ပြန်စာ
အဲလို ခြုံပြီးကောက်ချက်ချတာတွေက မမှန်ပါ။
ဝါးလုံးသိမ်းကောက်ချက်လို့ခေါ်တယ်။
- ရန်ကုန်သားတွေ
- အညာသားတွေ
- တောသားတွေ
- တိုင်းရင်းသားတွေ
- ယောက်ျားတွေ
- မိန်းမတွေ
- ခေတ်လူတွေ
- ရှေးလူကြီးတွေ
စသဖြင့် အားလုံးကိုခြုံပြီး အကောင်း အဆိုး မပြောသင့်ပါ။ ဖြစ်နိုင်ခြေရာခိုင်နှုန်းကို လေ့လာမှုသုတေသနပြုမှသာ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်တယ်။
နောက်တချက်
စာအရေးအသားနဲ့ ပြောစကားသံ ထပ်တူမကျတတ်ပါ။
ဥပမာ
'ရန်ကုန်' လို့ရေးရပြီး 'ယန်ဂုံ' သံထွက်လေ့ရှိတယ်။ စာနဲ့ရေးရင် 'ရန်ကုန်' လို့သာရေးရတယ်။
'မန္တလေး' ကို စကားပီးသသူ၊ မပီသသူ၊ စာမတတ်သူတွေက ဘယ်လို့အသံထွက်ထွက် စာနဲ့ရေးရင် 'မန္တလေး' လို့သာ ရေးရတယ်။
ကျွန်တော်က မန္တလေးမှာ ဆေးပညာသင်ခဲ့သူဖြစ်လို့မန္တလေးသားတွေအများကြီးကိုသိတယ်။ သူငယ်ချင်းတွေက စကားလည်းပီတယ်။ စာလည်း မှန်အောင်ရေးကြတယ်။
“ဝါးလုံးသိမ်းကောက်ချက်” အဓိပ္ပာယ်
အင်္ဂလိပ်လို "Overgeneralization" သို့မဟုတ် "Sweeping generalization" နဲ့ သဘောသဘာဝချင်း တူညီတယ်။ ဝါးပင်တွေကို ခုတ်ယူရာမှာ အကောင်း၊ အဆိုး၊ အဖြောင့်၊ အကောက်၊ အနု၊ အရင့်လို့ အမျိုးမျိုးရှိနိုင်တယ်။ အဲဒီဝါးလုံးအားလုံးကို တခုချင်းစီ သေချာမရွေးချယ်တော့ဘဲ၊ ဝါးလုံးအားလုံးကို တပြိုင်တည်း သိမ်းကျုံးပွေ့ကောက်လိုက်တဲ့ သဘောကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။
ဖြစ်ရပ်တခုချင်းစီရဲ့ သီးခြားအခြေအနေ သို့မဟုတ် အချက်အလက်အမှန်ကို အသေးစိတ်မလေ့လာဘဲ “အားလုံးဟာ ဒီလိုချည်းပဲ” လို့ သိမ်းကျုံးပြောဆိုခြင်းကို တင်စားသုံးနှုန်းခြင်း ဖြစ်ပါတယ်။
ကောက်ချက်ချမှု၏ အားနည်းချက်
တဦးချင်းစီ၏ ထူးခြားချက်၊ သီးခြားဖြစ်ရပ်တခုချင်းစီ၏ အကြောင်းရင်းခံများကို လျစ်လျူရှုမိစေသဖြင့် ဆုံးဖြတ်ချက်များ မှားယွင်းတတ်ပါတယ်။
အကောင်း၊ အဆိုးကို ခွဲခြားမမြင်နိုင်တော့ဘဲ ဘက်လိုက်မှုနှင့် အမုန်းပွားမှုများကို ဖြစ်ပေါ်စေနိုင်တယ်။
“ဝါးလုံးသိမ်းကောက်ချက်” https://burmese-spelling.blogspot.com/2026/06/blog-post_896.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment