မဝယ်ဘူး မယ်ခူးတဲ့ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဘို့ကို။ ။ ညှာအနား၊ ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင် လိပ်ဆေး။ ။ ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့် ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ ။
စာပေရသ
အသေးစိတ်အဖြေ
“မဝယ်ဘူး” အခြားသူများ ကိုင်တွယ်ပြီးဖြစ်သဖြင့် မသန့်ရှင်းသောကြောင့် ဈေး၌ရောင်းချသော ဖက်တို့ကို မဝယ်ပါ။
“မယ်ခူးတဲ့ဖက်စို” ချစ်သူကျွန်မ မယ်ခွေကိုယ်တိုင် ခူးယူသည့် ဖက်စိုကလေးဖြစ်ပါသည်။ ထိုဖက်သည် မြေပြန့်ဖြစ်သော အဝှေ့သို့ သွားသူအတွက် အမရပူရမှရေးသော ကဗျာဖြစ်၍ ရှမ်းပြည်မှ ထွက်သော သနပ်ဖက်လည်း မဖြစ်နိုင်၊ ခူးဟူသောစကားကို သုံးထားသောကြောင့် ပြောင်းဖူးဖက်လည်း မဖြစ်နိုင်၊ ထို့ကြောင့် တောင်စင်ဖက်၊ ဗန့်ပွေးဖက် တခုခုသာ ဖြစ်သင့်သည်။
“မီးမကူ နေပူမှာ မကင်အားလို့” ထိုစိမ်းစိုနေသော ဖက်ကို ခြောက်သွေ့အောင် လှန်းရန်အတွက် မီးကင်ခြင်း တည်းဟူသော အကူအညီကို၎င်း၊ နေပူ လှန်းခြင်း တည်းဟူသော ခြောက်သွေ့ခြင်းမျိုးကို၎င်း မပြုရက်သောကြောင့် (ဤအပိုဒ်၌ အားမှာ အင်အား အားလပ်တို့ကို မယူနှင့်၊ ပြုတော်မူအား ရနိင်ကောဟူသော လှိုင်ထိပ်ခေါင်တင်၏ စိန့်ခြူးကြာညှောင်၌ ပါရှိသော အားအတိုင်းရက် ဟု ကရုဏာရသပေပေါ်တွင် ပြန်ပါ၊ “နေအားလေတယ်” ဆိုရာ၌လည်း နေရက်လေတယ်ဟု ပြန်ဆိုရသကဲ့သို့တည်း။ အဘယ်ကြောင့် မီးပူနေပူတို့၌ မကင်ရက် မလှန်းရက်သနည်းဟူမူ အေးမြကြည်လင်လှသော မိမိတို့၏ အချစ်သဘောထဲသို့ အပူဓာတ်တွေ မဝင်စေလိုသောကြောင့်ဟုဖြေလေ။)
“ထားရတယ် အိပ်ရာအောက်မှာ” မင်းသောက်ဘို့ကိုချစ်သူမောင်တော် သောက်ရန်ဖြစ်သော ထိုဖက်ကို ခြောက်သွေ့စေရန်၎င်း၊ ပြန့်စေစန့်စေရန်၎င်း၊ မိမိ၏ကိုယ်ငွေ့ကလေးများ ထည့်သွင်းပေးနေသည့် အခြေသဘောသို့ ရောက်အောင် ထိုရည်ရွယ်ချက်တို့ဖြင့် အခြားပါစရာများနှင့် မဖိဘဲ ကျွန်မ၏အိပ်ရာအောက်၌သာ ထားပါသည်။
ညှာအဖျား ရှေ့သွားနှင့်ကိုက်လို့ တို ထိုသို့ခြောက်သွေ့ ပြန့်ပြူးသော ဖက်ကလေးကို ဆေးလိပ်လိပ်တော့သည့် အခါ၌လည်း ချစ်သူမောင်တော်သောက်မည့်ဆေးလိပ်ဖြစ်သောကြောင့် ကြမ်းတမ်းလှသည့် သံထည်ကတ်ကြေး စသည်တို့ဖြင့် ဖက်၏အရင်းအဖျားတို့ကို မညှပ်မဖြတ်ဘဲ ကျွန်မ၏ခံတွင်းမှ သင်းပျံ့မွှေးကြိုင်လှသည့် ကြာညိုနံ့ကလေးများကို ထည့်သွင်းလိုက်သည့် သဘောဖြင့် ပုလဲအဆင်းနှင့်တူသော ရှေ့သွားကလေးများနှင့်သာ ဖက်၏အရင်းအဖျားတို့ကို ယုယစွာ ဖြတ်ရပါတော့သည်။
“မချိုတောင့်လိပ်ဆေး” အလွန်ချိုသော ဆေးလိပ်ဖြစ်ပါသည်။ မြန်မာမှူ၌ တောင့် ဟူသောစကား၊ စရာ ဟူသောစကားတို့သည် တားမြစ်ထားသောမကိ ချေဖျောက်ရုံသာ မကသေးဘဲ အလွန်ဟူသောစကားကိုလည်း ပြသေး၏။
“ပိုးမကူ” ဆေးလုပ်လိပ်၍ ပြီးစီးသောအခါ၌ စည်းသောစည်းကြီးမှာ ပိုးစည်းကြီးကို စည်းခြင်းတည်းဟူသော အကူအညီမယူပါ။ ဝါ၊ ပိုးမျှင်ကို အသုံးမပြုပါ။ ထိုသို့ပိုးမကူဟူသော စကားဖြင့် မိမိမယ်ခွေသည် ပိုးသတ္တဝါအား သေစေပြီးမှ ဖြစ်သောပိုးမျှင်ကို မသုံးသည့်အတွက် သူ့အသက်သတ်ခြင်းကို အားမပေးသူဖြစ်ကြောင်း ပြဆိုရုံသာမက မိမိတို့၏ စင်ကြယ်သည့် အချစ်စစ် ကြား၌ အကြောင်းအကျိုး တည်းဟူသော အရောင်များလည်း မပါမရှိကြောင်းကို ပြဆိုလေသည်။
‘ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်’ ဖြူစင်လှသော ဝါပင် ဝါဂွမ်းထဲမှ ရရှိသည့် ဝါချည်မျှင် တပင်တည်းဖြင့် ရစ်ပတ်စည်းနှောင်ထားသည့် ဆေးလိပ်ကို ဤဝါချည်ဖြူဟူသော စကားရပ်ဖြင့် သန့်ရှင်းစင်ကြယ်သော အချစ်သဘောကို ပြဆိုလေသည်။ တပင်ရစ်ဟူသော စကားဖြင့် လောက၌ ရွှေဝသို့ယခုအခါ၌ သွားနေသည့် မောင်တော်တယောက်တည်းကိုသာ ကျွန်မ၏ချစ်သူ ဖြစ်သည်ဟု ပြဆိုလေသည်။
‘ငယ်ချစ်မောင် ရွှေဝသွားကို’ ယခုအခါ၌ ရတနာပူရ အဝနေပြည်တော်သို့ သွားရောက်နေသော ငယ်ငယ်ကတည်း ကပင် ချစ်ခင်ခဲ့ကြသည့် မောင်တော်။ (ဤနေရာ၌ ငယ်ချစ်မောင်သည် မောင်စွက်သာ ဖြစ်သင့်လေသည်။)
‘ပါးလိုက်ကဲ့လေး’ တကယ်ကို ပေးလိုက်ပါသည်။
ထိုသို့အရသာပေါ်အောင် အသေးစိတ်၍ ပြောထားသည်တို့ကို အတုံးလိုက် အခဲလိုက်တဖန် အရသာခံစား နိုင်ရန်အတွက် အောက်ပါအတိုစဉ်လိုက် ပြောထားသော စကားပြေကို လေ့လာ၍ အရသာခံပါဦး။
စကားပြေ
ချစ်သူမောင်တော် သောက်ရန် ဆေးလိပ်အတွက် ဈေးထဲမှ ရောင်းသော ဖက်ကိုမဝယ်ဘဲ ကျွန်မကိုယ်တိုင် ခူးဆွတ်ရယူသော ဖက်စိုဖြစ်သည်။
မောင်တော်သောက်ရန်ဖြစ်သော ထိုဖက်စိုကို သွေ့ခြောက်ရန်အတွက် မီးမှာလည်း မကင်ရက်၊ နေပူမှာလည်း မလှန်းရက်သောကြောင့် တကြောင်း၊ ကျွန်မ၏ ကိုယ်ငွေ့ ကလေးများလည်း ပါသွားစေရန် တကြောင်းတို့ကြောင့် အခြားဖိညှပ်စရာတို့ဖြင့် မဖိညှပ်ဘဲ ကျွန်မ၏ အိပ်ရာအောက်မှာထား၍သာ ပြန့်စေ စန့်စေပါသည်။
ဤသို့ အိပ်ရာအောက်၌ထားကာ ခြောက်သွေ့စေ ပြန့်စေစန့်စေသောဖက်ကို ဆေးလိပ်လိပ်ရန်အတွက် ကြမ်းတမ်းသော ကတ်ကြေးဖြင့် မဖြတ်မညှပ်ဘဲ ကျွန်မ၏ခံတွင်း ကြာညိုနံ့ကလေးလည်း ပါသွားစေရန်အတွက် ပုလဲအဆင်းနှင့်တူသည့် ရှေ့သွားကလေးဖြင့် ဖက်၏အရင်းအဖျားတို့ကို ထိဖြတ်ပြီးလျှင် ထိပ်ထားရာ အလွန်ချိုသော ဆေးလိပ်ဖြစ်ပါသည်။
ထိုသို့ယုယစွာ လိပ်ထားသော ဆေးလိပ်ကို သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်နေသည့် ကျွန်မမှာ ပိုးသတ္တဝါအား အသက်ဘေးပြုကာ ရရှိသည့်ပိုးမျှင်ကို စည်းကြီးအဖြစ်မသုံး၊ ဝါ၊ ပါဏာတိပါတာကို အားမပေးဘဲ ဝါ၊ ဖြူစင်သော အချစ်သဘောထဲသို့ ကြောင်းကျိုးမကွဲသော အရောင်တို့ မပါစေဘဲ သန့်ရှင်းစင်ကြယ်လှစွာသော ဝါချည်မျှင်တပင်တည်းကို တပတ်တည်းဖြင့်သာ မောင်တော်တယောက်တည်းကို ချစ်မေတ္တာရှိကြောင်း အမှတ်သဘောဖြင့် စည်းနှောင်ကာ ငယ်ချစ်ဖြစ်၍ ယခုအခါ ရတနာပူရ အဝရွှေပြည်တော်သို့ သွားနေသည့် မောင်တော်အား ပေးလိုက်ပါသည်။ (ဤနည်းကိုမှီ၍ ကဗျာ၏အရသာကို ခံယူခြင်း၊ စကားပြေရေးခြင်းတို့ကို သိပါလေ။) ထိုဆေးလိပ် လက်ဆောင်ကဗျာကို အသေးစိတ်အဖြေ အားဖြင့်၎င်း၊ စကားပြေ အားဖြင့်၎င်း အရသာကို ခံယူနိုင်လျှင် အခြားသော ကဗျာလင်္ကာ တို့ကိုလည်း ခံယူနိုင်မည်ဖြစ်ပေကြောင်း ရေးသားဖော်ပြ လိုက်ရ တော့သတည်း။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment