ခေတ်ပျက်အသုံးတွေကိုလည်း အဲလိုပြောကြတယ်။
သတ်ပုံအမှားတွေကိုလည်း အဲလိုပြောကြတယ်။
ပြောသမျှကတော့ မမှန်။ မှန်တာ နည်းတယ်။
“လူကြီးမင်းများခင်ဗျား ရမ်းတော့မပြောကြပါနဲ့”
ဘယ်အရာကိုမဆို သေသေချာချာဂဃနဏသိအောင်လုပ်ရတယ်။
မသိသေးရင် လေ့လာ၊ ရှာဖွေရတယ်။ စူးစမ်း မေးမြန်းရတယ်။
အခုခေတ်မှာ ရှာရ မေးရတာ အင်မတန်လွယ်ကူတယ်။
“ဒါပေမဲ့ တွေ့ကရာတော့ မယုံလေနဲ့”
ဘယ်အကြောင်းအရာကို ဘယ်လိုလူမျိုးက သိလောက်သလဲ၊ ဘယ်နေရာမှာ ရှာရမလဲတော့ အခြေခံအသိရှိရပါလိမ့်မယ်။
အခုခေတ်မှာ ဖြေချင်သူတွေကသာ အဆမတန်များတယ်။
တယောက်ယောက်ကနေ အသီးအရွက်ပုံလေးတင်ပြီး ဘယ်လိုခေါ်သလဲတင်တဲ့အောက်မှာ လူ ၃၀-၄၀ ကဖြေကြတယ်။ အဖြေအမျိုး ၂၀ လောက်တွေ့ရတယ်။
ကင်ဆာပျောက်ဆေးဆိုတာက ၉၆ မျိုး။ ယုံကြတာဘဲ။
အိန္ဒိယမှာနေခဲ့စဉ်က လမ်းမသိရင် တွေ့တဲ့အိန္ဒိယလူမျိုးတယောက်ယောက်ကို မေးတိုင်း မပြောမရှိ။ သဘောကောင်းကြတယ်။ ဒါပေမဲ့ လမ်းလွဲတွေသာများတယ်။
အခု AI ခေတ်။ ဖြေချင်လွန်းလို့။ အင်္ဂလိပ်လိုမေးမေး၊ မြန်မာလိုမေးမေး။ စက္ကန့်ပိုင်းနဲ့ အဖြေရတယ်။ သူလည်း အိန္ဒိယမှာ လမ်းမေးရသလိုဘဲ။
အဲတော့ ဘယ်ဟာကို အမှန်ယူမလဲက ပညာဖြစ်လာရော။
ဒေသိယအသုံး
ကျွန်တော့်မှာ တိုင်းရင်းသားလူမျိုးစုံအဆက်အသွယ်၊ အသိ၊ ခင်မင်သူတွေ ရှိတယ်။ မြန်မာပြည် မြောက်ထိပ်ကနေ တောင်ဖျား၊ အရှေ့ဖျားကနေ အနောက်ဘက်ကမ်းရိုးတန်း။
ချင်းဆိုလည်း စာအုပ်ထဲမှာမပါတဲ့ ချင်းလူမျိုးစုတွေကိုပါ လက်လှမ်းမီတယ်။
ကရင်ဆိုလည်း ပိုးကရင်၊ စကောကရင် နှစ်မျိုးထဲမက။ အင်းစိန်ကရင်၊ တောင်ငူကရင် စတာတွေအထိ သိတယ်။
ဝလူမျိုး၊ လီစူး၊ ထားဝယ်၊ ပအို့ဝ်၊ လင်းခေးရှမ်း၊ ကျိုင်းတုံရှမ်းလူမျိုးတွေကလည်း တမြို့ထဲမှာနေတယ်။ ဆလုံလည်း သိတယ်။ ကရင်နီ၊ ကယန်း သိတယ်။
ရခိုင်ကလည်း စစ်တွေ၊ သံတွဲ၊ ရသေ့တောင် စသည်။ နည်းနည်းစီ မတူဘူးတဲ့။
ကျွန်တော်က မသိရင် ဘယ်သူ့ဆီမေးရမလဲအထိတော့ ပညာရှိပါတယ်။
အညာဆို ပြောမနေနဲ့။ အညာဆိုတာကလည်း အကျယ်ကြီး။ အမျိုးမျိုး။
အညာသာကလည်း အောက်ပြည်ကအသုံး အမည်တွေကို အထင်နဲ့မပြောနဲ့။
ကျွန်တော်က လူသစ်တွေ့တိုင်း သူတို့ဆီကသုတ မေးပါတယ်။
အခုဆိုရင် နိုင်ငံအစုံကို ရောက်နေကြသူတွေ မနည်းပါ။ ကိုယ်က မသိ။ သူတို့သိတာတွေ ရှိမယ်။
“အမေးသမား များတာကောင်းတယ်”
“အဖြေတိုင်းကိုလည်း မယုံသင့်”
“မေးတဲ့သူမျာလည်း အခြေခံကောင်းမှသာ မှန်တာကိုတွေ့နိုင်တယ်”
ကျွန်တော့ မူကတော့ -
“သင်ပုန်းကြီးကျေ။ သူငယ်တန်းစာတတ်။”
“အထက်တန်းစာဖတ်။ အဆင်မြင့်ကိုလှမ်း”
“အမြဲသိချင်နေရမယ်”
“ရှာစရာနေရာမှန် အရေးကြီး”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment