နေ့လယ်က တဆုံ၊ အစုံထည့် ထောင်းသေးတယ်။ ငရုတ်သီးကို လှော်ပြီး ကြက်သွန်ဖြူ၊ ပုစွန်ခြောက်နဲ့ ဆား။ လေးငါးနပ်တော့ စားရမယ်။
ဆုံ၊ ကျည်ပွေ့နဲ့ လက်ကို သေချာဆေးရတယ်။ အခုတခါ ကတ်ကြေး။
ငရုတ် ငရုပ် ငြုတ် မူကွဲစာလုံးတွေ ဖြစ်ပါတယ်။၏
အခုခေတ်မှာ "ငရုတ်သီးဆားထောင်း" တဲ့။
ဆားမထည့်ဘဲ ထောင်းတာ နှစ်နေရာမှာ တွေ့ဘူးတယ်။
၁။ မီဇိုလူမျိုးတွေက ဆားထည့်လေ့မရှိ။ ဆားကို သီးသန့် ပုံစားကြတာများတယ်။
၂။ တိဘက်တွေရောင်းတဲ့ မိုမို ဆိုင်တွေက မိုမိုနဲ့တွဲစားရတဲ့ အစပ်ထောင်းမှာ နီရဲနေပေမဲ့ ဆားမပါ။
ခေတ်ကတော့ တယောက်ပြောတာလိုက်ပြော၊ တယောက်ရေးတာလိုက်ရေးကြတယ်။ အဲလိုမှလည်း ရောင်းရတယ်။
မြန်မာပြည်မှာ ငရုတ်သီးထောင်းတိုင်း ဆားပါရတယ်။
အဲဒါကို "ဆားထောင်း" လို့ပြောခြင်းဟာ
"ရေနွေးကြမ်း" ကို "လက်ဖက်ခြောက်ရေနွေးကြမ်း" လို့ပြောတာနဲ့တူနေတယ်။
ဒီနှစ်တော့ ငရုတ် မစိုက်ဖြစ်ပါ။
ဒေါက်တာတင့်ဆွေ
၈-၇-၂၀၁၉

Comments
Post a Comment