Skip to main content

ကြိုးစားပမ်းစား

ကြိုးစားပန်းစား နဲ့ ကြိုးစားပမ်းစား ဘယ်ဟာက အမှန်လဲဗျ

ကြိုး¹ – န / ကျိုး / ၁။ ချည်မျှင်၊ လျှော် စသည်တို့ကို နှစ်လွန်း၊ သုံးလွန်း စသည်ဖြင့် ရောကျစ်ထားသော ချည်နှောင်ဖွယ် ကိရိယာ။ ၂။ ပန်းချီကား၊ ပိုးထည်၊ အမျှက်ကျောက်တို့တွင် ပါတတ်သော အဆင်း၊ အကြောင်း၊ အမျှင်၊ အတန်း။ "ရွှေနားရူ၊ ကြိုးစုံကျယ်လုပ်၊ တရုပ်မြင်းက။" တရုပ်သံ* ၄၇။ ၃။ တီးရန်ကြိုးကို အခြေခံပြုသော တူရိယာမျိုး။ ၄။ ကြိုးတူရိယာမျိုးနှင့် တွဲဖက်သီဆိုရသောသီချင်း။ သီချင်းတမျိုး၏ အမည်။ "ဆဒ္ဒန်ကြိုး၊ ပဋ္ဌာစာရီကြိုး။" ဗုဒ္ဓ။ ၃၈၇။

ကြိုး² – ကြိ / ကျိုး / အသံပြင်းထန်စွာမြည်ဟိန်းသည်။ "လှိုက်ဆူတန်းခိုး၊ မိုးနှယ်ကြိုးလျက်။" ဘူလင်* ၁၃၆။

ကြိုးကြွ – ကြိဝိ / ကျိုးဂျွ / တင့်တင့်တယ်တယ် လှုပ်လှုပ်ရွရွ။ "ကျူးသံကြိုးကြွ၊ ကားကားကလျက်။" တရုပ်သံ* ၅၉။

ကြိုးကြားကြိုးကြား – ကြိဝိ / ကျိုးဂျားကျိုးဂျား / ရံဖန် ရံခါ။ ကွက်ကျားကွက်ကျား။ "ထိုရွှေဟင်္သာသည် ဤနည်းဖြင့် ကြိုးကြားကြိုးကြားသွား၍ တစ်ခုခုသော အတောင်ကို ပေး၏။" မင်လတ်။ ၅၉၄။

ကြိုးကြာငှက်၊

ကြိုးကြီးချိတ် – န / ကျိုးဂျီးဂျိတ် / အချိတ်ကြီးဆင် ရက်ထားသော အထည်တမျိုး၊ ပုဆိုးတမျိုး။ (ပွဲနေပွဲထိုင်၊ အခမ်းအနား စသည်တို့တွင် ဝတ်ဆင်လေ့ရှိသည်။)

ကြိုးကွင်း – န / ကျိုးဂွင်း / ၁။ သားကောင်တို့ကို ထောင်ဖမ်းရသော ကျွတ်။ ကျော့ကွင်း။ "ဖြောင့်၊ လေးချက်၊ ပိုက်၊ ကိုင်ရိုက်၊ ကိုင်ပစ်၊ ဘီ၊ ကြိုးကွင်း။" နူ။ ၃၇၀။ ၂။ လူကို ကြိုးဒဏ်ပေးသောအခါ လည်တွင်စွပ်ရသော ကွင်းလျှောချည်ထားသည့် ကြိုး။

ကြိုးကွင်းစွပ်၊

ကြိုးကိုင်၊

ကြိုးကုတ်၊

ကြိုးခုန်၊

ကြိုးစား – ကြိ / ကျိုးဇား / အားထုတ်သည်။ လုံ့လပြုသည်။

ကြိုးစားပန်းစား – ကြိဝိ / ကျိုးဇားပန်းဇား / လုံ့လ ကြီးစွာဖြင့်။

ကြိုးဆယ်မျိုး – န / ကျိုးဆယ်မျိုး / မြန်မာပန်းချီမူဆိုင်ရာ ကြိုးသဖွယ် ရေးခြယ်ပုံ ဆယ်မျိုး။ ၁။ ခရုပက် ၂။ ဘယက် ၃။ မှတ်ပတ် ၄။ ငါးပတ်ခတွင်း ၅။ မှတ်သီး ၆။ ပြောဝမ်းကြီး (မျှော့ဝန်းကြီး) ၇၊ နားလိမ် ၈၊ ရာမလက်ညှိုး ၉၊ တမုတ်ဆွဲ ၁၀၊ နန်းပြောက်။

ကြိုးဆွဲ – ကြိ / ကျိုးဆွဲ / ၁။ ရုပ်စုံစင်တွင် အရုပ်ကို လှုပ်ရှားအောင် ကြိုးတို့ကို ဆွဲသည်။ ၂။ လှေ၊ သမ္ဗာန်တို့ကို ကမ်းဘေးတလျှောက်တွင် ကြိုးဖြင့်ဆွဲ၍ ယူဆောင်သည်။ ၃။ [ဥပမာ] တိတ်တဆိတ် ညွှန်ပြဆောင်ရွက်စေခိုင်းသည်။

ကြိုးဆွဲချ – ကြိ / ကျိုးစွဲချ / ကြိုးကွင်းကို လည်ပင်းစွပ်၍ မိမိအသက်ကို သေအောင်လုပ်သည်။

ကြိုးထိုး – န / ကျိုးထိုး / ကြိုးခွေတွင် တုတ်ထိုး၍ ကစားရသော လောင်းတမ်းကစားနည်း။ ကြိုးလိမ်။ "ပုဆစ် သုံးပုံ ကြွေအန်ခတ်လို့၊ ကြိုးထိုး ဇယ်မှတ် ပေါက်နှစ်ဆယ်။" ရတနာ* ၇၁။

ကြိုးဒဏ် – န / ကျိုးဒန် / ကြိုးကွင်း လည်ကို စွပ်၍ သတ်သော သေဒဏ်။

ကြိုးနဲ့ချည်၊

ကြိုးပမ်း – ကြိ / ကျိုးဗန်း / အားထုတ်သည်။ လုံ့လပြုသည်။ "အသံခန္ဓာ၊ မလာလတ်မီ၊ ပစ္စက္ခနှင့်၊ ပြည့်ညီဒါန၊ ကြိုးပမ်းကြဟု။" ဘူပေါင်း* ၁၁။

ကြိုးပိ – န / ကျိုးပိ / ထန်းတက်ရာတွင် မြူအိုး၌ တပ်ချည်ထားသော ကြိုး။

ကြိုးပေး – ကြိ / ကျိုးပေး / ကြိုးဒဏ်ဖြင့် စီရင်သည်။

ကြိုးမိန့် – ကြိ / ကျိုးမိန့် / လည်ပင်းကို ကြိုးစွပ်၍ သတ်စေဟူသော စီရင်ချက်။

ကြိုးမဲ့ကြေးနန်း – န / ကျိုးမဲ့ကျေးနန်း / လျှပ်စစ် သံလိုက်လှိုင်းများမှတစ်ဆင့် အသံလွှင့်ပေးသည်ကို အသံဖမ်းစက်ဖြင့် ဖမ်းယူရရှိခြင်း။

ကြိုးလွန်း – န / ကျိုးလွန်း / ကြိုးကျစ်ရာတွင် ပါဝင်သော ကြိုးငယ်ကလေး။

ကြိုးလိမ် – န / ကျိုးလိန် / ၁။ ကြိုးထိုး - န နှင့် အတူတူ။ ၂။ ရွှေနန်းကြိုး နှစ်ပင် သုံးပင်လိမ်၍ လုပ်ထားသော ဆွဲကြိုး၊ လက်ကောက်စသည်။

ကြိုးဝိုင်း – န / ကျိုးဝိုင်း / ၁။ အစိုးရက သီးသန့်ထိန်းသိမ်းထားသော သစ်တော။ သံကြိုးဝိုင်း။ ၂။ အင်္ဂလိပ်လက်ဝှေ့စင် ပတ်လည်တွင် တားထားသော ကြိုးတန်း။

ကြိုးဝိုင်းသစ်တော၊

ကြိုးသီချင်း၊

စည်းကြိုး၊

ဆွဲကြိုးတန်ဆာ၊

ဖိနပ်သည်းကြိုး၊

မျဉ်းကြိုး (တန်းအောင် တိုင်းရန် သုံးသည့်ကြိုး)၊

မျှော့ကြိုး၊

မြင်းဇက်ကြိုး (ဆွဲခေါ်ရန်သုံးသည့်ကြိုး)၊

မိုးကြိုးပစ်၊

မုန့်ကြိုးလိမ်၊

လက်ပြန်ကြိုးတုပ်၊

လွန်ကြိုး၊

ဝရဇိန်မိုးကြိုး၊

သံကြိုးစာ၊

သက်စွန့်ကြိုးပမ်း၊

အရုပ်ကြိုးပြတ်၊

အားကြိုးမာန်တက်၊

အုန်းဆံကြိုး၊

ကြိုးကြာသံ - ခင်မောင်တိုး https://www.youtube.com/watch?v=Dw18rWYqbmQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ