Skip to main content

လယ်သမားဘွဲ့

(ဝန်ကြီးပဒေသရာဇာ)

ဝသန်ကာလ၊ မိုးကျတည့်လျှင်

ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်

လက်တွဲငယ် ခြေငင်၊ ကိုယ်တွင်အဝတ်

ပုဆိုးအင်္ကျီ စုတ်ပြဲပြီ

ချည်နီဗောင်း တွတ်တွတ် ကယ်နှင့်လေး။   ။

မိုးရေစွတ်လို့၊ အဝတ်ကယ်မပါ

သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ

ဆေးတံတထွာ ကိုက်ကာထွန်ရင်း

လယ်ကွက်ကယ်တခွင် ထွန်ရေးငင်သည်

ရေဝင်ပုဇွန်တွင်းငယ်နှင့်လေး။   ။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်

ခရုပီလော၊ ရောနှော၍သာလွယ်

ဟင်းရွက်ကယ်နုနယ်၊ တသွယ်ကန်စွန်း

ဆူးပုပ်ကယ်ကင်းပုံ အလုံးစုံ

ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။   ။

ချိုလည်ူချိုလွန်း၊ ရည်ရွှမ်းများစွာ

ကြံဟင်းကြွက်နပေါင်း၊ သောင်းပြောင်းရော၍သာ

အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်

ထမင်းကပူ ဟင်းကပူ

ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။   ။

အလုတ်ကယ်ဧရာသာ၊ ငုံ့ကာလွေးတော့သည်။   ။

သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။   ။

ဒေါက်တာတင့်ဆွေ


Comments