The Moon at My Window.
— Ryōkan Taigu (1758–1831)
လာခိုးသူဟာ
ငါ့ ပြတင်းဝမှာ
လမင်းကို
ချစ်ထားရစ်ခဲ့လေရဲ့။
(ဂျပန်ဟိုက်ကူ ကဗျာ)
ဇင်ဗုဒ္ဓဘာသာ ရဟန်းတော်လည်းဖြစ် ကဗျာစာဆိုအကျော်လည်းဖြစ်တဲ့ “ရောကန်” ဟာ တဲအိမ်လေးတခုမှာသာ ရိုးရှင်းစွာ သီတင်းသုံးနေထိုင်ခဲ့သူ ဖြစ်တယ်။
တညမှာ သူ၏တဲအိမ်ကို သူခိုးတယောက် ရောက်လာရာပြီး ခိုးယူစရာရှာတော့
တန်ဖိုးရှိတဲ့ ပစ္စည်းဥစ္စာရယ်လို့ ဘာမျှမတွေ့ပါ။
သူခိုး စိတ်ပျက်လက်ပျက် ပြန်မထွက်ခင်မှာ
“ရောကန်” က သူခိုးကို လက်ချည်းဗလာ ပြန်ရတာမဖြစ်အောင်
သူဝတ်ထားတဲ့ တစုံတည်းသော သင်္ကန်းဝတ်ကို ချွတ်ပေးလိုက်ပါသတဲ့။
သူခိုးထွက်သွားပြီးနောက် ဝတ်စရာမပါတော့တဲ့ “ရောကန်” ဟာ
သူ့တဲအိမ်လေးရဲ့ ပြတင်းပေါက်ကို ကြည့်လိုက်တော့ …
ကောင်းကင်မှာ လသာနေတဲ့ လမင်းကိုမြင်ပြီး ဒီကဗျာကို စပ်ဆိုလိုက်ပါတယ်။
ဒီကဗျာတိုကို ဖတ်မိသူတိုင်းမှာ အသိ၊ အလင်း တစုံတရာ ရကြပါလိမ့်မယ်။
(က)
သူခိုးသည် ရုပ်ဝတ္ထုပစ္စည်းများကို ခိုးယူသွားနိုင်သော်လည်း သဘာဝအလှတရား၊ စိတ်၏ ငြိမ်းချမ်းမှုနဲ့ အနှစ်သာရသဘောဆောင်တဲ့ လမင်းကြီးကိုကား ခိုးယူ၍ မရနိုင်ချေ။
(ခ)
စိတ်နှလုံး ရောင့်ရဲတင်းတိမ်မှု၊ ဥပေက္ခာတရားနဲ့ လွတ်လပ်မှုကို ဖော်ကျူးထားတဲ့ ထင်ရှားသော ဇင်ကဗျာ။
(ဂ)
လောကမှာ ခိုးယူလို့၊ တိုက်ယူလို့၊ အဓမ္မနည်းနဲ့ယူလို့ မရနိုင်တာတွေ ရှိတယ်။
(ဃ)
ရဟန်းတော်က
“သြော် … ငါ့နှယ် ဒီလမင်းကိုပါ ယူသွားလေလို့ မပြောလိုက်မိပါတကား။”
(င)
သူ့မှာ ရှိသမျှ ရုပ်ဝတ္ထုမှန်သမျှကို စွန့်လွှတ်လိုက်ရသော်လည်း အမှန်တကယ် ပြည့်စုံလုံလောက်မှုသည် အပြင်ပစ္စည်း၌ မဟုတ်ဘဲ မိမိအတွင်းစိတ်၏ ငြိမ်းချမ်းမှု၌သာ ရှိကြောင်း ပြသနေသည်။
(စ)
တဏှာလောဘဖြင့် ရှာဖွေသူသည် သင်္ကန်းတထည်ကိုသာ ရရှိသွားပြီး၊ ပိုင်ဆိုင်လိုစိတ် ကင်းမဲ့သူကမူ တလောကလုံး၏ အလှတရားဖြစ်သော လမင်းကြီးကို ပိုင်ဆိုင်ကျန်ရစ်ခဲ့သည်။
(ဆ)
… …
(ဇ)
… …
ဒေါက်တာတင့်ဆွေ
Comments
Post a Comment