Skip to main content

တခုသော သင်္ကြန်အခါ

လာလေလေ လိုက်ခဲ့တော့

တို့စရိုက် တို့ဘာသာ

နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့

ကစားကာ ရေကြည်ကြည်နှင့်

ပီပေသည် ဗမာမျိုးကိုလ

တိုးဆင့်၍ ချစ်ခဲ့တာ။   ။

… လာဟေ့ လာဟေ့

    ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုန်းရုန်းလာကြ

    ဘယ့်နှာပါလိမ့်

    ထိန့်လိုက်တဲ့ အိုးစည်၊ နှဲကလည်း ပီသနဲ့

    သီသူက သီကြ၊ ကသူက က လာ

    နွားကြီးလည်း ပါသဟေ့

    ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး

    ချိုဖျားမှာ ပိတောက်ပန်းတွေက

    တလျှမ်းလျှမ်း ရွှေအဆင်

    နွားစိတ်ထဲ အခဲသား ဝင်လိုက်ရ

    ရွှင်လိုက်မည့် ဖြစ်ခြင်း…။ (စကားညှပ်)

သြော်… ဝဋ်မကင်းသူကိုဖြင့်

လွှတ်ခြင်းမှာ ဝါသနာပါတဲ့

ရွှေဗမာ သည်အမျိုးမှာလ

အကျိုး သည်လို တူလိုက်ပါ့

ရွှေမဉ္ဇူ နှုတ်ရွှေခွန်းရယ်နဲ့

သွန်းလိုက်မိပါ။   ။

… နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ

    ဒါနက တဝေဝေ ရေတွေက တရွှဲရွှဲ

    ပျော်ပွဲက တဝင့်ဝင့် ကဲလို့သာ ဆင့်ရော့

    အရွယ်သင့် အရွယ်ငယ်

    ဗမာတွေ ထယ်လိုက်ကြ…။ (စကားညှပ်)

ဘယ်မြေဟာ စေတီပေါမယ်လဲ

ဘယ်ပြေဟာ အပျော်ကျောမယ်လဲ

စိတ်ဇော မြန်ဗမာမှာဖြင့်

သံသရာ ဂရုထားသူမို့

ပါးလိုက်ကြ ပျော်ပျော်သာ

အခါက နှစ်ဆန်း။

… လကလည်း ရွှင်လန်း

    ရွက်ဟောင်းကြွေကြွေ၊ ရွက်သစ်ကယ်ဝေ

    လေပြေက ဆန်းပြန်တော့

    လွမ်းစရာပေါ့…။ (စကားညှပ်)

ဥသြ ငယ်သာ

ပင်မြင့်မှာ သံဝါဝါနဲ့

သင်္ကြန်ခါ သူက ညှင်းပြန်တော့

မလေးမောင် သည်ရင်တွင်းဆီသို့

သီချင်း သူ ဝင်လာ၍

ဖြူစင်စွာ ဂူဆင်၍သာပ

တူယှဉ်ကာ သူရွှင်မွေ့ခဲ့ပေါ့

သြော်… ဟိုနေ့ ဟိုအခါက

ချိုကဗျာ ဧည့်သည်ကလေးတွေဖြင့်

ဖော်ရွှင်ရွှင် ဖော်ဖေမေးပါလို့

ဂူဘေးမှာ ဂူနေဖော်တဲ့

ပျော်စရာ နေဖို့ကောင်းတယ်လို့

အောင်းကြ ရွှင်လန်း။   ။ (ဇော်ဂျီ - ဂန္ထလောက။ မတ် ၁၉၃၃)

မှတ်ချက် - တခုသော သင်္ကြန်အခါသည် 'တစ်'ခုသော သင်္ကြန်အခါ မဟုတ်။ ဗမာမျိုးကိုလသည် မြန်မာမျိုးကိုလ မဟုတ်။ ဒါနကတဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်သည် ဒါနက'တစ်'ဝေဝေ၊ ရေတွေက'တစ်'ရွှဲရွှဲ၊ ပျော်ပွဲက'တစ်'ဝင့်ဝင့် မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ