နမ်း၍မကုံ
လှမျိုးစုံ
ပိုက်ခြုံတကွေးကွေး။
ချမ်း၍မလုံ
ခန်းရွှေဘုံ
တူစုံမစက်သေး။
ရွှေကြာပဒုံ
ပွင့်ဝါငုံ
ထုံထုံသင်းပျံ့မွှေး။
တိမ််ညိုပုံ့ပုံ့
မိုးအုံ့အုံ့
ဆော်လှုံ့မြောက်လေညှင်း။
မပြန်မတုံ့
တပြုံ့ပြုံ့
ချစ်တုံ့မပြေလျှင်း။ (စိန္တကျော်သူ ဦးသြ၊ ကဝိလက္ခဏာသတ်ပုံ)
ကဗျာပါ (တ) တွေကို စသတ်လို့ကတော့ ကဗျာ ကိုယိုကားယားဖြစ်သွားပါလိမ့်မည်။
ကဗျာဆိုတာ အသံနဲ့ ကာရန်။ ကာရန်ဟူသည်မှာ အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန္တဟူသော ပါဠိစကားမှ ဆင်းသက်လာသော စကားဖြစ်သည်။ ဥပမာ ‘က’ အက္ခရာ၏ အသံသည် ‘အ’ ဖြစ်သည်။ ‘ကာ’ အက္ခရာ၏ အသံသည် ‘အာ’ ဖြစ်သည်။ (တင်မိုး)
‘တ’ အသံက ‘အ’ ဖြစ်ပြီး၊ ‘တစ်’ အသံဟာ ‘အစ်’ ဖြစ်တယ်။
အမည်မောင်တ
အဖေက ဦးမြ
အမ မလှ။
အမည်မောင်တစ်
မိဘစစ်ပြီး
ဝအစ်အစ်။
ရှင်းလင်းအောင် တင်ပြချက်သာဖြစ်ပြီး၊ လက်တွေ့မှာ အဆုံးမှာ (တ) စာလုံး ပါတဲ့စာကိုတော့ စမသတ်ကြလို့ ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment