Skip to main content

“ရမ်းတော့မပြောကြနဲ့”

စကားလုံးခပ်ဆန်းဆန်းတွေ၊ ဒေသိယစကားတွေကို တင်ပြတဲ့အခါ ဘယ်နယ်ကပြောတာ၊ ဘယ်မြို့မှာအဲလို စသဖြင့် ကွန်မင့်တွေလာပါတယ်။

ခေတ်ပျက်အသုံးတွေကိုလည်း အဲလိုပြောကြတယ်။

သတ်ပုံအမှားတွေကိုလည်း အဲလိုပြောကြတယ်။

ပြောသမျှကတော့ မမှန်။ မှန်တာ နည်းတယ်။

“လူကြီးမင်းများခင်ဗျား ရမ်းတော့မပြောကြပါနဲ့”

ဘယ်အရာကိုမဆို သေသေချာချာဂဃနဏသိအောင်လုပ်ရတယ်။ 

မသိသေးရင် လေ့လာ၊ ရှာဖွေရတယ်။ စူးစမ်း မေးမြန်းရတယ်။

အခုခေတ်မှာ ရှာရ မေးရတာ အင်မတန်လွယ်ကူတယ်။

“ဒါပေမဲ့ တွေ့ကရာတော့ မယုံလေနဲ့”

ဘယ်အကြောင်းအရာကို ဘယ်လိုလူမျိုးက သိလောက်သလဲ၊ ဘယ်နေရာမှာ ရှာရမလဲတော့ အခြေခံအသိရှိရပါလိမ့်မယ်။

အခုခေတ်မှာ ဖြေချင်သူတွေကသာ အဆမတန်များတယ်။

တယောက်ယောက်ကနေ အသီးအရွက်ပုံလေးတင်ပြီး ဘယ်လိုခေါ်သလဲတင်တဲ့အောက်မှာ လူ ၃၀-၄၀ ကဖြေကြတယ်။ အဖြေအမျိုး ၂၀ လောက်တွေ့ရတယ်။

ကင်ဆာပျောက်ဆေးဆိုတာက ၉၆ မျိုး။ ယုံကြတာဘဲ။

အိန္ဒိယမှာနေခဲ့စဉ်က လမ်းမသိရင် တွေ့တဲ့အိန္ဒိယလူမျိုးတယောက်ယောက်ကို မေးတိုင်း မပြောမရှိ။ သဘောကောင်းကြတယ်။ ဒါပေမဲ့ လမ်းလွဲတွေသာများတယ်။

အခု AI ခေတ်။ ဖြေချင်လွန်းလို့။ အင်္ဂလိပ်လိုမေးမေး၊ မြန်မာလိုမေးမေး။ စက္ကန့်ပိုင်းနဲ့ အဖြေရတယ်။ သူလည်း အိန္ဒိယမှာ လမ်းမေးရသလိုဘဲ။

အဲတော့ ဘယ်ဟာကို အမှန်ယူမလဲက ပညာဖြစ်လာရော။

ဒေသိယအသုံး

ကျွန်တော့်မှာ တိုင်းရင်းသားလူမျိုးစုံအဆက်အသွယ်၊ အသိ၊ ခင်မင်သူတွေ ရှိတယ်။ မြန်မာပြည် မြောက်ထိပ်ကနေ တောင်ဖျား၊ အရှေ့ဖျားကနေ အနောက်ဘက်ကမ်းရိုးတန်း။

ချင်းဆိုလည်း စာအုပ်ထဲမှာမပါတဲ့ ချင်းလူမျိုးစုတွေကိုပါ လက်လှမ်းမီတယ်။

ကရင်ဆိုလည်း ပိုးကရင်၊ စကောကရင် နှစ်မျိုးထဲမက။ အင်းစိန်ကရင်၊ တောင်ငူကရင် စတာတွေအထိ သိတယ်။

ဝလူမျိုး၊ လီစူး၊ ထားဝယ်၊ ပအို့ဝ်၊ လင်းခေးရှမ်း၊ ကျိုင်းတုံရှမ်းလူမျိုးတွေကလည်း တမြို့ထဲမှာနေတယ်။ ဆလုံလည်း သိတယ်။ ကရင်နီ၊ ကယန်း သိတယ်။

ရခိုင်ကလည်း စစ်တွေ၊ သံတွဲ၊ ရသေ့တောင် စသည်။ နည်းနည်းစီ မတူဘူးတဲ့။ 

ကျွန်တော်က မသိရင် ဘယ်သူ့ဆီမေးရမလဲအထိတော့ ပညာရှိပါတယ်။

အညာဆို ပြောမနေနဲ့။ အညာဆိုတာကလည်း အကျယ်ကြီး။ အမျိုးမျိုး။

အညာသာကလည်း အောက်ပြည်ကအသုံး အမည်တွေကို အထင်နဲ့မပြောနဲ့။

ကျွန်တော်က လူသစ်တွေ့တိုင်း သူတို့ဆီကသုတ မေးပါတယ်။

အခုဆိုရင် နိုင်ငံအစုံကို ရောက်နေကြသူတွေ မနည်းပါ။ ကိုယ်က မသိ။ သူတို့သိတာတွေ ရှိမယ်။

“အမေးသမား များတာကောင်းတယ်”

“အဖြေတိုင်းကိုလည်း မယုံသင့်”

“မေးတဲ့သူမျာလည်း အခြေခံကောင်းမှသာ မှန်တာကိုတွေ့နိုင်တယ်”

ကျွန်တော့ မူကတော့ - 

“သင်ပုန်းကြီးကျေ။ သူငယ်တန်းစာတတ်။”

“အထက်တန်းစာဖတ်။ အဆင်မြင့်ကိုလှမ်း”

“အမြဲသိချင်နေရမယ်”

“ရှာစရာနေရာမှန် အရေးကြီး”

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ