အမျိုးသားစာပေဆုရ ကဗျာများ
ခြေတလှမ်း ကုဋေတသန်း
ချော့နွဲ့ ယဉ်ကျေး၊ မိန်းကလေးသည်၊
သွေးခြည်ဥလု၊ ဖွားခြေနုကို၊
တယုတယ၊ သာသာပွေ့၍၊
ခန်းမဆောင်သို့ လာနေ၏။
သည်ခန်းဆောင်မှာ၊ သူနာပြုသင်၊
တိုင်းခွင်ပြည်နှံ့၊ တာဝန်ဖြန့်ကာ၊
ကယ်ပံ့ကူသ၊ ဝန်ထမ်းရသည့်၊
ခန်းမသင်တန်း ဖြစ်ပါ၏။
“တို့တိုင်းပြည်မှာ၊ မမှိနောက်ကျ၊
ဒေသများစွာ၊ ကျန်သေးပါ၏၊
ရောဂါပြောထူ၊ လူမှုနိမ့်ဆင်း၊
ကင်းမဲ့ခေတ်မြင်၊ သည်ဖြစ်အင်ကို၊
သင်ကြားပညာ ပေးရမည်”။
လှပယဉ်ကျေး၊ မိန်းကလေးသည်၊
သွေးချင်းတို့ဖြင့်၊ ဇစ်မြစ်ဘဝ၊
အောက်ကျဆိုးဝါး၊ အခြားခြားကို၊
သနားကြင်နာ၊ နားလည်လာ၏၊
တာဝန်စွမ်းကုန် ထမ်းရွက်မည်။
ရူပါစမ်းလေ၊
သင်တန်းဆင်းကာ၊ ထွက်ခွာလာသော၊
နုဝါချောညက်၊ ခြေနှစ်ဖက်သည်၊
လှပျက်မည်အား၊ မူမထားပြီ၊
အိုင်များကိုဖြတ်၊ ကွင်းစပ်ကိုကျော်၊
တောင်ပေါ်လမ်းကြမ်း၊ လှမ်းတန်လှမ်း၍၊
တောတန်းဆူးချုံ၊ ခုန်တန်ခုန်ကာ၊
ကျောက်ပုံလမ်းပျက်၊ သွက်တန်သွက်ပြီး၊
လမ်းဆက်ရှည်ဝေး၊ ပြေးတန်ပြေးလျက်၊
စစ်ဆေးထွက်ဝင်၊ ရွာစဉ်ပင်တည့်၊
ကျွမ်းကျင်မှုထမ်း၊ သူခြေလှမ်းတို့၊
တသန်းကုဋေ တန်ပြီတကား။ (မျိုးမြင့်ဆွေ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment