ပြန်စာ
(၁)
• ရောက်တတ်ကရာ – န / ယောက်တတ်ကယာ / ရောက်တတ်ရာရာ – န၊ နှင့် အတူတူ။
• ရောက်တတ်ရာရာ – န / ယောက်တတ်ယာယာ /
အစီအစဉ်မရှိ ပြောမိပြောရာပြောသောစကား။
ရည်ရွယ်ချက်မရှိဘဲ လုပ်မိလုပ်ရာလုပ်ကိုင်သောအလုပ်။
ပေါက်ကရတွေးတော ကြံစည်ချက်။
• ရောက်ဘီး – န / ယောက်ဗီး / ချည်သွင်းသော ရစ်၏ဘီးခွေ။
• ရောက်မဆိုက် – ကြိဝိ / ယောက်မဆိုက် / ရောက်ရှိပြီး မကြာမတင် လက်ငင်း ကာလတွင်။ ရောက်သည်နှင့် တပြိုင်နက်။ ရောက်လာသည်နှင့် တချိန်တည်း။ "သခွားသီးစိမ်း တို့စရာ ကလေးများကို ရောက်မဆိုက် ပင် မြိန်မြိန်ရှက်ရှက် စားရပေသည်။" မျက်ပွင့်၊ ၂။ ၂၀၇။
• ရောက်ရာပေါက်ရာ – န / ယောက်ယာပေါက်ယာ / ခြေဦးတည့်ရာ။ ရည်မှန်းချက်မရှိ ဆိုက်ရောက်သမျှ ကြုံရာနေရာ။
• ရောက်ရီးရောက်ရက် – ကြိဝိ / ယောက်ယီးယောက်ယက် / မငြိမ်မသက်လှုပ်ရှားလျက်။ စိတ်တွင် ဘဝင်မကျဘဲ မည်သို့လုပ်ကိုင် ဆောင်ရွက်ရမည်ကို ပိုင်ပိုင်မဆုံးဖြတ်နိုင်ဘဲ သွားလာလှုပ်ရှားလျက်။
• ရောက်ရက်ခတ် – ကြိ / ယောက်ယက်ခတ် / မငြိမ်မသက်လှုပ်ရှားသည်။
• ရောက်လုံး – န / ယောက်လုန်း / ယက်ကန်းတွင် ချည်ခင်မှ ချည်မျှင်များကို ရစ်သွင်းယူရာ ရစ်လုံး။ တညည်းလုံး။
(၂)
သုမောင်ရေးတဲ့ ခွေးချော်လဲအိမ်ထဲမှာ -
နောင်မှ တဖြည်းဖြည်းချင်း ရောက်ရားဟု သဘောထားသည်လို့ရေးတယ်။
(၃)
ဆရာမောင်စွမ်းရည်ရေးတဲ့ မောင်မိုးသူ အသက် ၆၀ ပြည့် မွေးနေ့တုန်းက အပယ်ခံကဗျာထဲမှာ -
ဟေ့ သူငယ်ချင်း
မင်းပြောတဲ့ ငါ့မွေးနေ့
မင်းမမေ့ရင်၊ ငါမမေ့ပါဘူး
မေ့လဲ မေ့တယ်ပဲထား
ကဲ မင်းဘာစားမလဲ
ငါ ဘာစားမလဲ
ဘာပဲစားစား၊ နောက်မှ ရောက်ရား
အကြွေးစားကြစို့
လူသားမို့ အကြွေးတင်
ရှင်ဘုရင် ဆပ်လိမ့်မယ်
ရှင်ဘုရင်မဆပ်လဲ မင်းဆပ်ပေါ့ကွာ
လာ သွားကြစို့ လာ စားကြစို့ တဲ့။
ရောက်ရားဆိုတာ ဖြစ်လာတဲ့အခြေအနေအရ ကြည့်လုပ်မယ်။ မီးစင်ကြည့်ကမယ်ဆိုတဲ့သဘောဖြစ်ပါမယ်။ ကျွန်တော်မှားရင် ပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ
၂၈-၈-၂၀၁၈

Comments
Post a Comment