ကဗျာကို ဘယ်လိုရေးရပါ့
အတွေးဟာ အရင်လာ၍
အလင်္ကာ နောက်မှသ ရင်လ
လှလေလိမ့် ထင်မိတယ်။ ။
အဘိဓာန် အထွေထွေက
စကားတွေ အခန့်သားကိုလ
ကြွားရအောင် တမင်ယူ၍
ကျမ်းဆူဆူ ကြေတကောရယ်လို့
ဂုဏ် ဒေါသာ ဝိဘာဂတွေနဲ့
သုတဉာဏ် ကိုယ်ထင်ပြချင်လို့
ဆင်သ,တယ် ထိုအခါတော့
ချိုကဗျာ ပျောက်ကာပြေး
မှေးမှိန်လိမ့်မယ်။ ။
စိတ်ဖြူရင် အယူဖြောင့်ပေလိမ့်
အမှောင့်လို ထိုအကြွားကိုတော့
စာနားမှာ မသီစေနှင့်
ဤမြေမှာ လူအများရယ်နှင့်
သွေးသားနှယ် တခင်ခင်ပေါ့
ပတ်ဝန်းကျင် လူမှုရေးဆီသို့
အတွေးကို တမန်စေလိုက်ပါ့
ဉာဏ်အခြွေ အကြံပွင့်ပါလို့
ရင့်ပါလိမ့် အတွေးနယ်
ကြွယ်ပါလိမ့် စာစကား။ ။
တေးဆိုမည့် ကြံ
ဂိုဏ်းဂုဏ်တွေ မှန်မမှန်နဲ့
စာပေတံ အသာချပါလို့
ဘဝမှာ ပျော်ပျော်ဝင်လိုက်ပါ့
သည်အမြင် သည်အကြား
သည်အမှား သည်အမှန်လို့
အမြင်သန် ဉာဏ်သဘောတွေနဲ့
လူတောမှာ အခြေတည်ခဲ့
မှန်သည်ကို ကိုယ်လိုလား
မှားသည်ကို ကိုယ်မလိုတဲ့
စိတ်ဆိုရာ ကဗျာတပုဒ်ပါပဲ
စာအုပ်တွေ တလှန်လှန်
ကာရန်တွေ တလွှားလွှား
အကြွားတွေ တလူလူ
သည်အယူ စွန့်ကာပစ်ရင်လ
တေးကဗျာ တကယ်သစ်ပေလိမ့်
လှစ်ဖွဲ့ကုန် တကား။ ။
(သံချိုလေးချိုး- တင်မိုး)
#ရှေးစာကဗျာများ
မှတ်ရန်
စ သတ်မထားတဲ့ တဝမ်းပူ စာလုံးများ
တမင်ယူ၍
ကြေတကောရယ်လို့
တခင်ခင်ပေါ့
တမန်စေလိုက်ပါ့
ကဗျာတပုဒ်ပါပဲ
တလှန်လှန်
တလွှားလွှား
တလူလူ
တကယ်သစ်ပေလိမ့်
လှစ်ဖွဲ့ကုန် တကား
ဒေါက်တာတင့်ဆွေ

Comments
Post a Comment