Skip to main content

အရေးအသား နှင့် အသံထွက် ထပ်မံတင်ပြခြင်း




ကွန်မင့်တခု = သူလည်းလေ ဖြစ်သင့်ပါတယ်ဗျ

ပြန်စာ

မှတ်ချက်မှာ ထည့်ရေးထားပြီး။ 

စာရေးတာ၊ စကားသံထွက်တာ၊ သီချင်းဆိုတာ တခါတလေမှာ ထပ်တူမကျကြောင်းကိုလည်း ၄-၅-၆ ခါ အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။

(၁) မင်းသုဝဏ်ရေးတဲ့ ပန်းသည်ကဗျာ

"ပန်းသည်"

မောင်လေးရေ ထပါတော့

ရောင်နီ လာလှပေါ့။

တကြော့နှစ်ကြော့ တေးကိုသီ

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း

ပင်အောက်ကြိုင်လို့လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်

သွားကောက်ချေစို့ကွယ်။

ပန်းသယ်လုပ်စို့ တပြုံးပြုံး

ပန်းတွေ တကုံးကုံး။   ။

ပန်းသည်က စံကိုက်သတ်ပုံဖြစ်ပြီး ကဗျာတွေ သီချင်းတွေမှာ ပန်းသယ်လို့လည်း ရေးကြပါတယ်။ 

ကဗျာကို ဂီတသင်္ကေတရေးတော့ "ပန်းသယ်" လို့ရေးထာတယ်။ သီဆိုသံကိုလည်း နေားထောင်ဘူးကြမှာပါ။

"လည်းကောင်း" ကို "လဂေါင်း" လို့ အသံထွက်ဖတ်ရပါတယ်။ (မြန်မာအဘိဓာန် အတွဲ ၄၊ ၁၉၈၀၊  စာမျက်နှာ ၁၁၅)

တကြော့ နှစ်ကြော့နဲ့ တကုံးကုံးကို စသတ်လို့ကတော့ ပျက်ရော။

(၂) သူလဲလေ လောကီသားပေမို့ (မင်းညိုဦး)

အပြင်ဘက်ဝယ်

မအက်မစွန်း ဘော်ဖြူဝန်းမူ

ရွှန်းရွှန်းတောက်ပ လှလျှက်လှသည်

ညသည် နုပျိုကြော့နေဆဲ။

မတောက်တတောက်

ကြယ်ပြောက်ပြောက်လည်း

တည်ဆောက်မရပ် မျက်တောင်ခတ်ပြီး။

လူ့ရပ်ပြည်ရွာ ငုံ့ကြည်ရာတွင်

ပြုံးမှာလိုလို မဲ့သတည့်။

ထိုရောကာလ

အရိပ်ကျသည့် ပညောင်ပင်ထက်

အိုညငှက်တည့်

ချစ်ဘက်တုံ့လှယ် နော့ကျီစယ်ဆဲ

ငှက်မယ်တခု ဖြတ်သန်းပြုကို

ပျိုနုထွားထွား ငှက်ယောက်ျားက

စူးဝါးစိုက်စိုက် လိုက်၍ကြည့်လျှင်

သူ့ရင်ထဲမှ ငှက်မယ်လွလည်း

ဒေါပွခံခက် ရုတ်တရက်နှင့်

စိတ်စက်ကောက်မူ ဟင့် ဟင့် ကျူသော်

ချစ်သူမယ့်ကြိုက် အလိုလိုက်ပြီး

ပွေ့ပိုက်ချော့တော့ မယ်လည်းပျော့သည်

မော့ကာ မွှေးမွှေးကြူပြီတကား။   ။

(၃) ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ

နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

မှတ်ရန်

- ဆင်းရလဲ မသက်သာ၊ လည်း မဟုတ်ပါ။

- ဆောင့်ခဲ့လဲ မသက်သာ၊ လည်း မဟုတ်ပါ။

- နောက်တချီ၊ ဒီတလုံး၊ တလံကွာ၊ တရာနှစ်ရာ၊ တပင်ထဲ တွေကို စသတ်ရင် မှားရော။

- ပန်းပန်လျက်ဘဲ ကို ပန်းပန်လျက်ပဲဆိုရင် မှားရော။

လဲ နှင့် လည်း https://burmese-spelling.blogspot.com/2023/05/blog-post_613.html

လဲ နဲ့ လည်း https://burmese-spelling.blogspot.com/2026/02/blog-post_192.html

မူရင်း တရား၊ စာ၊ ကဗျာတွေကို ထင်သလိုပြင်သုံး၊ ကြိုက်သလိုသင်နေကြတဲ့ အကျင့်ကို ပြင်ရပါမယ်။ 

ဝေဖန်တာမလုပ်ခင် စုံစေ့အောင်လေ့လာပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ