မ⁴ – စည်း / မ / ကြိယာနှင့် နာမဝိသေသနတို့၏ အနက်ကို ဟန့်တား၊ ဆန့်ကျင်၊ ပယ်ဖျက်လိုရာတွင် သုံးသောစကားလုံး။ (မသွား၊ မလာ၊ မလှ၊ မကောင်း စသည်ဖြင့် ရှေ့မှဆက်၍ သုံးနှုန်းသည်။)
– န / မာ့ / တစ် သို့မဟုတ် နှစ်ခုတစုံမှ အပိုစွန်းထွက်သော အရေအတွက်။ စုံ၏ ဆန့်ကျင်ဘက် အရေအတွက်။ မစုံကိန်း။ (၁၊ ၃၊ ၅၊ ၇၊ ၉ စသည်ဖြစ်သည်။)
မ⁵ – စည်း / မ / အနာဂတ် ကာလညွှန်း “မည်” ၏ အတိုသုံးစကား။ “သွားမလား (သွားမည်လား)၊ သွားမလို့လို (သွားမည်လိုလို)” စသည်ဖြင့် သုံးနှုန်းသည်။ (အပြောစကားတွင် အသုံးများသည်။)
မကာ – ကြိဝိ / မကာ့ / ပိုလွန်လျှက်၊ သာကဲလျှက်။ ပမာဏ အကန့်အသတ် မတန်မရာမရှိ။ “ကိုယ်ထက်မကာ၊ ဆယ်ဆဆယ်ပြန်၊ လွန်စေဘိမော။” သစ္စာ* ၂၅။
– ကြိ / မကာ့ / ပမာဏ အကန့်အသတ် မပြီး မပြတ်ဘဲ ကျော်လွန်သည်။ ပိုလွန်သည်။ “လုပ်ပြန်ကာမျှ၊ မကာသေးဘူး၊ ဘယ်သူ့လုပ်စာ၊ ဘယ်မြို့ရွာကာ။” မေ့* ၁၂။
မကဲ – န / မကဲ / မဂဲ – န၊ ရှု။
မကောမက – ကြိဝိ / မကောမကာ့ / နှစ်ဖက်အနက် မည်သည့်ဘက်သို့မျှ ပီပီမသက်ရောက်ပဲ။ ခွတ်လတ်အားဖြင့်။ “စကောစကာ၊ မကောမကနှင့် မချောမလှတဲ့။” မိုင်း၊ တ။ ၉၂။
မကို – န / မကို / မဂို – န၊ ရှု။
မကင်းတရား – န / မကင်းတယား / အကျိုးအကြောင်း မကွဲမကွာ ဆက်စပ်နေမြဲသဘော။ “ညောင်ပင်ကြီးမှာ မျိုးစေ့ အာနုဘော်ကဲ့သို့ မကင်းတရား မျှသာဖြစ်၏။” ဥတ္တမ။ ၁၉၁။
မကင်းရာမကင်းကြောင်း – န / မကင်းယာ မကင်းဂျောင်း / ၁၊ ဆက်စပ်ပတ်သက်နေသည့် အကြောင်းအရာ။ ၂၊ ထောက်ထား ငဲ့ညှာရလောက်အောင် သက်ဆိုင် ဆက်စပ်နေသော ပုဂ္ဂိုလ်။
မကောင်းဆိုးဝါး – န / မကောင်းဆိုးဝါး / ရုပ်ထင်ရှားမမြင်သာဘဲ လူတို့အား ခြောက်လှန့် နှောင့်ယှက်တတ်သည် ဆိုသော သရဲတစ္ဆေစသော ဝိညာဉ်သတ္တဝါ။
မကောင်းတရောင်း – ကြိဝိ / မကောင်းဒယောင်း / မကောင်းသည့်အဖြစ် အနေအားဖြင့်။ မကောင်းပဲလျက်။ “သူက ကျွန်တော့်ကို မကောင်းတရောင်း ထင်နေမည်စိုးသောကြောင့် အပြစ်ဖော်ပြခြင်း မပြုရဲပါ။”
မကောင်းတတ် – ကြိဝိ / မကောင်းဒတ် / စေတနာ မပါသော်လည်း မလွှဲမရှောင်သာသောအားဖြင့်။
မကောင်းမကန်း – နဝိ / မကောင်းမကန်း / မပြုလုပ်သင့်သော။ ဆိုးသွမ်းသော။
– န / မကောင်းမကန်း / မပြုလုပ်သင့်သော အပြုအမူ။
မကောင်းမှု – န / မကောင်းမှု / မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း အကျိုးတစုံတရာ မပြုဘဲ အပြစ်သာဖြစ်သော အပြုအမူ။ အကုသိုလ်။
မကြံအပ်မကြံရာ – န / မကျန်အတ်မကျန်ယာ / ကြံစည်ခြင်းငှာ မသင့်မလျော်သောအရာ။ မသင့်လျော်သော ကြံစည်ချက်။
မခေါ်မုန့်လုံး – န / မခေါ်မုန့်လုန်း / မုန့်လုံးရေပေါ် – န၊ ၁၊ နှင့် အတူတူ။
မခံချိမခံသာ – ကြိဝိ / မခန်ဂျီမခန်သာ / စိတ်တွင် သည်းခံရ ခက်ခဲဖွယ်ဖြစ်လျှက်။
မခံချင်စိတ် – န / မခန်ဂျင်စိတ် / ၁၊ သူတပါးနှင့် ယှဉ်ရာ၌ မိမိ ရှုံးနိမ့်မှဲ့လျှင်းခြင်းကို မလိုလားသောစိတ်။ မိမိကသာ သူတပါးထက် သာလွန်ကဲမြင့် လိုသောစိတ်။ ၂၊ မိမိနှင့် ပတ်သက်သမျှကို ထိပါးပွတ်ခတ်လာသော် မခံမရပ်နိုင် ဖြစ်လာသည့် နာကျည်းစိတ်။
မခိုးမခန့် – ကြိဝိ / မခိုးမခန့် / မထိလေးစား၊ ပျက်ချော်စော်ကားသော အသွင်ရောက်လျှက်။
မခေါက်မရက် – ကြိဝိ / မခေါက်မယက် / ညှာတာထောက်ထားလျက်။
မခေါက်မအား – ကြိဝိ / မခေါက်မအား / ၁၊ တွယ်တာမြတ်နိုးစွာ။ နှမြောစွာ။ “မခေါက်မအား၊ ဆန်ရေလားများကို၊ ငွေသားမှ ဖြစ်စေတော့၊ ဈေးကုန်လျှော့ပြီးလျှင်၊ နွားပေါ်ကို ထုတ်သကဲ့သို့။” စလေ။ ၅၆။ ၂၊ အခြေအနေ မပေးဘဲ။ “သူကသော်လည်း၊ မခေါက်မအား၊ ရှိတတ်၏။ ငါတို့ကသော်လည်း၊ အကြံမမြောက် ရှိတတ်၏။” ကြမ္ဗူ။ ၁၉။
မခန့်လေးစား – ကြိဝိ / မခန့်လေးစား / လေးစား ရိုသေခြင်း ကင်းမဲ့လျက်။ မလေးမစား။ မရိုမသေ။ မထိလေးစား။
မချိ – ကြိ / မချိ / သည်းခံ ရပ်တည်နိုင်ခြင်းမရှိ ဖြစ်သည်။
မချိတရိ – ကြိဝိ / မချိဒရီ / ခံရပ်နိုင်သည်ထက် လွန်ကဲသော ဝေဒနာကို ကြိတ်မှိန်းခံစားလျက်။ “လင်ပူသားပူမိ၍ မချိတရိ ဒုက္ခရောက်၍။” မြင့်၊ ပ။ ၃၃။
မချိတင်ကဲ – ကြိဝိ / မချိတင်ဂဲ / ဖြေဆည်းရပ်တန့်ခြင်း မပြုနိုင်ပဲလျက်။ အလွန်ဝမ်းနည်းကြေကွဲလျက်။ “ဘုရင်ဖမ်းသွားပုံကို မချိတင်ကဲ ကိုယ်တွေ့မြင်လိုက်ရပုံ။” ကိုယ်မှိုင်း၊ ပ။ ၁၂။
မချိမဆံ့ – ကြိဝိ / မချိမဆန့် / ခံနိုင်စွမ်းသည်ထက် ကဲလွန်ပြင်းထန်သောဒုက္ခကို ခံစားရလျက်။
မချိမချဉ် – ကြိဝိ / မချိမချဉ် / ၁၊ အပြုံးမပီသော မျက်နှာပေးဖြင့်။ ၂၊ ပျက်ချော်သော မျက်နှာထားသွင်ပြင်ဖြင့်။
မချဉ့်မရဲ – ကြိဝိ / မချဉ့်မရဲ / ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသည့်အတွက် အားမလိုအားမရ မရောင့်မရဲ ဖြစ်လျက်။
မချည်း – စည်း / မချီး / ချီးမွမ်းမှု သို့မဟုတ် ကဲ့ရဲ့မှုကို ပို၍ ပေါ်လွင်စေရန် သုံးသောစကားလုံး။ သော်ငြားလည်း။ စေကာမူ။ ပေမယ့်။ “ပိုဖဲကတီပါသော်မျှ၊ မဆင်ရ မချည်း၊ တင်မေမှာ ရိုးသားပြီး အဆင်ပြေသည့် အလှဂုဏ်က သူ့အားကြည့်၍ မငြီးစေနိုင်ပါ” ရွှေစင်။ ၁၆ဂ။ “ယောက်ျားဖြစ်မချည်း သတ္တိနည်းလှသည်။”
ဒေါက်တာတင့်ဆွေ





Comments
Post a Comment