Skip to main content

"The Ones Who Walk Away from Omelas"

by Ursula K. Le Guin 

"ဩမဲလတ်စ်မြို့မှ ထွက်ခွာသွားသူများ" 

ဇာတ်လမ်းအကျဉ်း

ဤဝတ္ထု၏ တခုတည်းသော အချိန်ကာလ အစဉ်လိုက် ဖော်ပြချက်မှာ ယုံနိုင်ဖွယ်မရှိအောင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် ဩမဲလတ်စ်မြို့၏ နွေရာသီ ပထမဆုံးနေ့ကို စတင်ဖော်ပြထားခြင်း ဖြစ်သည်။ ဩမဲလတ်စ်တွင် နွေရာသီ၏ နေ့တာအရှည်ဆုံးနေ့ (Summer Solstice) ကို သိုက်သိုက်ဝန်းဝန်း ပွဲတော်ကျင်းပ၍ လူငယ်များ မြင်းစီးပြိုင်ပွဲဖြင့် ဆင်နွှဲကြသည်။ ထိုသို့ သက်ဝင်လှပသော ပွဲတော်၏ ပျော်ရွှင်ဖွယ် အငွေ့အသက်မှာ ထိုအေးချမ်းသော လူ့အဖွဲ့အစည်း၏ နေ့စဉ် အလေ့အထပင် ဖြစ်ပုံရသည်။ 

မြို့သူမြို့သားများသည် နည်းပညာနှင့် သယံဇာတ ကန့်သတ်ချက်များ ရှိသော်လည်း ပညာဉာဏ်ကြီးမား၍ ယဉ်ကျေးသိမ်မွေ့ကြသူများ ဖြစ်ကြ၏။ ဩမဲလတ်စ်တွင် ဘုရင်၊ စစ်သား၊ ပုရောဟိတ် သို့မဟုတ် ကျေးကျွန်များ မရှိပါ။ ထိုအဖွဲ့အစည်း၏ သီးခြား လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ဆောက်ပုံကိုမူ တိကျစွာ ဖော်ပြမထားဘဲ၊ ဇာတ်ကြောင်းပြောသူကပင် အသေးစိတ် အချက်အလက်တိုင်းကို မိမိကိုယ်တိုင် မရေရာပါဟု ဆိုထားသည်။

ဇာတ်ကြောင်းပြောသူက - "ငါ့စကားတွေထဲမှာ ဩမဲလတ်စ်ဟာ ရှေးရှေးတုန်းက ဝေးလံခေါင်သီတဲ့ ဒဏ္ဍာရီထဲက မြို့တမြို့လို ကြားရပါလိမ့်မယ်။ မင်းတို့ရဲ့ စိတ်ကူးစိတ်သန်းအတိုင်း ပုံဖော်တာ အကောင်းဆုံးပါပဲ၊ ဘာလို့ဆို ငါက မင်းတို့ အားလုံးရဲ့ စိတ်တိုင်းကျ ဖြစ်အောင် ပြောပြနိုင်မှာ မဟုတ်လို့ပါပဲ" ဟု ဆင်ခြင်သုံးသပ်ထားသည်။ ဩမဲလတ်စ်နှင့် ပတ်သက်သမျှ အရာရာသည် လွန်စွာ သာယာလှသဖြင့် ဖတ်ရှုသူများအနေဖြင့် ထိုမြို့၏ တည်ရှိမှုကို အပြည့်အဝ မယုံကြည်နိုင်ကြမည်စိုး၍ ဇာတ်ကြောင်းပြောသူက မြို့၏ နောက်ဆုံး အစိတ်အပိုင်းဖြစ်သည့် နောက်ကွယ်က ရက်စက်ကြမ်းကြုတ်မှု တခုအကြောင်းကို အသေးစိတ် ထပ်မံဖော်ပြခဲ့သည်။ 

ထိုမြို့၏ အစဉ်ထာဝရ အေးချမ်းမှုနှင့် တောက်ပသာယာမှုများသည် အပြစ်မဲ့ ကလေးတဦးကို မစင်ကြယ်သော မှောင်မိုက်သည့် နေရာတွင် ထာဝရ ဆင်းရဲဒုက္ခရောက်စေခြင်း ပေါ်၌ မှီတည်နေရခြင်း ဖြစ်သည်။

မြို့သူမြို့သားများသည် အမှန်တရားကို သိရှိနိုင်သည့် အရွယ်သို့ ရောက်သောအခါ အများစုမှာ ပထမတွင် ထိတ်လန့်ရွံရှာကြသော်လည်း၊ နောက်ဆုံးတွင် ကျန်ရှိသူများ၏ ပျော်ရွှင်မှုကို အာမခံပေးထားသည့် ထိုမတရားမှုကို လက်ခံလိုက်လျောသွားကြသည်။ သို့သော်လည်း လူငယ်၊ လူကြီး အချို့သော မြို့သူမြို့သားများသည် ထိုကလေးကို မြင်တွေ့ပြီးနောက် မြို့ကို စွန့်ခွာထွက်ခွာသွားကြ၏။ 

သူတို့ တဦးစီသည် တယောက်တည်း ထွက်ခွာသွားကြခြင်းဖြစ်ပြီး ဘယ်သူမျှ ဘယ်ကိုသွားမှန်း မသိကြသလို ပြန်လည်း ရောက်မလာကြတော့ပေ။ 

ဇာတ်လမ်းကို အောက်ပါအတိုင်း အဆုံးသတ်ထားသည် -

"သူတို့ သွားရာနေရာသည် ကျွန်ုပ်တို့ အများစုအတွက် ပျော်ရွှင်ခြင်း မြို့တော်ထက်ပင် စိတ်ကူးပုံဖော်ရန် ပိုမိုခက်ခဲသည့် နေရာတခု ဖြစ်သည်။ ထိုနေရာကို ကျွန်ုပ် လုံးဝ ဖော်ပြ၍ မရပါ။ ထိုနေရာသည် မရှိတာလည်း ဖြစ်နိုင်သည်။ သို့သော် ဩမဲလတ်စ်မှ ထွက်ခွာသွားသူများသည် သူတို့ ဘယ်ကို သွားနေကြသည်ကိုတော့ သူတို့ ဘာသာ သိရှိကြပုံရပေသည်။"

ဤဇာတ်လမ်းသည် အာဆူလာ ကေ လီ ဂွင် (Ursula K. Le Guin) ရေးသားခဲ့သည့် ထင်ရှားသော တိုတိုစုတ်စုတ် ဝတ္ထုတိုတပုဒ်ဖြစ်ပြီး၊ အကျိုးမျှော်ဝါဒ (Utilitarianism) ဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ ပုစ္ဆာတရပ်ကို အောက်ပါအတိုင်း မေးခွန်းထုတ်ထားခြင်း ဖြစ်ပါသည်။

အဓိက အကြောင်းအရာနှင့် အမေးပုစ္ဆာများ

လူအများစု၏ အေးချမ်းသာယာမှု၊ ပျော်ရွှင်မှုနှင့် စည်ပင်ဝပြောမှုအတွက် အပြစ်မဲ့ကလေးတဦး၏ ဆင်းရဲဒုက္ခကို အရင်းအနှီးပြုခြင်းသည် တရားမျှတမှု ရှိမရှိ မေးခွန်းထုတ်ထားသည်။

ဩမဲလတ်စ်မြို့သား အများစုသည် ကလေးငယ်၏ ခံစားနေရသော ဒုက္ခကို သိရှိကြပြီး ပထမတွင် ထိတ်လန့်ဝမ်းနည်းကြသော်လည်း၊ မိမိတို့၏ သာယာဝပြောသော ဘဝကို ဆက်လက်ရရှိရန်အတွက် ထိုဒုက္ခကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ယုတ္တိရှိအောင် တရားဇာတ်သွင်း၍ လက်ခံသွားကြသည်။

သို့သော် မြို့သားအနည်းငယ်သည် ရက်စက်မှုပေါ်တွင် တည်ဆောက်ထားသော ပျော်ရွှင်မှုကို လက်မခံနိုင်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိသော အမှန်တရားမဲ့ ပျော်ရွှင်မှုကို စွန့်လွှတ်ကာ ကျင့်ဝတ်ဆိုင်ရာ သိက္ခာကို ဦးစားပေးသောအားဖြင့် မသိနိုင်သော အနာဂတ်ဆီသို့ မြို့ကို စွန့်ခွာထွက်ခွာသွားကြသည်။

အာဆူလာ ကေ လီ ဂွင် (Ursula Kroeber Le Guin) သည် Earthsea ဖန်းတဆီး (Fantasy) ဇာတ်လမ်းတွဲများနှင့် Hainish စက္ကဝါအခြေပြု သိပ္ပံပညာရပ်ဆိုင်ရာ ဝတ္ထုများကြောင့် ထင်ရှားကျော်ကြားသည့် အမေရိကန် စာရေးဆရာမတဦး ဖြစ်ပါသည်။

သူမ၏ စာပေလက်ရာများသည် လူသားတို့၏ ဆက်ဆံရေး၊ သဘာဝတရားနှင့် ရှောင်လွှဲ၍မရသော ဖြစ်တည်မှုဆိုင်ရာ အယူအဆများကို မေးခွန်းထုတ်စိန်ခေါ်ရာ၌ နာမည်ကြီးပါသည်။ လီဂွင်၏ စာပေနယ်ပယ် ကျယ်ပြန့်မှုနှင့် ကွန့်မြူးသော စိတ်ကူးစိတ်သန်းတို့ကြောင့် ဟူးဂိုး (Hugo)၊ နက်ဗျူလာ (Nebula) နှင့် လိုကပ်စ် (Locus) ဆုများကို ရရှိခဲ့သည့်အပြင် PEN/Malamud ဆုနှင့် SFWA ၏ ဂရင်းမဟာဆရာကြီး (Grand Master) ဘွဲ့တို့ကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ