(၁၀ နှစ်တိတိကစာ)အိမ်ပြင်ထွက်ရတာ ဖေ့စ်ဘွတ်ထဲသွားလာရသလိုပဲ။ တနေ့က ရုံးတခုမှာ မြန်မာပြည်ကရုပ်ရည်နဲ့မို့ နာမည်ပြောပြီး မိတ်ဆက်တယ်။ ကျွန်တော် ဆရာ့ကိုသိပါတယ်တဲ့။ အော် ...
ကနေ့ ကားနဲ့ နှစ်နာရီခရီးဝေးတဲ့မြို့ကိုသွားတယ်။ ဖေ့စ်ဘွတ်ကနေ သိနေတယ်လို့ပြောတဲ့သူ ၄-၅ ယောက်တွေ့ခဲ့တယ်။ ဖေ့စ်ဘွတ်အလုပ်ကိုပါလုပ်ခဲ့ရတတ်တယ်။
ဆီးချိုသမားနဲ့ သွေးတိုးသမားကို အကြံပေးစကား ပြောခဲ့ရတယ်။ ပြည်တွင်းမှာ ဆရာဝန်ကြီးတွေနဲ့ တွေ့ဘို့နဲ့ စကားပြောဘို့ အချိန်ခက်တာလည်းပြောပြကြတယ်။ ပိုက်ဆံကုန်တာလည်း ပြောကြတာပေါ့။ အမေရိကမှာ ကျန်းမာရေးအာမခံမရှိရင် ခက်ကြတာကတော့ နေ့တိုင်း ကြားနေရတယ်။
ကျွန်တော်လည်း အဝေးကလူတွေကိုရော အနီးအနားကလူတွေပါ လေနဲ့သာ ကုပေးနိုင်တော့တယ်။
(၇) နှစ်ကြာသင်ထားရတဲ့ ဆေးပညာကို အသုံးချနိုင်တာ နိုင်ငံရေးထဲဝင်မလုပ်ခင်ကသာ ဆရာဝန်နဲ့တူတန်အောင်လုပ်နိုင်ခဲ့တယ်။ အဲတာ (၁၇) နှစ်သာကြာတယ်။
နောက် (၂၆) နှစ်ကတော့ တမျိုးတမည်။ ကြံဖန်လုပ်ရတယ်။ နေရတဲ့နေရာ အရေးပါတယ်။ အခွင့် ရှိ-မရှိကလည်းရှိသေးတယ်။ ကိုယ့်တိုင်းပြည်မဟုတ်တာက အဆိုးဆုံးပဲ။
ခုနေအခါ ပြည်တွင်းမှာဆိုရင် တရားဝင်ဖြစ်အောင် လုပ်လို့တော့ ရကောင်းရမယ်။ အချိန်ကြာမယ်။ ဇရာက ပိုပြီးအိုစာတော့မယ်။
နေရာဌာန ဝေးသောကြောင့် ...
အချိန်ကာလ ညောင်းသောကြောင့် ...
ဇာတာ ဇရာ အိုသောကြောင့် ...
ဒေါက်တာတင့်ဆွေ
၁၄-၈-၂၀၁၆

Comments
Post a Comment