နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့၊
အလှ လတာပြင်က၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော် ငေးလိုလို့။
သူ့ကိုယ် သူလျှင်၊ ဘာထင်လေ မသိ။
ဘယ်ပြောင်း ညာပြန်နဲ့
ဟိုငဖျံ လတာစွန်းမှာ၊ သူ့ဂျွမ်းဟန်ချည့်။
သူ့ကိုယ် သူလျှင်၊ ဘာထင်လေ မသိ။
ဘုတ်မ ခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည်း။
အိုအချင်း ကျူရိုးရှင်၊
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင့်ကိုယ်လဲ မင်းပင်လျှင်၊ ဘာထင်လို့ လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ဘဲ။ (ဇော်ဂျီ)
မှတ်ရန်
“ပန်းခဲ့သည်ဘဲ” သည် “ပန်းခဲ့သည်ပဲ” မဟုတ်။
“မ နောက်က ဘဲလိုက်” ပုံသေနည်း မှား၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment