ဂင်္ဂါမြစ်။ ။ဗုဒ္ဓဝင်နှင့် ရှေးဟောင်း နိပါတ် ပုံပြင်များ၌ ကျွန်ုပ်တို့ကြားဖူးနားဝရှိနေသော ဂင်္ဂါမြစ်သည် ပင်လယ် ရေမျက်နှာပြင်ထက် ပေပေါင်း ၁၀,၄၀၀ ကျော်မြင့်သော ဟိမဝန္တာတောင်တန်းများရှိ ရေခဲဂူကြီးတခုအတွင်းမှ စတင် မြစ်ဖျားခံသည်။ တောင်တောင်အထပ်ထပ်ကို ကျော်လွန်ခဲ့ပြီးသည့်နောက် အိန္ဒိယပြည်၏ ကျယ်ပြန့်သော လွင်ပြင်ကြီးများကို ဖြတ်သန်းစီးဆင်းခဲ့လေသည်။ မြစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။ နုန်းမြေလွင်ပြင်တလျှောက် စီးဆင်းခဲ့ရသဖြင့် မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်းမရှိ ရေစီးလည်းအလွန်နှေးသည်။ ဂင်္ဂါမြစ် လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ ယမုနာမြစ်လက်တက်ကြီး စီးဝင်သည်။ ထိုမြစ်နှစ်သွယ်အကြားရှိစိုအပ် မြေဆီ စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံစိုက်ရာတွင် မြေဩဇာ အကောင်းဆုံး ဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတခု ဖြစ်လေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment