(မဟာသာရပျို့)မှိုင်းရင့်ရီဝေ၊ မြုခိုးခြွေသား
တောင်ဟေဝန်ညို့၊ တောမို့မို့ဝယ်
နဂို့ချိုင်းချိုင်း၊ သာမျိုးလှိုင်းသား
ဆင့်တိုင်း ခရိုင်၊ ဆဒ္ဒန်အိုင်၏
ချင့်တိုင်ပြန်တာ၊ နံလျားမှာကား
ယူဇနာငါးဆယ်၊ ထိုအိုင်လယ်၌
မြူနယ် မရှိ၊ မှော်ညှိ ကင်းဝေး
ချမ်းငြိမ်းဧလျက်၊ မြသွေး စိမ်းလဲ့
နဂါးသွဲ့သို့၊ တဆဲ့နှစ်ယူဇနာ
သင်္ချာရေကြည်၊ ကောင်းစွာတည်၏
မြရည်စိမ်းလတ်၊ ဤရေမြတ်ကို
ခွေပတ်သာမော၊ ကြာသိမ်တောကား
သောသောမောက်မောက်၊ ဖြိုးဖြိုးပေါက်၍
ခိုးမှောက်ပွင့်ဟံ၊ ရွှေဝတ်ဆံနှင့်
အနံကြီးထူ၊ အထုမူလည်း
တယူဇနာ၊ ရံပြီးခါမှ
ပယ်ဇာအပြန်၊
ထိုဟန်၎င်း၊ ကြာညိုပေါင်းနှင့်
သောင်းသောင်းကြာနီ၊ ပွင့်ချင်းမှီသည်
ကတ္တီပါသွေး၊ တွေးတွေးပွပွ
လန်းလန်းထရှင့်၊ ထိုမှ ပုဏ္ဍရိတ်
ထိတ်ထိတ်မြားမြောင်၊ သာခွါရောင်နှင့်
ထိုနောင်ပဒုမ္မာ၊ ချပ်ရုံအာလည်း
မတျာ စတောင်း၊ စွေးစွေးမောင်း၏
ထိုနှောင်း ထုံကြူ၊ ပဒုံဖြူကား
အူအူဖွေးတိ၊ တိုင်းမသိနှင့်
ထိုပြီး့ တသုတ်၊
ကမုတြာ၊ ခေါင်းလောင်းကြာလည်း
နီလာရွက်ဖျား၊ ချိပ်ရည်ကြား၍
ပွင့်သားဖြိုးဖြိုး၊ ရွှေရိုး ကြံဆစ်
တူစွာဖြစ်၏
ခုနစ် ဤသို့၊ ကြာမြတ်တို့ကား
တဘို့ သန့်သန့်၊ တကန့် ရှင်းရှင်း
တသင်း ကိုယ်စီ၊ ထိုဤ မနှော
တကြော ရစ်ရှင်၊ ထိုသည်ပြင်ဝယ်
ယခင်ကြာထပ်၊ ခုနစ်ရပ်တို့
ဖက်စပ်ပြွမ်းမှ၊ ရောကုန်ကြသည်
ဖူးပွ မုံအာ ဖွေးဖွေးတည်း။ ။ (ပိုဒ်-၁၇)
(ကျီးသဲလေးထပ်ဆရာတော်ကြီး)
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment