ပါဝင်သော အဓိကပစ္စည်းများ
• ဂျုံမုန့်အမျိုးအစားစုံ (Maida): မုန့်နှစ်ပြုလုပ်ရန်။
• ဒိန်ချဉ် သို့မဟုတ် ပြောင်းဖူးကစီဓာတ်: မုန့်သားအကွက်ကျစေရန်နှင့် အချဉ်ဓာတ် ရရှိစေရန်။
• ရေနှင့် မုန့်ဖုတ်ဆိုဒါ အနည်းငယ်: မုန့်နှစ်စပ်ရန်။
• သကြား၊ နနွင်းနှင့် ဖာလာစေ့: သကြားရည်ပြုလုပ်ရန်။
ပြုလုပ်နည်း
• ဂျုံမှုန့်၊ ဒိန်ချဉ်နှင့် ရေတို့ကို ပျစ်ပျစ်နှင့် ညက်ညက်ကလေး ဖြစ်အောင် ရောစပ်ပါ။
• မုန့်နှစ်ကို ခဏအနားပေးပါ (သို့မဟုတ်) အချဉ်ဖောက်ပါ။
• ရရှိလာသော မုန့်နှစ်ကို ဗူးအပျော့ သို့မဟုတ် မုန့်ညှစ်အိတ်ထဲသို့ ထည့်ပါ။
• အပူချိန် အသင့်အတင့်ရှိသော ဆီ သို့မဟုတ် ထောပတ် (Ghee) ထဲသို့ ခရုပတ်ပုံစံ ညှစ်ထည့်ပါ။
• မုန့်များ ကျွတ်ပြီး ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။
• ပူပူနွေးနွေး မုန့်ခွေများကို သကြားရည်နွေးနွေးထဲသို့ စက္ကန့်ပိုင်းမျှ နှစ်စိမ်ယူပါ။
အိန္ဒိယ၏ ကိုယ်စားပြု အချိုမုန့်အဖြစ် ထင်ရှားသော်လည်း ဂျာလေဘီသည် အိန္ဒိယမှ စတင်မြစ်ဖျားခံခဲ့ခြင်း မဟုတ်ဘဲ ရှေးဟောင်း ပါရှား (အီရန်) နှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အာရပ်ဘာသာဖြင့် "ဇာလာဘိယ" (Zalabiya) နှင့် ပါရှန်ဘာသာဖြင့် "ဇိုလ်ဘိယ" (Zolbiya) ဟု ခေါ်ဆိုကြသည်။ ရာစုနှစ်များစွာအတွင်း အိန္ဒိယမှိုက်မနိူင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဒေသတွင်း အခေါ်အဝေါ် ပြောင်းလဲမှုများမှတဆင့် "ဂျာလေဘီ" ဟူ၍ ဖြစ်လာခဲ့သည်။
၁။ အရှေ့အလယ်ပိုင်းဒေသ၏ စာတွေ့မှတ်တမ်းများ
• ၁၀ ရာစုအစောဆုံး စာတွေ့အထောက်အထားကို အိဘ်နျူ ဆယား အယ်လ်-ဝါရက် (Ibn Sayyar al-Warraq) ၏ ထင်ရှားသော အာရပ်ဟင်းချက်နည်းစာအုပ် Kitab al-Tabikh တွင် တွေ့ရပြီး ပြုလုပ်နည်းများကို အသေးစိတ် ဖော်ပြထားသည်။
• ၁၃ ရာစုနောက်ပိုင်းတွင် မိုဟာမက် ဘင် ဟာဆန် အယ်လ်-ဘဂ်ဒါဒီ (Muhammad bin Hasan al-Baghdadi) ထုတ်ဝေသည့် ဟင်းချက်နည်းစာအုပ်တွင်လည်း အခြားထင်ရှားသော အညွှန်းတခု ပါဝင်ခဲ့သည်။ ပါရှားတွင် ရာမာဒန် (ရမဇာန်) လများ၌ ပြည်သူများကို ပေးဝေလှူဒါန်းလေ့ရှိသည်။
၂။ အိန္ဒိယသို့ ရောက်ရှိလာခြင်း
• ၁၃ ရာစုမှ ၁၄ ရာစု - ဒေလီ စူလတန်အုပ်ချုပ်စဉ် ကာလအတွင်း ပါရှန်နှင့် တာကစ် ကုန်သည်များ၊ လက်မှုပညာရှင်များနှင့် ဝင်ရောက်ကျူးကျော်သူများမှတဆင့် အိန္ဒိယသို့ ရောက်ရှိလာခဲ့သည်။
• မြောက်ပိုင်းအိန္ဒိယ ဒေသခံဘာသာစကားများတွင် ပါရှန်ဗျည်းသံ "z" မရှိသဖြင့် ဒေသခံများက "j" သံဖြင့် အစားထိုး ခေါ်ဆိုခဲ့ကြရာမှ "ဇာလာဘိယ" မှ "ဂျာလေဘီ" သို့ ပြောင်းလဲသွားခဲ့သည်။
၃။ အိန္ဒိယယဉ်ကျေးမှုအတွင်း စိမ့်ဝင်ကိန်းဝပ်ခြင်း
• ခရစ်နှစ် ၁၄၅၀ - ဂျိန်းဘာသာဝင် စာဆို ဂျိနသူရ (Jinasura) ၏ Priyamkara-nrpa-katha စာပေတွင် အိန္ဒိယ၏ ပထမဆုံး ဂျာလေဘီ မှတ်တမ်းကို တွေ့ရပြီး သူဌေးကြီးတဦး၏ ညစာစားပွဲတွင် ဂျာလေဘီ တည်ခင်းပုံကို ရေးသားထားသည်။
• ခရစ်နှစ် ၁၆၀၀ - သင်္သကရိုက် ကျမ်းစာ Gunyagunabodhini တွင် ယနေ့ခေတ် ပြုလုပ်နည်းနှင့် ဆင်တူသော အညွှန်းကို မှတ်တမ်းတင်ထားသဖြင့် ခရစ်ယာန် ရီနေဆန်းခေတ် နှောင်းပိုင်းတွင် အိန္ဒိယ အစားအစာ ယဉ်ကျေးမှုအတွင်း အပြည့်အဝ စိမ့်ဝင်သွားပြီဖြစ်ကြောင်း သက်သေပြနေသည်။
• ကိုယ်ပိုင် အနက်အဓိပ္ပာယ် ဖန်တီးရန်အတွက် ရှေးဟောင်း အိန္ဒိယကျမ်းစာများတွင် ၎င်းကို ဖော်ပြရန် သင်္သကရိုက်ဝေါဟာရ "ဇာလာဝါလိကာ" (Jalavalika - အရည်များ ပြည့်နှက်နေသော အခွေ) ဟု ပြန်လည် တင်စားသုံးနှုန်းခဲ့ကြသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment