Skip to main content

စကားအရာ အင်္ဂါ ၁ဝ ပါး

မက်ဆေ့ချ်တခု =စိတ်အနှာက် အယှက်ဖြစ်မိရင်လည်း တောင်းပန်ပါတယ်ဆရာ။ ဆရာ သေသည်အထိ ကြိုးစားပေးပါ။ ကျေးဇူးပါ။

ပြန်စာ

သေတဲ့အထိ အသုံးကို တမင်တကာရေးတာလား။

သေစေလိုတဲ့သဘော ဖြစ်နေတယ်။

လူတိုင်းကတော့ သေကြရမှာဖြစ်ပါတယ်။

ဒါပေမဲ့ -

စကား (စာအရေးအသား) ဆိုတာ လူမှုဆက်ဆံရေးမှာ အလွန်အရေးပါတယ်။

"သူငယ်ချင်း မင်းသေမဲ့ကောင်လို့" မပြောအပ်ပါ။

မှန်တိုင်းလည်း မပြောအပ်တဲ့စကားတွေ ရှိတယ်။

စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်

၁။ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို

၂။ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို

၃။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို

၄။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို

၅။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို

၆။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို

စကားကြီး ၆ ခွန်း လူ၌ထွန်း ၄ ခွန်းကိုပယ်၊ ၂ ခွန်းလွယ် (၄ ခွန်းရှောင်ခွာ ၂ ခွန်းသာ)

(၁) ဟုတ်မှန်၍ အကျိုးရှိပြီး သူများလည်းနာလိုသော စကား၊

(၂) သူများမနာလိုသော်လည်း ဟုတ်မှန်၍ အကျိုးရှိသော စကား၊

(၃) ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်း မနာလိုသော စကား၊

(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သော စကား၊

(၅) မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သော စကား၊

(၆) မဟုတ်မမှန် အကျိုးလည်းမရှိ သူများလည်း မနာလိုမနှစ်သက်သော စကား၊

စကားအမျိုးအစား ၄ မျိုးရှိတယ်။

(၁) အပြစ်ဖြစ်သောစကား၊

(၂) ဝါကြွား၍ပြောသောစကား၊

(၃) အနိုင်အထက်ပြောသောစကား၊

(၄) ချီးမွမ်းစကား။

စကားအရာ အင်္ဂါ ၁ဝ ပါး

(၁) ကာလဝါဒီ = ပြောဆိုချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း၊

(၂) ဘူတဝါဒီ = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း၊

(၃) ဓမ္မဝါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊

(၄) အတ္တဝါဒီ = အကျိုးနဲ့စပ်သည်ကိုသာ ပြောဆိုခြင်း၊

(၅) ပိယဝါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊

(၆) မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်ခြင်း၊ကို ရှေးဦးပြု၍ ပြောဆိုခြင်း၊

(၇) မိတဘာဏီ = မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း၊

(၈) အတုရိတဝါဒီ = အဆောတလျင်မပြောဆိုခြင်း၊

(၉) ပေါရီ = မြို့ကြီးသူ မြို့ကြီးသားတို့၏ ဓလေ့ထုံးစံသို့ လိုက်၍ပြောဆိုခြင်း၊

(၁ဝ) ဝိသဝါဒီ = သန့်ရှင်းသေချာ အက္ခရာဌာန်ကရိုဏ်းကျအောင် ပြောဆိုခြင်း၊

စကားကြီး (၁ဝ) မျိုးရှိတယ်။

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်း၊ ဆိုခြင်းစကား ဤဆယ်ပါး။

(၁) ရေကူးညာတင်စကား = လိုရာဆိပ်ကမ်းကို ရေညာက တင်ကြို၍ ကူးမှရောက်သကဲ့သို့ မိမိလိုရာ ရောက်အောင် ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း၊

(၂) ကောက်ပင်ရိတ်လှီးစကား = ကောက်ပင်ကို လက်တဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့ သူဆိုသော စကားမိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း၊

(၃) ရေစီးဖောင်ဆန်စကား = လိုအင်ဆန္ဒရှိသမျှသောအရာဝတ္ထုတို့ကို ဖောင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် ကိစ္စပြီးသကဲ့သို့ ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာ၊ ပမည်းဟပ် စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း၊

(၄) အိုးတန်ဆန်ခတ်စကား = အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း၊

(၅) ဆီပွတ်ကျည်ပွေ့စကား = ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စ ပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်း၊ငှာ ထိုစကားကိုပင် အထပ်ထပ်ပြောဆိုခြင်း၊

(၆) ဆင်ဝှေ့ရန်ရှောင်စကား = ဆင်ထိုးဝှေ့မည် အလိုက်ခံရလျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှားကာနေရသကဲ့သို့ ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်း၊

(၇) တောင်သူယာခုတ်စကား = တောင်သူလယ်သမားတို့သည် မိမိတို့ တည်ခုတ်မည့် လယ်ယာမြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ် (အရေး မကြီးသောစကား) ကို ပြောဆိုပြီးမှ စကားကြီး (အဓိကပြောမည့်စကား) ကို ဖိစီး၍ ပြောဆိုခြင်း၊

(၈) ကြက်ခုတ်ခွပ်ပစ်စကား = ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ ခွပ်သာမှ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်က လိုက်၍စီးသာမှ စီးလျက်ပြီးပြတ်အောင် ပြောဆိုခြင်း၊

(၉) ရေစစ်ပမာစကား = ဓမ္မကရိုက်ခေါ် ရေစစ်ကို ရေတွင် နှစ်ခါ ပြည့်မှ အပေါက်ကိုပိတ်၍ ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း၊

(၁ဝ) ခက်တင်မောင်းနင်း = မောင်းနင်းသောသူသည် တဖက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည်လည်းမပြော၊ မဟုတ်ဟုလည်းမပြော၊ မတင်မကျပြောဆိုခြင်း၊

ဝစီဒုစရိုက် (၄) ပါးရှိတယ်။

(၁) မုသာဝါဒါ = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊

(၂) ပိသုဏဝါစာ = သူနှစ်ဦးအချစ်ကို ပျက်အောင် ကုန်းချောခြင်း၊

(၃) ဖရုသာဝါစာ = ကြမ်းတမ်းသဖြင့် နားမခံသာတဲ့စကားကို ပြောဆိုခြင်း၊

(၄) သမ္ဗပ္ပလာပဝါစာ = နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသောစကားကို ပြောဆိုခြင်း၊

စကားပုံတွေရှိတယ်။

စကားကျွံသော် နုတ်မရ၊

စကားစကား ပြောပါများ စကားထဲကဇာတိပြ၊

စကားနောက် တရားပါ၊

နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊

နှုတ်ကောင်းလျှင် ပြည်စိုး၊

နှုတ်ချို သျှိုတပါး၊

ဝစီဗေဒ ထိတိုင်းရှ၊

စကားဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်အချင်းချင်း အသံထွက်၍ ပြောဆို ဆက်သွယ်နေကြသည့် "နှုတ်မှုအသုံးအနှုန်း" ကို ဆိုလိုပါသည်။

ယနေ့ခေတ်မှာ စာအရေးအသားသာမက အပြောစကားနဲ့ အသံထွက်တွေပါ မှားလွန်းနေတယ်။

တချို့ ရိုင်းစိုင်းကြတယ်။

တချို့က အပြောမတတ်။

အပြောမတတ်တော့ ဆဲသလို။

မက်ဆေ့ချ်ကတော့ ကျိန်ဆဲသလို။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ