( - ) Zoology (1965 - 69)
ဟုတ်။
(၁)
ကျွန်တော်လည်း ၁၉၆၅ မှာ ဆေးကျောင်းတက်ရတယ်။ ဆေးကျောင်းမှာရော ဆရာဝန်အလုပ်မှာပါ အင်္ဂလိပ်-မြန်မာ ကပြား။ မြန်မာစာ သူလိုကိုယ်လို။
နိုင်ငံရေးထဲရောက်၊ ပြည်ပရောက်။ မြန်မာစာ အသုံးမလိုသလို။
အဝေးကနေ ကျန်းမာရေးမေးတာတွေကို ဖြေတဲ့အလုပ် အခမဲ့လုပ်ပါတယ်။
မေးခွန်းမှာ စာရေးတာတွေ အတော်မှားနေပါကလား။ ပြင်ပေးပါတယ်။
မေးခွန်းပေါင်းက ထောင်သောင်း။ အမှားပေါင်းလည်း ထောင်သောင်း။
ဆိုရှယ်မီဒီယာပေါ်လာတော့ အမှားတွေ သိန်းသန်း။
ဆရာဝန်က သူများကိုပြင်ပေးချင်တော့ မြန်မာစာကို ကိုယ်တိုင် ပြန်ပြီးလေ့လာရပါတော့တယ်။
ဖတ်ဖြစ်တာတွေ များများလာတယ်။ လေ့လာဖြစ်တာတွေလည်း များများလာတယ်။
တနေ့ထက်တနေ့ သိသိလာတယ်။ သိစရာတွေ အများကြီး ကျန်းသေးတယ်။ နက်ဖြန်ဆို ပိုသိလာနိုင်တယ်။
ရောဂါတွေကနေ ဆရာဝန်ကို ဆေးကုအတတ်တိုးစေသလို မြန်မာစာမှားရေးသူတွေကြောင့် ဆရာဝန်လည်း မြန်မာစာတိုးတက်လာတယ်။
(၂)
မှားတာမကြိုက်သူတွေက မှန်တာရှာရကြတယ်။
မရှာဘဲနေလည်း နေနိုင်ကြပါတယ်။
ရှာရတာခက်ရာကနေ လွယ်လာတယ်။
ပိုပိုမှားလာကြတယ်။
ရှာရတာလည်း ပိုပိုလွယ်လာတယ်။
တွေ့သမျှထဲမှာ မှန်တာက ရှားရှားလာတယ်။
ရှာတတ်တာ ပညာမဟုတ်။
တွေ့တာတွေထဲက မှန်တာကို စိစစ်ရွေးချယ်တတ်တာက ပညာဖြစ်လာတယ်။
ကိုယ့်အမှားလည်း ဂရုမစိုက်၊ သူများမှာတာတွေကိုလည်း နေပါစေသမားကသာ များလွန်းတဲ့ခေတ်။
(၃)
ပညာရေး။ကို နှိမ်ချ၊ အရည်အသွေးထက် အရေအတွက် ဦးစားပေးလာတာ ရာစုနှစ်တဝက်ကြာပြီ။
မွေးထုတ်ထားသူတွေ လုံးလုံးလျားလျား အများစုက မူရင်းအမှန်ကို မသိကြပါ။
ပြင်ပေးလို့ အင်မတန်ခက်ပါတယ်။
မြန်မာစာ၊ မြန်မာ့ပညာရေးနဲ့ မြန်မာ့အသိတရား အလားအလာ မကောင်းပါ။ ကန်တော့။
ယဉ်ကျေးမှုပါ ယိုယွင်းလာနေပြီ။
မိုးကြီးချုပ်တော့မည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment