ကွန်မင့်တခု = တွေ့ဖူးသေးဘူး ကျနော်တို့ အောက်ပြည်က လူတွေတော့ မြင်ဖူးကြပေါင်။
မှတ်ချက်
အညာသူ အညာသားတွေ့လည်း အောက်အရပ်မှာသာပေါက်တဲ့၊ ရှိတဲ့ အပင်၊ အစားအစာ၊ ဓလေ့သဘာဝတွေကို အညာက မသိကြပါ။
ဓနိပင်၊ ဓနိမိုး၊ ဓနိရည် (အချို/အချဉ်)၊ ဒီရေ၊ ဒီရေတော စသည်။
လမုပင်၊ ကနစိုးပင်၊ ပင်လယ်ဆားလုပ်ငန်း၊ ငါးခြောက်လှမ်းစင်များ စသည်။
အညာရဲ့သင်္ကေတွေဖြစ်တဲ့
တမာပင်၊ ကုက္ကိုပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ဆူးပုပ်ကလေး၊ ကုလားပဲခင်း၊ ဂျုံခင်း၊ ယာကစွန်း၊ စတာတွေကိုလည်း အောက်အရပ်မှာသာနေရသူတွေက မသိလောက်ကြပါ။
ရန်ကုန်တက္ကသိုလ်က သစ်ပုပ်ပင်မျိုး မန္တလေးတက္ကသိုလ်မှာ မရှိပါ။
အညာကစာဆိုတွေ ရေးစပ်တဲ့ကဗျာတွေ၊ သီချင်းတွေထဲက အညာသဘာဝအရာတွေကို အောက်အရပ်မှာနေသူတွေက အပြည့်အဝ မခံစားနိုင်လောက်ပြပါ။
အလားတူ ဆရာဇောဂျီရဲ့ ဗေဒါလမ်းကဗျာတွေထဲက သဘာဝအနုအလှတွေကို အညာသားတွေက စိတ်ကူးနဲ့သာ ကြည်နူးကြရပါတယ်။
(၁)
နှစ်မပြာဖြူ၊ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်၊ အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ်စီးပါတဲ့၊ မောင်ကြီးအိမ်မှာ၊
စည်းစိမ်ငယ်ခံ၊ ဟင်းချဉ်ပေါင်ဘက်၊
ပြုတ်ဗူးရွက်နှင့်၊ ပီချက်ရေရံပြီးလျှင်၊
ဆန်ထမင်းရဲ ကျော်ကို၊ ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။ ။ (ဦးကြီး)
(၂)
အယဉ်ရယ် ကြီးပါတဲ့
ဇနီးရယ် ပျော်လို့
ဖျဉ်းနားတိုတွင်
ချဉ်ပေါင်ညို ပေါ်စဖူးရယ်နှင့်
ငါးလူးရယ် မျှင်မျှင်
ကြေးမသင် ရေလုံပြုတ်ပါလို့
အင်ကုတ်ကယ် ကျယ်ကျယ်နှင့်
မင်းဘွယ် စိုးရ လောက်ပေလေး။ ။ (ဦးဆောင်း)
(၃)
ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချသည်နှင့်လေး။ (ဝန်ကြီးပဒေသရာဇာ)
(၄)
ပန်းစပယ်
နန်းအလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခုံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင်ယာယီရွေ့တယ်
တောလေ့ရွာသုံး။။ (ဦးပုည)
(၅)
မှန်းဖို့လိုဘဲ
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင်
ဆန်လိုက်သည်ဘဲ …။
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်
စုန်လိုက်သည်ဘဲ …။
ဘုတ်မက အီ၊ ပီပီက သံမစဲ
မဗေဒါ စုန်ဆန်လမ်းကို၊ မှန်းဖို့လိုဘဲ …။ (ဇော်ဂျီ)
(၆)
ရှင်မတောင် တောင်ညိုရိပ်
ထန်းညိုရိပ် တဝေဝေ။
ယုန်လိုက်သံ တောသံဟစ်
ကျောက်စရစ်မြေ။
တောလမ်းက ကွေ့ကာခွေ
တောခြေက ကောက်ကာကွေ့။
လှည်းတန်းတအီအီနဲ့
မြေနီနီ တမာတန်း
လွမ်း၍မမေ့။
မုန်ညင်းက အမေ့ရွာ
အဖေ့ရွာ မြေဖြူကျေး
သွေးချင်းများစွာ။
ထန်းလျက်ခဲရယ်နဲ့
မြေပဲလှော် တဆုပ်စာ
မာပါစ နှုတ်ခွန်း။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment