၁။ ဒီမီဒီယာက ငမည်းနှစ်ဆလို့ရေးထားပါတယ်။ မီဒီယာတခုဖြစ်ပြီး မြန်မာစာသတ်ပုံကိုလွဲမှားပြီးတင်ထားလို့ပါရှင့်။၂။ ရွာထဲ နောက်တခေါက် ထပ်မသွားချင်လို့ သူတို့တဲဆီက ခြင်းတောင်းလေး သွားငှားတာ "နင်ပဲငဆ" လို့ ပြောလွှတ်လို့ စိတ်တိုနေတာ" ဆိုတဲ့စကားမှာ "နင်ပဲငဆ" ဆိုတာ ဘာပြောတာလဲ ဆရာ။
နင်ပဲငဆ = ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်း။ တိုင်းထွာခြင်း။
နင်¹ — နစ/နင်/ မိမိက ဦးတိုက်ပြောဆိုနေသူကို ညွှန်ပြသော စကားလုံး။ (ကြီးသူက ငယ်သူသို့ ဖြစ်စေ၊ ရွယ်တူတန်းတူ ချင်းဖြစ်စေ သုံးရသည်။)
နင်² — ကြိ/နင်/ ၁။ (လည်ချောင်းတွင်) တစ်ဆို့ သည်။ “အရည် သောက်လိုက်လျှင် နင်၏။” မောင်မေဝ်။ ၁၂၂။ ၂။ (နား၊ နှလုံး၊ အသည်း စသည်တို့ တွင်) တစ်ဆို့ သည်။ “မချေမငံ၊ သင်းဆိုသံကို၊ ဖြောင့်တံသင်းသွင်း၊ ရွှေနားနင်၍။” ပလိပ်* ၄၄။ “သို့ ကလောက်စင်၊ နှလုံးနင်လျက်။” ကဝိမင်္ကပါ၊ ၁၆၀။ “တိမ်တွေကညို့ တော့၊ သဲသို့ ရှုနင်လွန်းလို့။” ကိဏ်စာ။ ၂၇။
နင်ပဲငါဆ — န/နင်ပဲငါဆာ/ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်း။ တိုင်းထွာခြင်း။
နင်လားငါလား — ကြိဝိ/နင်လားငါလား/ တဦးနှင့်တဦး သူနိုင် ငါနိုင် ပြိုင်ဆိုင်ပြုမူလျက်။ “စကားပြောရာမှာလဲ အခြေ အတင် နင်လားငါလား ပြောရမှ အရသာရှိတာပေါ့။” နှစ်နှစ်။ ၆၃။
အဲလိုမီဒီယာတွေမှာသာမက ဖေ့စ်ဘွတ်လိုနေရာမျိုးတွေမှာပါ သတ်ပုံလွဲအမှားတွေ၊ အသုံးအများတွေကို နေ့တိုင်း၊ နာရီတိုင်းမှာ တွေ့နေရတယ်။
စံကိုက် စာလုံးပေါင်းသတ်ပုံကျမ်းနဲ့ အဘိဓာန် အကိုးအကားတွေကိုလည်း လက်လှမ်းမမီကြသူကသာ များတယ်။
ထွက်သမျှနဲ့ အွန်လိုင်းမှာ မမှန်တာသာ တွေ့နေရတယ်။
အတုမြင် အတတ်သင်။
အမှားမြင် အမှားသင်။
အမှန်ထောက်ပြရင် အမှန်လို့မထင်။
မြန်မာပြည်နဲ့ မြန်မာစာ အခြေအနေ အတော်ကို မကောင်းပါ။
နင်ပဲငဆ ပြောတာ မဟုတ်။ သက်သေခံအထောက်အတား ရာပေါင်းများစွာရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment