝါသနာထုံခဲ့ကြသည်ကို သိရသည်။ ထိုကဲ့သို့ ဝါသနာထုံရသည့် အကြောင်းများမှာ ရှေး ဘုရင်များသည် ရေတပ်ကို လှေလှေကားကြီးများ တည်ဆောက်လျက် တတပ်တအား ဖွဲ့စည်းခဲ့ကြလေသည်။ ထို့ကြောင့် ရှေးမြန်မာကြီးများသည် ရေကြောင်း၌ လွန်စွာ ကျွမ်းကျင် လိမ္မာကြလေသည်။ ဘုရင် ရေတပ်၌ လှေလှေကားကြီးများက ဦးစီးလျက် လှေ လှော်ခတ် ခြင်းများကို မပြတ် လေ့ကျင့်၍ နေကြသည်။ လှေအကြောင်းနှင့် စပ်လျဉ်း၍ ရေတပ်သားများ သင်ကြားရသော လက်သင်လှေများ မှာ (၁) လှော်လှေ၊ (၂) ခတ်လှေ၊ (၃) လှေလှေကား ဟူ၍ ရှိသည်။
လှော်လှေနှင့် ခတ်လှေမှာ ရှည်လျားသောသဏ္ဌာန်ရှိ၍ ပုံချင်း တူကြသော်လည်း တက်များမှာ ခြားနားကြလေသည်။ ထိုနည်းအတူ လှေလှေကား၏ သဏ္ဌာန်မှာ ဦးပဲ့မော့လျက် စောက်နက်သောကြောင့် လှော်တက်မှာ ရှည်ရသည်။ ပြက်လည်း ကြီးရသည်။ ထိုသုံးမျိုးသော လှေများမှာ လှေပြိုင်ပွဲတွင် ဝင်၍ ပြိုင်သော လှေမျိုး ဖြစ်သည်။ သို့သော် လက်သင်ဟု ခေါ်သော လှေများကို သီးခြား ပြုလုပ်ထားရ လေသည်။ ခြားနားပုံမှာ လက်သင်လှေသုံးမျိုးကို ပြိုင်ပွဲဝင်မည့် လှေသုံးမျိုးကဲ့သို့ အတိုင်းအထွာ အလျား၊ အစောက်ထုပြက် ထပ်တူ၊ ဆင်နှင်းထပ်တူ၊ ရွက်တိုက်ထပ်တူ၊ လူဝင်ထပ်တူ ပြုလုပ်ထားသော်
[ စာမျက်နှာ ၁၃ ]
လည်း ပြိုင်ပွဲဝင် လှေများကဲ့သို့ မှန်စီခြင်း၊ ရွှေချခြင်း၊ ဟင်းပြဒါး သုတ်ခြင်း မရှိကြချေ။ ရိုးရိုးသစ်ဖြင့်သာ ပြုလုပ်ကြလေသည်။
မင်းသုံး လှေများမှာလည်း ထိုသုံးမျိုးပင် ဖြစ်သည်။ သို့သော် လက်သင်မဟုတ်။ မင်းပွဲ၌ ဝင်ရသော ပွဲဝင် လှေတော်များသာ ဖြစ်သည်။ ခတ်လှေဖြစ်လျှင် မင်းသုံးပွဲပါက သံဇာလိတင်ရသည်။ လှော် လှေဖြစ်လျှင် နေရာတော် အထ-အပါး ထားရသည်။ လှေလှေကား ဖြစ်လျှင် ခင်တုရင်တင်ထားရသည်။ ဘုရင် ရေကြောင်းထွက်တော်မူရာ၌ လက်သင်လှေသုံးမျိုးကို ဝန်တင်အဖြစ် အသုံးပြုနိုင်သည်၊ သို့သော် လှေလှေကားလှေမှာ ဝန်တင်ရသော လှေမျိုး မဟုတ်ပါချေ။
လှေလှေကားကို သုံးစွဲခဲ့ကြသည်မှာ ပုဂံ အလောင်းစည်သူမင်းကြီး လက်ထက်ကပင် ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အလောင်းစည်သူ မင်း သားတော်၊ အောင်ပင်လယ် မင်းရှင်စောသည် ပုဂံသို့ စုန်သည့် အခါ လှေလှေကားနှင့် စုန်ကြောင်း ရာဇဝင်များ၌ လာရှိ၏။ နောက် မင်းအဆက်ဆက်လည်း လှေလှေကားကိုပင် အသုံးပြုကြလေသည်။ မင်းတပ်မင်းကို ပေးသော အမိန့်တော်တွင် "လှေလှေကားခိန်းနှင်းငှက်ပုံ၊ ရုပ်၊ ပွဲ၊ တရုဏ်အနိ၊ အမအတုတ် ဝတ်ဆံ ရွှေညောင်ရွက်၊ ရွှေတည့် လုင်တိုင်၊ အဖြူ ပန်းဆုပ်ရွှေထု၊ အလံနီ အံထွတ်ရွှေ၊ အလံကျည်း အများ ရွှေနှုတ်စုံရေး၊ အလံရိုး အနီသုတ်၊ ငွေကြိုးငွေကန်တော၊ အောင်ဖြူဦး သုံးပွင့် ဖျံဆုပွင့်၊ တက်မအနီသုတ်၊ လှော်တက် အနီသုတ်၊ ခင်တုရင်ထောင်ပွဲ၊ မြင်းနားအမိုးအုံ၊ ရွှေတထု၊ အနီနှစ်စု၊ တိုင်မှုတ် ရိုးထောက်၊ ရွှေကြိုးဆင်၊ လက်ရန်း အဖြေပန်းဆုပ်၊ ရွှေတစု အနီနှစ်စု၊ လက်ရန်းပွတ်လုံး၊ ရွှေကြိုးဆင်၊ ပွတ်လုံးအနီသုတ် သနားတော်မူသည်။
ထို့မှတပါး မှူးမတ် အရာရှိ ကြီးငယ်များ အမျှလည်း ရာထူး အလိုက် သတ်မှတ်ခွဲခြား သနားတော်မူလေသည်။ (ဤနေရာ၌ လှေ အကြောင်းကို ကျယ်မည်စိုး၍ ချန်လှပ်ခဲ့၏။)
တောင်သူ လယ်သမားတို့ ဘဝမှာ လှေလောင်းများကို ရေ
[ စာမျက်နှာ ၁၄ ]
ကြောင်းတွင် ကုန်ရောင်းကုန်ဝယ် အလို့ငှာ၎င်း၊ တခါတရံ တံငါလုပ်ငန်း အလို့ငှာ၎င်း အသုံးပြုကြရလေသည်။ အောက်ပြည်အောက်ရွာမှ ကုန်များကို သွားရောက် ဝယ်ယူရသည်မှာလည်း ၎င်းတို့အဖို့ လွယ်ကူသည်မဟုတ်။ ဘုရင့် လှေတော်ကြီးများကိုသို့ လှိုင်းလေဒဏ်ကို ခံနိုင်ရည်ရှိသော လှေမျိုး မဟုတ်ပါချေ။ ဧရာဝတီ မြစ်ကြောင်းမှာ လှေလောင်းငယ်နှင့် သွားခြင်းကြောင့် အောက်ပြည် အောက်ရွာများသို့ တနှစ်မှာ တခေါက်ပင် အနိုင်နိုင် သွားလာကြရရှာပါသည်။ ထိုကဲ့သို့ အောက်ပြည်အောက်ရွာသို့ စွန့်စွန့်စားစား လှေလောင်းငယ်ကို အားထားလျက် ရေကြောင်းတွင် သွားလာရခြင်းမှာ တောင်ယာ လယ်လုပ်၊ ထင်းခုတ်ဝါးတင်၊ တပင်တပန်း၊ ကိုယ်ရေစွမ်းလျက်၊ မချမ်းသာနိုင်လွန်းသဖြင့်သာ စွန့်ကာ သွားလာရရှာသည်။ အောက်ပြည် အောက်ရွာမှာ စီးပွားရှာ ထွက်ဘူးကြသည့် အညာသား မှတ်တမ်း တေးကဗျာကလေးမှာလည်း –
"အောက်ပြေ ရေတိုးလို့၊ ရွက်ကြီးတဲ့ မနိုင်ပါသကို။ လှိုင်းမောက်လို့မို၊ မမလေး ကောက်လို့လှိုင်။ လုံမလေးက ထိတ်လို့လှိုင်။ မောင်ဖုန်း မို ဘုံနယ် ကူးပါ့မယ်၊ လောင်းလှေက လူး"
ဟူ၍ ရှိခဲ့ဖူးသဖြင့် ရေကြောင်းခရီး၌ မည်မျှလောက် ခက်ခဲ၍ အန္တရာယ်များသည်။ ကိုလည်း သူတို့ သိကြပြီး ဖြစ်ပါသည်။ တခါတရံ ကြောက်တတ် လန့်တတ်သော ဇနီးကို သူအရိုးသားချင်းနှင့် ထားခဲ့ပြီး စွန့်စွန့်စားစား တကိုယ်တည်း သွားရသော အခါများမှာလည်း ရက်လကြာရှည် နေမိပြန်ပါက ကောက်စိုက်မ အညာသူ ဇနီး၏ထံမှ စာသဝဏ်ဖြင့် –
"အောက်ပြေမကြီး၊ လှေစီးပါတဲ့ ကိုလူဂို။ ပေမူဧဝ၊ ခွေသလို မိန်းမက မှာ။ အင်ဖေါင်းမလာနဲ့မောင်ရွှေလေး။ ဖက်ဆွတ်ညောင်ရေ၊ မိုးပြောက်ကျာရှာချိန်မှာ၊ မယ်တို့ပြေ ညာတကြောမှာ၊ ဝါယော လေပြည်ပြန်တော်တယ်။ သင်းလှိုင်နွဲ့မွှေး။"
ဟု သတိပေးစာကိုရေးသား၍ ပေးလိုက်ရှာသည်။ ကောက်စိုက်မ
[ စာမျက်နှာ ၁၅ ]
လေး၏ သံယောဇဉ် "အဆွေး" နှင့် သူ၏ စိုးရိမ်ပူပု "အတွေး" တို့သည် သူရေးသော ကဗျာကို ထောက်၍ သုတကလေး တညှိလောက်ပင် ရှိလင့်ကစား အဓိပ္ပာယ်ကား ရှည်လျားလှပေသည်။ ဝဿန္တ၊ ဟေမန္တ စသော ဥတု ရတုတို့ကို သူ နားမလည်ရှာသဖြင့် သူစိတ်တွင် ပေါ်လာသည့် အချိန်ပိုင်းကလေးကို မှတ်သားပြီး အင်ပင်ဖူးတဲ့ အခါမှာ မလာခဲ့နဲ့ ဟူ၍၎င်း၊ ဖက်ဆွတ်ညောင်ရေ မိုးပြောက်ကျာကျချိန်မှာ လေမိုး ဆက်ထန်တတ်သည်ဟူ၍၎င်း ဆိုလိုခြင်း ဖြစ်ပေသည်။
အညာ ရပ်ရွာဒေသမှာ မိုးအားထက် လေအားက ပို၍ ကောင်းတတ်သဖြင့် မိုးသေးမိုးဖွဲများကို ပရိမိုး မိုးကြီးမိုးကောင်း ထင်၍ နေတတ်ကြလေသည်။ အထက်တဆင်က တောင်ကျရေကိုသာ ပိုမိုအားထားပြီး စိုက်ခင်းပျိုးခင်းများ ပြုလုပ်ကြရသဖြင့် အောက်ပြည်ဆိုလျှင် အမြဲပင် မိုးလေပြင်းထန်သည်ဟု အညာသူ အညာသားများ ယူဆကြလေသည်။ တခါတရံ အညာဒေသ၌ မိုးခေါင်သဖြင့် အောက်ပြည်သို့ စုန်သော လှေကြီးများတွင် လှေထိုးသားအဖြစ်နှင့် လိုက်ပါလေ့ ရှိသော အညာသား တောင်သူ လယ်သမားများ ရှိကြသည်။ ပဲခူး၊ တညင် (သံလျင်)၊ ဒလစသော အောက်ဒေသများသို့ ရောက်ပြီးနောက် အောက်ပြည်က ရေဝင်လယ်များမှာ လုပ်ငန်းဝင်၍ လုပ်ကိုင်လေ့ ရှိကြလေသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ အထက် အညာသူများ နှစ်သက် မြတ်နိုးစွာ ဆိုလေ့ဆိုထရှိကြသော အညာသူ အိုင်ချင်းတပုဒ်တွင် တောင်သူကြီး ဇနီးမောင်နှံတို့၏ သရုပ်ကို အလွမ်းထုပ် ဖြေဘွယ်သို့ ရေရေလည်လည် ရေးသားထားပုံကို တွေ့ဖူးပါသည်။
"ချစ်တဲ့သူငယ်လေ။ ။သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။ နံနက်ကိုလယ်ထွန်၊ နေ့မွန်ကျွဲကျောင်း၊ ညမောင်းထောင်းနှင့်၊ ညောင်ရှာလိမ့်နိုး၊ မြို့ပဲခိုးသို့၊ လှေထိုးလိုက်မယ်၊ အပျိုဖြူငယ်နုမကွဲတယ်၊ ။ ချောင်းပတ်ရံနှင့်၊ ရွှေဂုံမြောက်ပါး၊ မယ်လင်မနှင့် 'ထန်းပင်နွဲ့နောင်း"
[ စာမျက်နှာ ၁၆ ]
"ယှက်ကာပေါင်းသည်၊ ကင်းချောင်းဆိပ်မှာ၊ ထိုးဝါးကို ဝယ်သည်။ တကယ် စုန်ဖြစ်တော့မှလားတော။ ။ စုန်မယ်ဆိုလျှင် စုန်မဲ့ရက်ကို၊ ဆက်ဆက်ကယ် မဆို၊ ဆန်းမယ်ဆိုလျှင် ဆန်းမဲ့ရက်ကို ဆက်ဆက်မဆို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို၊ ဖက်ကာပိုက်သည်။ မောင့်ကိုကုန်သွား၊ ထည့်သလောတော။ ။ ဆီကိုတဲ့ လေ၊ ဆေးကိုတဲ့ ငါး၊ သားကိုတဲ့ ခြောက်၊ ပဲခိုးသို့အဝင်၊ တညင်းသို့အဆိုက်၊ လွမ်းမောင်းမင်းကို ခြင်ပုန်းကိုက်လို့၊ ခြင်ရိုက်ကွယ်မှမပါ၊ လေမလာလို့ သွေးသံစို့သည်။ ခြင်မခြင်စာ ဖြစ်လေရှာရောသလောတော။ ။ အပျိုဖြူငယ်၊ မယ်တမျှတို့၊ ဖျက်၊ တရုပ်နယ်နှင့်၊ ဖျက်ဖျက်လုကျအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊ မနှင်ပါရ၊ အောက်ပြည်ဆိုသည်၊ ရွှေဂုံကျွန်းက ဝေးလွန်းလှလေသ။"
ထိုအိုင်ချင်းကလေးကို စေ့စေ့စပ်စပ်၊ ထပ်ကာ ထပ်ကာ ဖတ်ရှုပါလျှင် အညာသူ ကောက်စိုက်မကလေး၏ ပူနွေးသော ဘဝငြိမ်းသည် နိမ့်တုံမြင့်တုံ ဆွေဆွေဆန်းလျက် တုန်လှုပ် ချောက်ခြား လေကစားသကဲ့သို့ ရှိရသည်ကို၎င်း၊ သူစိတ်ကလေး၏ အတွေးနယ်မှလည်း ကျယ်ချင်တိုင်း ကျယ်လျက် ဘယ်ဝယ်ဘယ်သို့ ရင်ဆိုင်စရာ ရင်နှီးစရာ အသိုက်အမြှူများစရာ စိုးရိမ်စရာတို့သည် လှိမ့်ကလိုင်းမှကာ သူဘဝကို ဝင်၍ ဆောင်လာကြသည်ကို၎င်း၊ ဖတ်ရှုရင်းပင် အကျွင်းလိုက် အကွက်လိုက် ထင်မြင်နိုင်ကြပေမည်။ သူအဖို့ ကြုံရသည့် အရေးမှာ လင်အတွက် ဆွေးရသော လင်ရေး ဖြစ်ခြင်းကြောင့် မိထွေး၊ မိကြီး၊ ဝဒ်၊ ဘွားအေ၊ သူတို့တွေကိုလည်း ထွေထွေလာလာ တိုင်ပင်ဖို့ မသင့်ရှာပါ။ ထို့ကြောင့်ပင် ရွာဝင်ဝက သူငယ်ချင်းမလေးများနှင့် တွေ့တိုင်း – "ယောက်မတို့ရေ-အိမ်ကလူတော့ သူထင်ရာ သူစိုင်းလို့ နောက်ပိုင်း ပြန်မကြည့်ရှာဘူး၊ (ဘောက်မဲ့ကြောင့်လဲ) မမေးနဲ့တော့၊ အဆန်းမဟုတ်။ တောင်သူ လယ်လုပ်တို့ ဝတ်တရားအတိုင်း နံနက်လင်းယှဉ် လယ်ထွန်၊ နွေလယ်ရောက်တော့ ကျွဲကျောင်း၊ ညနေ
[ စာမျက်နှာ ၁၇ ]
စောင်းတော့ မောင်းထောင်းရတယ်။ အဲဒီလို နေ့စဉ် အလုပ်ဟာ သူမှာ အညောင်းမိတယ်လို့ ထင်ပြီး တမင်ဘဲ အောက်ပြည်အောက်ရွာကို လှေထိုးလိုက်မယ်ဆိုလား၊ ကုန်ရောင်းမယ်ဆိုလား သွားမလို့တဲ့၊ ချောင်းပတ်ရံနဲ့ ဒီရွှေဂုံကျွန်းမြောက်ဖျားက ကင်းချောင်းဆိပ်မှာ ထိုးဝါး ဝယ်တာကို မြင်ခဲ့တယ်။ တကယ်ဘဲ အောက်ပြည်ကို စုန်ဖြစ်တော့မလား မသိပါဘူးတော်” ဟူ၍ ညည်းညူးရင်း ပြောကြားရှာသည်။ အောက်ပြည်သွား လယ်သမားကြီးများကား ဇနီးသည် ကောက်စိုက်မကို သေချာချာ ဘယ်နေ့ ဘယ်ရက်ကို စုန်ဖြစ်မယ်၊ ဘယ်အချိန်ကို ဆန်းခဲ့မယ်လို့ အမှန်ကေ မမြှောက်ချေ မပြောသော်လည်း သုအဖို့မှာ ဖြစ်ရောကြုံရောတွင် စုန်၍ မျောပါလေပြီ။ "ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်" ဆိုသကဲ့သို့ ထွန်တုံးရှင်ကား အညာမြေပြင်မှ အောက်တခွင်သို့ ရောက်ခဲ့ပါတော့သည်။
ဇနီးသည် အမျှမှာ ခင်ပွန်းသည် ယောက်ျားသည် ဆီးဆေးဆား စသော ကုန်ပစ္စည်းများနှင့် ပဲခူးကို ရောက်လေမည်လား၊ တညင်များ ဝင်နေရှာလေမလားဟု ယုံမှားနေဆဲပင် ရှိရသည်။ ပဲခိုးနှင့် တညင်း ဘယ်လောက် ဝေးတယ်လို့ မတွေးထင်တတ်သော အညာသူမှာ သူပူဖို့လောက်ကိုသာ အဓိက ထားရှာပါသည်။ စစ်စစ်မှာကား တညင်ကိုလည်း သူမသိ၊ ပဲခိုး၏ အကြောင်းကိုလည်း အပေါင်းအသင်းများ ပြောပြသကဲ့သို့ ကြားဖူးခါမျှသာ ဖြစ်ချေသည်။
ထို့ကြောင့်ပင် သူ၏ အလွမ်းဘွဲ့အိုင်ချင်းမှာ "တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ဖက်ကာပိုက်သည်။ မောင့်ကို ကုန်သွား၊ ထည့်သလောတော” ဟု ဆိုရှာပါသည်။ ခင်ပုန်းသည် တောင်သူကြီး အောက်ပြည်ကို လှေစီးလို့ခရီးထွက်နေစဉ် ဇနီးသည်မှာ လင်သည်၏ နှစ်သက် စုံမက်လှသော ပစ္စည်းများဖြစ်သည့် ဗျပ်စောင်းနှင့် လောင်းကြေးကစားသော တိုက်ကြက်မကြီးတို့ကိုသာ မကြာခဏ ဖက်ဖက်ပြီး ညည်းညူး၊ ပူဆွေး၊ အမြဲပင် တေးတွေးပြီး ငိုမိပါသည်ဟု တင်ပြထား
[ စာမျက်နှာ ၁၈ ]
သည်။ သို့အိုင်ချင်းကဗျာအရ ဗျပ်စောင်းမှာယခုအခါတွင် ရှာ၍မတွေ့ သလောက် ကွယ်ပျောက်နေချေပြီ။ ဗျပ်စောင်းမှာ ရှေးအခါက အညာ ဒေသ တောရွာများတွင် နေထိုင်ကြသော တောင်သူ လယ်သမား ကာလသား လူငယ် လူရွယ်များ အထူး နှစ်သက်မြတ်နိုးကြသော တရုပ်ပြည်မှ လာသည့် စောင်းဝိုင်းကို ဆိုလိုသည်။ ပုံသဏ္ဌာန်မှာ ဆန်းကောဝိုင်း၊ ဗျပ်ဝိုင်းကို စောင်းလက်တံ တပ်ထားသကဲ့သို့ ပုံမျိုး ဖြစ်သည်။
ထိုဗျပ်စောင်း၌ ကြိုးလေးကြိုးသာလျှင် တပ်ဆင်၍ ထား၏။ အချို့ မြို့ကြီးသားများက အနည်းငယ် ပြင်ဆင်ပြီးလျှင် ကြိုး (၆) ကြိုး တပ်၍ လက်ဆွဲဗျင်း၊ ပလွေ စသည်တို့နှင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်လေ့ ရှိကြသည်။ ထိုအိုင်ချင်း ရေးသားစဉ် ခေတ်အခါက တရုပ် ဗျပ်စောင်းများ ခေတ်စားနေသော အချိန်အခါ ဖြစ်မည်ဟု ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် လယ်သမားတဦးဖြစ်၍ အဖိုးတန် စောင်းကောက်ကြီးနှင့် မိကျောင်း စောင်းကြီးများကို ဝယ်ယူ အသုံးပြုမည်မထင်။ တန်ဖိုးနည်းသော ဗျပ်စောင်းကိုသာ သုံးမည်ဟု ယူဆမိသည်။ ဗျပ်စောင်း တလုံးမှာ ထိုခေတ်က တကျပ် ငါးမတ်သာ ပေးရ၏။
ထို့မှတပါး သူ၏ အိုင်ချင်း နောက်ပိုင်းတွင် "မယ့်တဖျုတ်ဖျုတ်၊ တရုပ်ယပ်နှင့်၊ ဖျက်ဖျက်လုကျအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊ မနှင်ပါရ” ဟူ၍ ပါရှိသဖြင့် တရုပ်ယပ်တောင်နီနီကို သုံးစွဲနေသော ခေတ်တွင် ဤအိုင်ချင်းကို ရေးသားကြောင်း ထင်ရှားလေသည်။ ထိုအချိန်က မန္တလေးမြို့တွင် တရုပ် ကုန်မျိုးစုံ ရောင်းသော ဆိုင်ကြီး များ၌ ဗျပ်စောင်းတလုံး ဝယ်လျှင် တရုပ် ယပ်တောင်နီနီတချောင်း အဆစ်တောင်း၍ ရနိုင်သည်ကို သိရသည်။ ထိုခေတ်က တောင်သူ လယ်သမား ကာလသားတို့မှာ လူငယ်ဘာသာ ညအခါ လသာသာတွင် တရုပ် ဗျပ်စောင်းကို ရွာရိုးလျှောက်၍ တီးလေ့ရှိကြသည်။ ညနေ
[ စာမျက်နှာ ၁၉ ]
စောင်း အားလပ်ချိန်များတွင် ရွာပြင် သစ်ပင်ကြီးအောက်၌ တိုက်ကြက်ကို ပိုက်လျက် စုရုံး ရောက်လာကြသော ကြက်သမား ဝါသနာအိုးများကို တွေ့နိုင်ကြလေသည်။
မှတ်ရန်
စာတွေကို ကြိုးစားပြီး ကူးယူထားပါတယ်။ မူရင်းနဲ့ ထပ်မံစစ်ဆေးစရာရှိကောင်း ရှိနိုင်ပါသေးတယ်။
စာပေဝတ်ဆံ ၃
https://drive.google.com/.../19vD1FPId0krPD0tZym1.../view...
(ဒဂုန်နတ်ရှင်)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ










Comments
Post a Comment