Skip to main content

ဦးကြီး အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ

အမည် တလုံးတည်းသာပါသည့် စာဆိုများ

၁။ ဦးဆောင်း

၂။ ဦးကြီး

၃။ ဦးရွှန်း

၄။ ဦးကြော့

ဦးကြီး အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ

(၁)

ရွာအရှေ့မှာလ

ဓလေ့ငယ် ဘာသာ

ကောက်စိုက်တဲ့လာ

ချည်ဗလာ မဲပြာပိန်းရယ်နဲ့

အောက်သိမ်းလို့ ခပ်တိုတို

ထဘီကို ရေမရွှဲအောင်ပ

ဝဲပေါက်သည့် သလုံးညိုကို

ပိုကရို လှမ်းတော့သည်လေး။   ။

သနပ်ခါး တကွက်

ရွှံ့တစက်နှင့်

နှုတ်ထွက်တဲ့ သံညီ

စိုက်လယ်ကွင်းဆီက

သီချင်းသံ သီတော့

သူကြီးညီ မြတ်သာဒွန်းရယ်က

ပလွေကို သံချိုမွှမ်းလို့ရယ်

ခွန်းစတယ်လေး။   ။

(၂)

လေပြေငယ် သုတ်ပါလို့

ရွှေဘုတ်ကယ် အိုးအီ

အုံ့မှိုင်းငယ်ရီသည်

နေမှီအောင် တဖော်လှမ်းခဲ့ရ

ကောက်ငန်းက သူပြန်ပုံမှာ

ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်

ပန်းဝင့်လို့ ရွာကိုဝင်

အမြင် ဆန်းပါဘိတယ်လေး။   ။

ညချမ်းရယ် နေရီ

ချိန်တော်မီ ကေသီပန်းနှင့်

ရေခပ်လမ်းမှာ စခန်းသင့်လို့

ထက်ဆင့်ငယ်မှ နီရောင် 

ချည်စိမ်းပေါင်နှင့် 

ယဉ်အောင်တောသူ

သနပ်ခါးကိုလှ ကွက်ပါးမှာကူပြီးလျှင်

အမူကြီး ကမ်းကုန်ကို

ဘယ်မြို့ပုံ သာချင်သောရယ်လို့

ပြောကြမယ်လေး။   ။

(၃)

ပျော်ပုံက သစ်သနှင့်

ငယ်ချစ်ကယ် လိုက်ခဲ့တော့

အကြိုက်ကတဲ့ တို့တောရွာမှာ

မိုးအကာ ပင်မြင့်ထက်ဆီက

ထန်းရွက်နှင့် ဆင်သည့်အိမ်

ခြုံတင်းတိမ် နွားရေခင်းလို့

ညဉ့်တွင်းကို ပလွေကျော်နှင့်

ဖျော်ပမယ်လေး။   ။

ကိုက်ဖူးငယ် ညွန့်စီ

ချဉ်ပေါင်နီကို

ရာသီဓလေ့ 

ပုစွန်လုံးကို ခွံဖုံးထေ့လို့

ဓလေ့ငယ် တဆင်

လယ်ကြွက်ကင်နှင့်

တို့ခွင့်ဖရုံ အချိုချက်

ဟင်းဖက်စုံလှ

မင်းပုံထည်ထည်

နေစာပျို့ အစ်ကိုကိုတည်ပမယ်

ဆောင်းနှယ် ဝင့်သည့်ချိန်ကို

ယစ်စည်းစိမ် အဆီဖိန်းလို့

မှိန်းစေ့မယ်လေး။   ။

(၄)

မလွမ်းရော့သော်ကော့

ကျွန်းမော့မော့ မြောက်ခွင်

မူးရေယဉ် လက်ယာစီးငယ်နှင့်

မောင်ကြီးတို့ ပျော်တဲ့ရွာ

မြောက်ညာနှင့် တောင်စွယ်လက်ကယ်က

အင်းနှစ်ဖက် ကာတယ်လေး။   ။

တခေါက်ကယ် လမ်းကြုံ

ရွာသဘောကို ပြောမယုံ

ကြုံရင်ဝင်ခဲ့ပါလ နော်အဝေး

နှမပြာဖြူ ရောက်တော်မူလျှင်

မပူချမ်းငြိမ်း အခြင်ရယ်မြေနီး

ထန်းရွက်ကယ် စီးပါတဲ့ 

မောင်ကြီးအိမ်မှာ

စည်းစိမ်ကိုခံ 

ဟင်းချဉ်ပေါင်ဖက် ပြုတ်ဘူးရွက်နှင့်

ပိချက်ရေ ရံပြီးလျှင်

ဆန်ထမင်း ရဲကျော်ကို

ဝန်ကတော်ပုံလောက်ပြေးအောင်

ကျွေးမယ်ပလေး။   ။

(၅)

ခါတခေါက် 

ရွာရောက်ကယ် လှမ်းခဲ့ပ

သာတမ်းနှင့် ရှိစေတော့

အမိတို့ တောရွာအိမ်

သည်ချိန်ကို ပဲစင်အောက်

လပျောက်ဗိုင်းငင် 

ရွှေရင်အင်္ကျီသိုင်းလို့

တပိုင်းပေါ် ပိုကရိုနှင့်

အစ်ကိုကို ဗန်းပြလိုက်မယ်လေး။   ။

တဖက်ကယ် မှောင်ကာ

တခြမ်းဟာ နံ့သာလိမ်းကွက်

လရောင်ပြက်မှာ

အသက်ကယ် နှင်းဆောင်

နွားခွံခင်းတဲ့ တလင်းပြောင်မှာ

လရောင်မထင် လူခြေတိတ်ကိုမှ

ရွှေလိပ်ပြာ ရွှင်စေ့မယ်

ဦးရင်တို့ မြို့သူတို့

တို့တောမူ တယ်မကြမ်းပါဘု

ခြေရေကုန် လက်ဆန်ကမ်းချိန်မှ

ဖမ်းပမယ်လေး။   ။

(၆)

အခြေငယ် ကြီးပါဘိ

ရုတ်သီးတောင့်ကိုင်

နှစ်ယောက်ကယ် ထိုင်

ယှဉ်လက်ပြိုင် ကျယ်စပြစ်နှင့်

ဖွယ်သစ်မြေအင်ရံလို့

ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်

ကြွက်နဖားရည်ကျို

အလို စားပုံတင့်ရန်ကော

ခေါင်းမင်း ဆယ်အိမ်ပေမို့

သရေသိန် ကြီးပါဘိတယ်လေး။   ။

စားသောက်ဖွယ်ရာ ပြီးသောအခါ

ချမ်းသာရိပ်ငြိမ်

အခြင်မြေသက် 

ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် 

စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့

ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ

မှောက်ချည်လှန်ချည်

အဆီရယ်ဖိန်း 

မှိန်းတော့သည်နှင့်

မကြည်သန်းဝေ

ထည်မင်းပုံ နေပြီးလျှင်

နွားရေပြန့်ပေါ်မှာ

ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ

သူအိပ်တယ်လေး။   ။

(၇)

ခါတလှည့် 

လာခဲ့ပ ကျုပ်တို့ရွာ

ဝေးမကွာ 

ပြေးလာလျှင် တာမထောက်ပါဘု

ရွာမြောက်က မန်ကျည်းပင်

ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှငိ့

မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ

ကြောက်စရာ မျက်နှာထားပါလို့

ရွာသားတွေ အာဏာကြို့ရ

မင်းပြည်စိုး အိမ်အိုတောင်မှာ

အခေါင်စောက်နှင့် တဲကိုလေး။   ။

ဖျာမလွန် နွားခွံအခင်း

မြေတလင်းမှာ နေ့ခင်းပျော်အင်

လိမ်းကျောက်ပျဉ်နှင့်

ဗိုင်းငင်ဝါဖန် 

အိမ်လုံးသာ ညံတော့

သန်းယံချိန်ကျော် သူငယ်ချင်းကိုလ

အပျင်းပြေ ဖျော်ရအောင် 

လုံးတော်ပု ပြောင်းဆန်ကို

ပေါင်းလှန်အောင် အဖျော်ဟင်းငယ်နှင့်

ဦးရင်ရေမျိုကျဉ်းအောင် 

သွင်းစေ့မယ်လေး။   ။

(၈)

ခါတလှည့်

လာခဲ့ပ ကျုပ်တို့ဆီ

ရာသီရောက်ကပေါ့

ဖားကင်ခြောက် ကျပ်တင်ဟာကို

ငရုပ်ဝါ စပ်တူထောင်းပါလို့

ဧည့်ကောင်းဖို့ တမင်ဆော်

တို့ကြီးတော် နွေကလှန်းပါတဲ့

ခရမ်းခြောက်ကျိုပုံးရည်

တူနှစ်မည် ဆင်တဲ့ဟင်း

ထမင်း ပုသိမ်ဆင်နှင့်

ကိုရင် ကျွေးချင်လှတယ်လေး။   ။

ပဲနောက်နှင့် ပြောင်းဆန်

ကောက်သားငယ်ရံ 

ဝေဖန်နှောယှက် ရောကာချက်လို့

ပြောဖက်ကယ် မမြင်

သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို

ခင်မင်ဖွယ်ရာ သည်ချိန်ကို လာခဲ့ပ

တောရွာသူ ခံ့ပုံကို

အသားကုန် လက်ပြိုင်ဆွဲလို့

နွဲစေ့မယ်လေး။   ။

(၉)

မိုးမသောက်ခင်က

ခလောက်ကယ် ဂျောင်ဂျင်

လုပ်ငန်းငယ် ပြင်သည်

ချောင်းရေယဉ် သွင်သွင်စီးပါလို့

ကောက်ကြီးစပါးနှံက 

သန်လှတယ်လေး။ ။

သို့အရာမူ

တို့ရွာစရိုက် 

ချွေးပြိုက်ပြိုက်ကယ်နှင့်

ကောက်စိုက်မ ဟန်

ထမခံမြေလုပ် အင်စောင်းတုတ်လို့

ဆူးပုတ်ကယ် ရွက်ညို

ဆီ မခတ်သော်လည်း 

တလပ်ကယ် ချိုလှတယ်

မင်းပျိုတို့ ခုချိန်ခါကို

စားစရာ ဝါမပြောပါဘူး

ပေါလှတယ်လေး။   ။ (ဦးကြီး)

ကဗျာတွေကို မူရင်းမပျက် တင်ပေးထားသူ ကျေးဇူး။

ဘယ်အရာမဆို မူရင်းပျက်ရင် မလှတော့၊ မစစ်တော့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ