အခု စနေမှာ စာရေးဆရာကြီး မြသန်းတင့် ရဲ့ ရှမ်းပြည် အရှေ့မြောက်ပိုင်း ခရီးသွား ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။
ကျေးဇူး။
(စ)
နမ့်ခမ်းက ဆောင်းသည် နှင်းတွေဝေ၍ မြူတွေဆိုင်းကာ ချမ်းအေးလှသည့်ဆောင်း ဖြစ်သော်လည်း ကျနော်သည် မနက် အစောကြီးထကာ ဆေးရုံကုန်း အောက်မှနေ၍ မြို့ထဲသို့ လမ်းလျှောက် ထွက်ခဲ့လေသည်။
နမ့်ခမ်းသည် ချိုင့်ဝှမ်းထဲတွင် တည်ထားသဖြင့် ကြည့်လေရာတွင် တောင်တွေ ဝိုင်းနေလေသည်။ တဖက်တွင် ရွှေလီ မြစ်သည် တငြိမ့်ငြိမ့် စီးနေလေသည်။
နမ့်ခမ်း ဆေးရုံကြီးနှင့်မြို့မမှာ ၃ မိုင်၊ ၄ မိုင်ခန့် ဝေးသော်လည်း ယခုတော့ မြို့နှင့် ဆက်နေလေပြီ။ ဆေးရုံက မြို့ထိပ်က ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး မြို့လယ် လမ်းမကြီးက ဆေးရုံကုန်းကို ဦးတိုက်လျက် ရှိလေသည်။
ထိုလမ်းမကြီးက တရုတ်-မြန်မာ လမ်းမကြီး၏ ဗန်းမော်ဘက် အစိတ်အပိုင်းဖြစ်ပြီး နမ့်ခမ်းမြို့၏ မြို့လယ် လမ်းမကြီးလည်း ဖြစ်၏။
အဓိကရ လမ်းမကြီးဖြစ်သည့် အတွက် လမ်းက ကျယ်သည်။ ချောလည်း ချောသည်။ လမ်းဘေး တဖက်တချက်တွင် ဈေးဆိုင်တွေ၊ ကနားတွေဖြင့် အလွန်သန့်ရှင်းပြီး အလွန် လှပသည့်မြို့ ဖြစ်ပေသည်။
ကျနော်တို့ ရောက်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့များတွင် အသန့်ရှင်းဆုံး၊ အလှဆုံးမြို့ဟုပင် ဆိုနိုင်လေ၏။
မြို့ကသာ လှသည် မဟုတ်၊ လူတွေကလည်း လှကြသည်။ ယောက်ျားမိန်းမ မဟူ များသောအားဖြင့် အရပ်အမောင်း ကောင်းပြီး အသားအရေ စိုပြည်ကြသည်။ မျက်နှာများမှာ ချယ်ရီရောင် သမ်းလျက် ရှိလေသည်။
ဆေးကုအဖွဲ့မှာ ယနေ့ မနက်ပိုင်းနှင့် ညနေပိုင်းတွင် ဆေးကုစရာတွေ ရှိနေသေးသော်လည်း ကျနော်တို့မှာ ဟောပြောပွဲ တာဝန် ပြီးဆုံးပြီ ဖြစ်သဖြင့် အားနေလေသည်။
ဆရာဝန်ကြီး ကမ္ဘောဇခင်လှိုင်သည် သူကိုယ်တိုင်က ဆေးကုသရေး ကိစ္စတွင် အလုပ်ရှုပ်နေသော်လည်း ကျနော်တို့ကို ဆယ်လန့် ရွာသို့ ပို့ရန် စီစဉ်ထားသည်။
ဆယ်လန့်မှာ မူဆယ်နှင့် နမ့်ခမ်း လမ်းဟောင်းပေါ်မှ ရွာတရွာ ဖြစ်ပြီး စောမွန်လှ၏ ဇာတိရွာ ဖြစ်သည်ဟု အဆိုရှိသော ရွာဖြစ်ပေ၏။
ကမ္ဘောဇခင်လှိုင်သည် ကျနော်တို့အား လမ်းပြအဖြစ် နန်းခမ်းလူ၊ နန်းစိန်ပွင့်နှင့် တွမ်းယဉ် ဆိုသည့် သူနာပြု ဆရာမ ကလေး ၃ ယောက်ကို ထည့်ပေးလိုက်လေသည်။ သူတို့ ၃ ယောက်စလုံး ဆယ်လန့် ရွာသူများ ဖြစ်ကြလေသည်။
သူတို့ ၃ ယောက်အနက် ၂ ယောက်မှာ လားရှိုး ဆေးရုံကြီးတွင် သားဖွားဆရာမ သင်တန်း လာတက်နေကြသူများ ဖြစ်လေသည်။
တိုင်းဆေးရုံ အုပ်ကြီး ကမ္ဘောဇခင်လှိုင်သည် သားဖွားဆရာမ သင်တန်းကို အပတ်စဉ် ဖွင့်ပေးလျက် ရှိလေသည်။ သို့ရာတွင် စရိတ် မရှိသဖြင့် သင်တန်းသူများမှာ ကိုယ့်စရိတ်ဖြင့် ကိုယ် တက်ကြရလေသည်။
ကမ္ဘောဇခင်လှိုင်သည် သားဖွား သင်တန်းဆင်းများကို ကျေးရွာများတွင် ခန့်ပေးလျက် ရှိသော်လည်း ဘတ်ဂျက် မရှိသဖြင့် သင်တန်းဆင်းများ အားလုံးကို ခန့်မပေးနိုင်သေးချေ။
သူ့ရွာသို့ ပြန်လိုက်ရမည် ဆိုသဖြင့် နန်းခမ်းလူနှင့် နန်းစိန်ပွင့် ဆိုသည့် ကလေးမ နှစ်ယောက်သည် ဝမ်းသာနေကြသည်။ တွမ်းယဉ် ဆိုသည့် သူတို့ သူငယ်ချင်းမကလေး တယောက်ကိုလည်း ခေါ်လာခဲ့ကြ၏။
ကမ္ဘောဇလွိုင်သည် ကျနော်တို့၏ ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ် တလျှောက်တွင် သူ့ခရီးနှင့်သူ ကိုက်ညီသည့် လမ်းပြ များကို ထည့်ပေးတတ်သူ ဖြစ်လေရာ ယခုခရီးတွင် ကျနော်တို့နှင့် ထည့်ပေးလိုက်သည့် လမ်းပြများဖြစ်သော နန်းခမ်းလူ နှင့် နန်းစိန်ပွင့်တို့ သည်လည်း ကျနော်တို့အတွက် များစွာ အကူအညီရပေ၏။
နန်းခမ်းလူမှာ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ မျက်လုံး ဝိုင်းဝိုင်းနှင့် ဖြစ်ပြီး နန်းစိန်ပွင့်မှာ အရပ်ပြတ်ပြတ် အသားဖြူဖြူ၊ မျက်လုံး မှေးမှေးနှင့် ဖြစ်လေသည်။ သူတို့ နှစ်ယောက်စလုံး ခေတ်ဆန်စွာ ဝတ်စားထားကြလေသည်။
နန်းခမ်းလူသည် ရှမ်းထဘီကို ဝတ်ထားပြီး လက်များနှင့် ခါးတွင် အနက်စင်း နှစ်စင်း ဖော်ထားသည့် အဖြူရောင် ခေါင်းစွပ် ဆွယ်တာကို ဝတ်ထားပြီး ခေါင်းတွင် အဖြူရောင် သိုးမွေး ဦးထုပ် အဝိုင်းကို ဆောင်းထားလေသည်။
နန်းစိန်ပွင့်မှာလည်း ရှမ်းထဘီကို ဝတ်ထားကာ ကုတ်အင်္ကျီကို ဝတ်ထားပြီး ခေါင်းတွင် ပီးကက် ခေါ် ကြက်လျှာစွန်း ဦးထုပ် ကလေးကို ဆောင်းထားလေသည်။ သူတို့နှစ်ယောက်၏ အပြုအမူ အနေအထိုင်သည် သွက်လက် ဖျတ်လတ်လှပ၏။
ကျနော်တို့သည် ဆေးရုံ အောက်ရှိ မူဆယ်-နမ့်ခမ်း လမ်းဟောင်းအတိုင်း မူဆယ်ဘက်သို့ ထွက်လာခဲ့ကြသည်။
သည်လမ်းအတိုင်း သွားလျှင် မူဆယ်နှင့် နမ့်ခမ်းသည် ၁၉ မိုင်မျှ ဝေးသော်လည်း ကျနော်တို့သည် မိုင် ၁၀၀ ခန့်ဝေးသော မဟာဗျူဟာ လမ်းသစ်အတိုင်း တောင်ကြီးတွေကို ကျော်၍ လာခဲ့ကြရ၏။
လမ်းဟောင်းအတိုင်း သွားလျှင် တနာရီကျော်ကျော် နှစ်နာရီနီးပါး သွားရသောခရီးကို တနေကုန် လာခဲ့ကြရသည်။ လမ်းဟောင်းမှာ လမ်းကြမ်းသဖြင့် လမ်းသစ်အတိုင်း လာခဲ့ရခြင်း ဖြစ်ပေ၏။
ကျနော်တို့သည် ဆယ်လန့်ကို သွားချင်နေကြသည်။
“ဆရာတို့ ဆယ်လန့်ကို သွားကြည့်ဖို့ ကောင်းတယ်။ စောမွန်လှ ရဲ့ ရွာလို့ ပြောကြတာပဲ၊ ဟုတ် မဟုတ်တော့ မသိဘူး။ အဲဒီဘက်က ရွာတွေမှာ မိန်းမချောတွေ ပေါတာတော့အမှန်ပဲ” ဟု ဒေါက်တာ ကမ္ဘောဇလှိုင်က ကျနော်တို့ကို ပြောသည်။
ကျနော်တို့ကလည်း ထိုခရီးကို သွားချင်နေကြသည်။ ကမ္ဘောဇလှိုင်သရည် ဆယ်လန့် ခရီးတွင် အဆင်ပြေစေရန် ဆယ်လန့် ရွာဖွား ဖြစ်သည့် နန်းခမ်းလူနှင့် နန်းစိန်ပွင့် တို့ကို ထည့်လိုက်လေသည်။
ကျနော်တို့သည် ရှမ်းပြည်နယ် ခရီး တလျှောက်လုံးတွင် ကျနော်တို့ စီးလာခဲ့သည့် ဂျစ်ကား ဖြူကလေးဖြင့် ထွက်လာ ခဲ့သည်။
နန်းခမ်းလူနှင့် နန်းစိန်ပွင့်သည် သူတို့၏ တွမ်းယဉ် ဆိုသူနှင့် သူတို့ သူငယ်ချင်း ဆရာမကလေး တယောက်ကိုလည်း ခေါ်ခဲ့လေသည်။
လွတ်လွတ်လပ်လပ် စီးနိုင်အောင် သူတို့သုံးယောက်ကို ဂျစ်ကားရှေ့ခန်းမှာ တင်လိုက်ပြီး နောက်က စာပေဟောပြောပွဲ အဖွဲ့ဝင် ကျနော်တို့ လေးယောက်၊ သတင်းထောက် ကိုဘိုနီ နှင့် မောင်ပင်နီ (ကျေးလက်) တို့ လိုက်ခဲ့ကြသည်။
ကားလမ်းမှာ ရွှေလီ မြစ်ကမ်းအတိုင်း ဖောက်လုပ်ထားခြင်း ဖြစ်ရာ တငြိမ့်ငြိမ့် စီးနေသော ရွှေလီမြစ်ကို လမ်းတလျှောက် လုံး တွေ့လာခဲ့ရသည်။
ကျနော်တို့ ရောက်သည့်အချိန်မှာ ဆောင်းတွင်း ဖြစ်သည့်အတွက် ရွှေလီ မြစ်ထဲတွင် ရေ ကောင်းကောင်းမရှိ။
မြစ်ပြင်ကြီး တခုလုံး ယာခင်းတွေ၊ ဂျုံခင်းတွေဖြင့် စိမ်းစိုလျက် ရှိပြီး ရေစီးကြောင်းမှာ ဖဲကြိုးလေး တချောင်းလို ခပ်သေးသေး မျှသာ မြင်ရသည်။ အချို့ နေရာများတွင် ခြေလျင်ဖြတ်ကူးသွား၍ ရသည်ဟု သိရလေသည်။
လမ်းတလျှောက်မှ ရွာများမှာ မောရှမ်း ရွာများဖြစ်ပြီး သပ်ရပ် သန့်ရှင်းကြသည်။ ယောက်ျား မိန်းမ ကလေး အားလုံး ရုပ်ရည် ချောမောကြသည်။
အမျိုးသမီးများနှင့် ကလေးများမှာ ပါးအိုးတွေ နီနီရဲလျက် ရှိလေသည်။ မိန်းမပျိုများမှာ ကင်းဘတ်ဖိနပ် အဖြူ၊ ထဘီ၊ ဆွယ်တာ လက်ရှည်ကို ဝတ်ထားကြပြီး ပခုံးတွင် မာဖလာ တပတ်ပတ်ပြီး ကျောပေါ်တွင် ဝဲချတင်ထားကြကာ ခေါင်းတွင် လက်ကိုင်ပုဝါ စည်းထားကြသည်။
လမ်းတွင် ကျနော်တို့ တွေ့ခဲ့သော အမျိုးသမီးများ အားလုံးလောက်မှာ ထိုအတိုင်း ဝတ်စား ဆင်ယင်ထားကြသည်။
ထိုအနီးတဝိုက်က ရွာကလေးများမှာ အများအားဖြင့် လယ်သမား ရွာကလေးများ ဖြစ်လေသည်။ တရွာနှင့်တရွာ နီးကပ်လျက် ရှိပြီး ယောက်ျား မိန်းမ အားလုံး ဘိုင်စကယ်ကို အသုံးပြုကြသည်။
ထိုလမ်းတလျှောက်ရှိ ရွာများမှ ထူးခြားချက်မှာ သန့်ရှင်းခြင်းပင် ဖြစ်၏။ အမျိုးသား အမျိုးသမီးများကို ကြည့်ရသည်မှာ တောကျေးလက်မှ လူများနှင့်မတူ။ မြို့ငယ်လေးတမြို့မှ အမျိုးသား အမျိုးသမီးများကဲ့သို့ ခေတ်မီ သန့်ရှင်းကြသည်ကို တွေ့ရလေသည်။
တချို့က ဈေးဆိုင် ထွက်လျက်၊ တချို့က မုန်ညင်း စိုက်လျက်၊ တချို့က ကြံခုတ်လျက်၊ အချို့က ဝက်စာကျွေးလျက်၊ အားလုံး အလုပ်နှင့်လက် ပြတ်သည်မရှိ။
ကလေး အမေများက နေပူဆာထဲတွင် ကလေးထိန်းရင်း ဆွယ်တာ ထိုးနေကြသည်။ သူတို့ အားလုံးကို ကြည့်ရသည်မှာ အားယားပြီး ပျင်းရိဖင့်နွှဲဟန်မျိုး မတွေ့ရ။ အလုပ်နှင့်လက် မပြတ်အောင် လုပ်နေကြသည်ကို တွေ့ရသည်။
သို့ရာတွင် အလုပ်နှင့်လက် မပြတ်အောင် လုပ်နေသည်ဟု ဆိုရသော်လည်း ရေးကြီးသုတ်ပျာ လုပ်နေပုံမျိုးမဟုတ်။ အေးအေး မှန်မှန် လုပ်နေကြခြင်း ဖြစ်သည်။
ကျနော်သည် အေးချမ်းသော သူတို့ဘဝ၊ လှပသော သူတို့ဒေသရှုခင်းနှင့် ချောမောသော သူတို့ရုပ်ရည်များကို ဆက်စပ် တွေးတောရင်း လိုက်လာခဲ့ရာ ခဏကြာလျှင် စောမွန်လှ၏ ဇာတိဆိုသော ဆယ်လန့် သို့ ရောက်လေသည်။
ဆယ်လန့်မှာ ရွာကြီးဖြစ်၏။ အများအားဖြင့် တောင်သူ လယ်သမားများ၊ ရက်ကန်းထောင်များ နေထိုင်ကြသည့် ရွာကြီး တရွာ ဖြစ်လေသည်။ ၅ ရက်ဈေးလည်း ရှိ၏။
ကျနော်တို့သည် နန်းခမ်းလူ အိမ်ကို ဝင်ကြ၏။ နန်းခမ်းလူ၏ မိဘများမှာ အလွန်ရိုးသည့် ရှမ်းတောင်သူ လယ်သမား ကြီးများ ဖြစ်လေသည်။
သူတို့အိမ်ထဲတွင် စိုက်ထားသည့် နှင်းဆီပင်ကြီး တပင်တွင် လက်ဖက်ရည် ပန်းကန်ပြား သာသာခန့် ရှိသည့် နှင်းဆီ ပွင့်ကြီးများ ပွင့်နေသည်ကို မြင်ခဲ့ရလေသည်။
ထို့နောက် ကျနော်တို့သည် ကျေးရွာလူကြီး တဦး၏ အိမ်သို့ လာခဲ့ကြ၏။
ကျေးရွာလူကြီးဟု ဆိုသော်လည်း အသက်ကမူ မကြီးလှသေး။ အများဆုံးရှိမှ ၃ဝ ကျော် ၄ဝ တွင်းလောက်သာ ရှိဦးမည် ဖြစ်ပါသည်။ ယခင်က မူလတန်း ကျောင်းဆရာဖြစ်ပြီး ယခုအခါ ကျေးရွာကောင်စီ ဥက္ကဋ္ဌ ဖြစ်သည်ဟု သိရလေသည်။
သူက စောမွန်လှ စေတီကို လိုက်ပြလေသည်။ စောမွန်လှ စေတီမှာ သူကိုယ်တိုင် တည်ခဲ့သည့် စေတီ မဟုတ်ပါ။ သူ့ကို အောက်မေ့ ရည်စူး၍ တည်သည့်စေတီ ဖြစ်ပါသည်။
စေတီမှာ ရွာအပြင် ခပ်လှမ်းလှမ်းတွင် ရှိလေသည်။ စေတီသို့ အသွားတွင် ကျနော်တို့ ဂျစ်ကားသည် မြေပြန့်မှနေ၍ ကုန်းကြီး တခုပေါ်သို့ တက်လိုက်လေသည်။ ကုန်းပေါ်သို့ အရောက်တွင် ကောင်စီ ဥက္ကဋ္ဌသည် ကားကို အရပ်ခိုင်းပြီး ကားပေါ်မှ ဆင်းလေသည်။
“အဲဒါ ရှေးတုန်းက ကျုံးနဲ့မြို့တံတိုင်း နေရာပဲခင်ဗျ။ ကျနော်တို့ ဒေသ သမိုင်းဆရာတွေကတော့ ရှေးတုန်းက မိုင်းမော မြို့တော်ဟာ ဆယ်လန့်ရွာ နေရာပဲလို့ ယူဆကြတယ်” ဟု ပြောလေသည်။
ကျုံးမှာ တိမ်ကောကာ ချုံနွယ်တို့ ပိတ်ဖုံးလျက် ရှိလေပြီ။ မြို့ရိုးကား မြို့ရိုးဟောင်းမှန်း သိနိုင်သော အနေအထားတွင် ရှိသေး၏။ အတော်မြင့်သော မြို့ရိုးဖြစ်ပြီး အုတ်ကျိုး အုတ်ပဲ့များကို ယခုတိုင် တွေ့နိုင်လေသည်။
တနေရာတွင် ချုံနွယ် ပိတ်ပေါင်းတွေ ဖုံးနေသည့် မြင့်မြင့်အရာတခုကို တွေ့သဖြင့် သေသေချာချာကြည့်ရာ သူရဲခိုလိုလို ပြသာဒ်လိုလို အုတ်အဆောက်အအုံ တခု ဖြစ်သည်ကို တွေ့ရလေသည်။
ကျောင်းဆရာ တဖြစ်လဲ ကောင်စီ ဥက္ကဋ္ဌမှာ ရှမ်းလူမျိုးတို့ အကြောင်းကို အတော်အတန် ပြောနိုင်သူ တဦး ဖြစ်လေသည်။
သူက ရှမ်း ၇ မျိုး ရှိကြောင်း၊ ရွှေလီ မြစ်ဝှမ်း တဝိုက်တွင် နေကြသည့် ရှမ်းများကို ‘တိုင်းမော’ သို့မဟုတ် ‘မောရှမ်း’ ဟု ခေါ်ကြောင်း၊ သီန္နီ၊ ကျောက်မဲ၊ သီပေါ၊ ညောင်ရွှေ တဝိုက်တွင် နေကြသည့်ရှမ်းများကို ‘တိုင်းလုံရှမ်း’ သို့မဟုတ် ‘ကမ္ဘောဇရှမ်း’ ဟု ခေါ်ကြောင်း၊ ချင်းတွင်း အနောက်ဘက်တွင် နေသည့် ရှမ်းများကို ‘ခန္တီးရှမ်း’ ဟု ခေါ်ကြောင်း၊ တိုက်ကြီး နှင့် ဖြူးတဝိုက်တွင် နေသည့်ရှမ်းများကို ‘မြေပြန့်ရှမ်း’ ဟု ခေါ်ကြောင်း၊ ကျိုင်းတုံ ဘက်တွင် နေသည့် ရှမ်းများကို ‘ဂုံရှမ်း’ ဟု ခေါ်ကြောင်း၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း တဝိုက်တွင် နေသည့် ရှမ်းများကို ‘ရှမ်းနီ’ သို့မဟုတ် ‘တိုင်းလျှံရှမ်း’ ဟု ခေါ်ကြောင်း၊ ‘ပယ်ရှမ်း’ ဟူ၍လည်း ရှိသေးကြောင်းဖြင့် ပြောပြလိုက်လေသည်။
မြို့ရိုးကို ကြည့်ပြီးနောက် မြို့ရိုးဟောင်းပေါ်တွင် ဖောက်ထားသည့် လမ်းအတိုင်း လိုက်လာခဲ့ကြပြီး ခဏကြာလျှင် တောင်ကုန်း တခုပေါ်တွင် တည်ထားသည့် ထုံးဖွေးဖွေး စေတီကလေး တဆူကို တွေ့ရလေသည်။
စေတီပုံပန်းမှာ ဘာမျှ မထူးခြားလှပါ။ မြန်မာနိုင်ငံ နေရာအနှံ့တွင် တွေ့ရသော စေတီပုံမျိုးပင် ဖြစ်၏။ အနီးတွင် ဇရပ်အို သုံးလေးဆောင် တို့ကိုလည်း တွေ့ရလေသည်။ ဇရပ်မှာ ပြုပြင်သူ ဝေးသဖြင့် ဟောင်းနေလေပြီ။
ရွှေလီမြစ်သည် ဘုရားကုန်း အောက်ခြေတွင် စီးဆင်းလျက် ရှိလေသည်။ ထိုနေရာ၌ ရွှေလီမြစ်မှာ အတော်ကျဉ်း၍ သွားလေပြီ။ ရွှေလီမြစ် တဖက်ကမ်း တဖက်နိုင်ငံက ရွာများမှ လူများကို သည်အတိုင်း မြင်နေရလေသည်။
ကျနော်သည် စောမွန်လှဘုရား ကုန်းထိပ်တွင် ရပ်ရင်း နမ့်မော ခေါ် ရွှေလီမြစ်ကို ငေးကြည့်နေမိသည်။
ရှမ်းသမိုင်းကို ကျွမ်းကျင်သူ နိုင်ငံခြားသား တဦးဖြစ်သည့် နေးအိလိယပ်စ်က ရွှေလီမြစ်ဝှမ်း တဝိုက်တွင် မိုင်းမောလုံ ခေါ်သည့် ရှမ်းနိုင်ငံတော်ကြီး တခု တည်ရှိခဲ့ကြောင်း၊ ထိုနိုင်ငံတော်၏ မြို့တော်သည် မိုင်းမော ဖြစ်ပြီး မိုင်းမောမှာ ယခု တရုတ် ပြည်ထဲတွင် ရှိသည့် မိုင်းမောပင် ဖြစ်ကြောင်းဖြင့် ရေးခဲ့သည်။
သို့ရာတွင် ဆာဂျော့စကော့ ကမူ မောရှမ်းနိုင်ငံ၏ မူလမြို့တော် မိုင်းမောသည် တရုတ်ပြည်ထဲက မိုင်းမော မဖြစ်နိုင်။
တရုတ်ပြည်ထဲက ယင်းမိုင်းမောမှာ နောက်မှ ပြောင်းသော မြို့တော်သစ် ဖြစ်ကြောင်း၊ မြို့တော်ဟောင်းမှာ နေးအိလိယပ်စ် ၏ မှတ်တမ်းတွင် ‘ချေလ’ ဟု မှတ်သားခဲ့သော ဆယ်လန့်ပင် ဖြစ်ကြောင်း၊ မောရှမ်းတို့ တန်ခိုးရှိန်ဝါ အားကြီးလာသော အခါတွင် ဆယ်လန့်မှ ချေလ ခေါ် ဆယ်လန့်၊ ထိုမှ ယခုမိုင်းမောသို့ ပြောင်းရွှေ့ နန်းစိုက်ခြင်း ဖြစ်ကြောင်း၊ ရှမ်းရာဇဝင်တွင် လာသည့် ကောသမ္ဘီ (ကိုးရှမ်းပြည်) နှင့် ပုံတိုင်းပြည်တို့သည် တရုတ်ပြည်ဘက်တွင် တခါက ရှိခဲ့သည့် နန်းကျောက် နိုင်ငံကို ခေါ်ခြင်း မဟုတ်ခဲ့လျှင် ယခု မောရှမ်း တို့၏ နိုင်ငံပင် ဖြစ်နိုင်ကြောင်းဖြင့် ရေးခဲ့လေသည်။
နေးအိလိယပ်စ် က ၇ ရာစု အစလောက်တွင် ပေါ်ပေါက်ခဲ့သည့် မောရှမ်းတို့ မြို့တော်သည် (ယခု တရုတ်ပြည်ဘက်တွင် ရှိသည်) မိုင်းမောမြို့ဟောင်းနေရာ ဖြစ်ပြီး ဆာဂျော့စကော့ကမူ မောရှမ်းတို့၏ မြို့တော်မှာ ချေလ ခေါ် ယခု ဆယ်လန့် ရွာနေရာ ဖြစ်သည်ဟု ဆိုခဲ့ကြလေသည်။
တရုတ်ပြည်မှ အနော်ရထာ ပြန်လာသည့် အခါတွင် မိုင်းမော စော်ဘွားသည် သမီးတော် တပါးကို ဆက်ခဲ့ကြောင်း၊ သို့ရာတွင် မိုင်းမော ဘုရင် ကိုယ်တိုင်မှာမူ ပုဂံ ရွှေနန်းတော်သို့ တခေါက်မျှ အခစားဝင်ခြင်း မရှိခဲ့ဘူးကြောင်းဖြင့် မိုင်းမော သမိုင်း မှတ်တမ်းများတွင် ဆိုထားသည်ဟု နေးအိလိယပ်စ် က ဖော်ပြလေသည်။
စောမွန်လှ၏ ခမည်းတော်မှာ မိုင်းမောဘုရင် ခွန်ကော့ဖ ၏ သားတော် ဖြစ်ကြောင်း ဖြင့်လည်း ဖော်ပြထားလေသည်။
စောမွန်လှ စေတီကို ဖူးမြော်၍ မြို့ရိုးများ၊ တံတိုင်းများကို ကြည့်ပြီးနောက် ကျနော်တို့သည် ဆယ်လန့်ဈေးကို လျှောက်ကြည့် လေသည်။
ရှမ်းပြည်နယ်က ၅ ရက်ဈေးများ ထုံးစံ မုန်ညင်းချဉ်နှင့် တရုတ်ပစ္စည်းတို့ လွှမ်းသော ဈေးကလေး ဖြစ်ပါ၏။ ဈေးမှာ များစွာ စည်ကားခြင်း မရှိချေ။
ကျနော်တို့တတွေ လက်ဖက်ရည် သောက်ချင်သဖြင့် လက်ဖက်ရည်ဆိုင်ကို လိုက်ရှာရာ တဆိုင်မျှ မတွေ့ရ။ ရှမ်းအရက်ဆိုင် ကလေးတွေသာ တွေ့ရလေသည်။
ရှမ်းဘာသာဖြင့် ရိုက်နှိပ်ထားသည့် ပုံပြင် စာအုပ်ကလေးများ၊ ဝတ္ထု စာအုပ်ကလေးများကို တွေ့ရလေသည်။
ကျနော်သည် အမှတ်တရပစ္စည်း အလို့ငှာ ရှမ်းဘာသာဖြင့် ပုံနှိပ်ထားသည့် ခွန်ဆန်လော နှင့် နန်းဦးပျင် တို့ အကြောင်း ရေးထားသည့် ဝတ္ထု စာအုပ်ကလေး တအုပ် ဝယ်ခဲ့သည်။ ။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤဆောင်းပါးကို သီဟရတနာ စာအုပ်တိုက်က ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီ ရုပ်ပုံလွှာ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ စာရေးဆရာကြီး မြသန်းတင့်သည် မူဆယ်၊ နမ့်ခမ်း မြို့များ အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၃ ခုနှစ် နှစ်ကုန်ပိုင်းက သွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီ ရုပ်ပုံလွှာ” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။ (ဆုံး)
မှတ်ရန်
The Irrawaddy Lifestyle က တင်ထားတာကို တလုံးတပါဒ မပြင်ပါ။
ဆရာ မြသန်းတင့်က သတ်ပုံမှန်နဲ့သာ ရေးသားပါတယ်။
စာပေစိစစ်ရေးခေတ် (၁၉၈၈-၂၀၁၂) မှာတော့ ဘယ်စာကို၊ ဘယ်သူရေးတာဖြစ်ဖြစ် သတ်ပုံတွေကို ပြင်ထုတ်ခဲ့ကြရတယ်။
အခု လွတ်လွတ်လပ်လပ်ရေးခွင့်ရှိပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment