မြူးကားပျံကာ၊ တေးသီကာနှင့်
မိုးမှာပျော်နေ၊ ငှက်မိုးစွေ။
မြေမှာပေါက်ဖွား၊ မြေဆီစားလျက်
မြေသားကိုမေ့၊ မိုးလွင်မေ့လည်း
တနေ့ခါတွင်၊ မိုးသက်ဆင်းသော်
အသစ်မြေသို့ သက်လိမ့်တကား။
(သီတာသင်း - ဝါးခယ်မ)
“စိုးမိုးသူ”
ကောင်းကင်ဝလာ၊ စိုးမိုးပါသည်
တိမ်ပြာတို့ပင် ဖြစ်သတည်း။
မြေတို့မှာသာ၊ စိုးမိုးပါသည်
ရွက်ဝါတို့ပင် ဖြစ်သတည်း။
ကိုယ့်ဘဝမှာ၊ စိုးမိုးပါသည်
ဝင်းဝါသူ့အပြုံး ဖြစ်သတည်း။
(မောင်မိုးမြတ် - တီတီစီ)
“အသိ”
အိပ်မက်ထဲမှာ၊ ချစ်သူပါသော်
ညတာတိုလွန်း လေတကား။
အိပ်မက်ထဲမှာ၊ မုန်းသူပါသော်
ညတာရှည်လွန်း လေတကား။
(ဂူတွဋ် - ချစ်ကိုကို)
“ခွင့်လွှတ်ခြင်း”
အငယ်ရယ် အကို့ကိုချစ်ပါလားလို့၊
ကျွန်တော်မေးတိုင်း အငယ်မှာမျက်ရည်စို့။
ကျွန်တော့်စကားကို အငယ်ကြားလေတိုင်း
သူ့မျက်လုံးမှာ မျက်ရည်ဝိုင်း။
အငယ့်စိတ်ကတော့ ပင်ပန်းရှာ
ကျွန်တော်ကတော့ ဘာမျှမသိပါ။
ဟိုတနေ့က ကျွန်တော်လမ်းလျှောက်ယင်း
အငယ်တို့က ပန်းခြံတွင်း။
အငယ်ဟာ လည်ချင်းဖက်၍လက်ချင်းရှက်
သူ့ချစ်သူနှင့် ကြည့်နူးလျက်။
ကျွန်တော်မေးတိုင်း အငယ်မျက်ရည်စို့၊
ခုတော့ ကျွန်တော်သိပါပြီလို့။
အကို့ကို ဖွင့်ပြောပါတော့လား အငယ်ရယ်
ကျွန်တော်ကမေးလိုက်ချင်တယ်၊
သို့သော်လည်း ကျွန်တော်မမေးသာ၊
အငယ့်ချစ်သူဟာ ကျွန်တော့်ညီလေးမို့ပါ။
(မြစ်သား-မောင်မြသွေး)
“အနှောင့်အယှက်”
ဤယနေ့တွင်
ချမ်းမြေ့ကြည့်နူး၊ ငှက်တူမြူးသည်
တိမ်ဦးကိုပင် မျှော်မိ၏။
အထက်ဝေဟင်၊ ကောင်းကင်ပြင်လည်း
ကြည်ကြည်လင်လင်၊ တိမ်ဖြူစင်သည်
ငါ့လွင်စိတ်ဝမ်း ပျော်မိ၏။
ထိုစဉ်အခိုက်၊ လေပြင်းတိုက်၍
တိမ်တိုက်ရွေ့လျား၊ ဟိုသည်လားခဲ့
လာသွားမတည်၊ ချာချာလည်သော်
စိတ်သည်အတွေး၊ မိုးဝေထွေးသည်
ပျော်ရေးမသစ်နိုင် တကား။
(မောင်တင်ဦး)
မှတ်ရန် သတ်ပုံများ
- တနေ့ခါတွင်
- ဟိုတနေ့က
ဒေါက်တာတင့်ဆွေ

Comments
Post a Comment