သူငယ်ချင်းတယောက်က ရေးတယ်။ ယူကေဂျီပီ GP ဆိုတာ တဲ့။ သူက အဲဒီမှာနေတာ။
ကျွန်တော်က ပြန်ရေးလိုက်တယ်။
ကိုယ်တော့ ဂျစ်ကားအကြောင်းလေး ရေးစဉ်က GP မူကွဲစာလုံး ထည့်ရေးလိုက်တယ်။ အထွေထွေသုံးတဲ့။ မရှိသုံးနဲ့လည်း ခပ်ဆင်ဆင်။
သူက ပြန်ရေးတယ်။
General stores ကကုန်စုံဆိုင်ဆိုရင် အစုံကုပေါ့ဗျ၊ အထူးကုနဲ့ကွဲအောင်။
ကိုယ့်အလှည့်။
Willys MB ဝီလီးစ် အင်ဘီ ခေါ် Jeep ဂျစ်ကားကို ၁၉၄၁ ကစထုတ်ပါတယ်။ ဂျစ်ကားထုတ်ကာစမှာ Jeep အခေါ်ကို စကားများကြသေးတယ်။ တချို့က General Purpose (GP) အထွေထွေသုံးလို့ခေါ်ပါသတဲ့။ ဂျီပီဆရာဝန်ဆိုတာ လိုရာသုံး၊ လိုရင်သုံးဆရာဝန် ဖြစ်ပါမယ်။
ကျွန်တော် ပဌမဆုံး ဆယ်ပတ်ရစ် ဂျစ်ကားလေးဝယ်တော့ မုံရွာက ကားပိုင်ရှင်က တရားစာတွေရွတ်ဖတ်ပေးပြီး လက်လွှဲပေးတာကို သတိရတယ်။ ၅၂၀၀၀ ကျပ်ပေးရတယ်။ တိုက်နယ်ဆရာဝန်အဖြစ် ၃ နှစ်လောက်ငွေစုတာ မလောက်လို့ ချေးငှားရသေးတယ်။
မြို့သာ-ငါန်းဇွန်-မန္တလေး-မုံရွာ-ဘုတလင် ပြဲပြဲစင်။ ပုဂံလည်းရောက်တယ်။ ဆရာဝန်သူငယ်ချင်းတယောက်က မှတ်ချက်ချတယ်။ မင်းတို့မုံရွာသားတွေမှာ ထူးခြားချက် ၂ ခုရှိတယ်။ ကားအမြန်မောင်းတာနဲ့ ဈေးအလွန်ဝယ်တာတဲ့။ ဒေါက်တာဌေးလှိုင် (ကွယ်လွန်) နဲ့ ကျွန်တော့ကို ကြည့်ပြောတာ။
ဈေးချိုကနေ ဆေးမှောင်ခို ခဏခဏဝယ်ရတယ်။ ကလေးတွေများတော့ ကလေးဝတ်တွေနဲ့ ကြိမ်ပုခက်လည်း ဝယ်တာဘဲ။ ဆရာဝန်ကတော်အတွက်ကတော့ ဈေးချို ဦးကြည်ဆိုင်မှာ အချုပ်အပ်ရတယ်။ ဝ/သ (မန်း) ကျောင်းသူကတည်းက အဲဒီမှာအင်္ကျီချုပ်တာ။
အဲဒီခေတ်မှာ ဂျစ်ကားစီးသူမှန်သမျှ ဆီပျောက်-မီးပျောက်တတ်ရတယ်။ ဂေါက်လှည့် စက်နှိုးတတ်ရတယ်။ လက်ကို ပြန်ရိုက်ခံရတာ အခါခါ။ ဓါတ်ဆီကတော့ ကျေးဇူးကြီးလှတဲ့ မှောင်ခို။ အစိုးရဆရာဝန် ၁၅ နှစ် လုပ်ခဲ့တာ ဆေးရုံသုံးကား တစီးမှ မရှိပါ။
အခုလောက်ဆို အဲဒီ ဂ/၂၀၆၅ ဂျစ်ကားလေး စိန်ပန်းမှာ သံရေကျိုပြီးလောက်ပြီထင်တယ်။ ရှာရတဲ့ပုံသာ တင်မယ်။
ပုံ = မြို့သာတိုက်နယ်ဆေးရုံကို ပဌမဆုံးရောက်လာကြတဲ့ နောက်ဆုံးနှစ်အပိုင်း (က) ဆေးကျောင်းသားတွေ။
GP ဂျီပီဆိုတာ ဘာလဲ https://doctortintswe.blogspot.com/2018/09/gp.html
ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments
Post a Comment