Skip to main content

တဂိုး၏နောက်ဆုံးမှာတမ်း

သင်ခေါ်ဆောင်ရာသို့

သူတိုမလိုက်ကြလျှင်

တကိုယ်တည်းသာ လျှောက်သွားပါလော့။

ကြောက်ရွံ့ခြင်းဖြင့် ဦးခေါင်းကို ညွှတ်၍

တိတ်ဆိတ်စွာ သင့်အား ကျောခိုင်းကြလျှင်

ကံဆိုးသူ-အိုအသင်

ရင်ကိုဖွင့်၍……

သင်၏ယုံကြည်ချက်ကို

တကိုယ်တည်းသာ ဖော်ထုတ်ပါလော့။

လမ်းခုလပ်၌

ကြမ်းတန်းသော ကန္တာရကိုတွေ့၍

သင့်အားစွန့်ခွာသွားကြလျှင်

ကံဆိုးသူ-အိုအသင်

သင်၏ ဖဝါးအောက်မှ ဆူးခလုတ်ကို

နင်းကျော် ဖြတ်၍

သွေးနီလျှမ်းသော လမ်းအတိုင်း

တကိုယ်တည်းသာ လျှောက်သွားပါလော့။

မုန်တိုင်းထန်၍ မိုးမှောင်ကျစဉ်

မီးထွန်းခြင်းငှာ

သူတို့မဝံ့ကြလျှင်

ကံဆိုးသူ-အိုအသင်

ဝေဒနာမှ ဖြစ်သော မိုးကြိုး၏ အလျှံဖြင့်

သင်၏ ရှင်ကို မီးတင်၍

တကိုယ်တည်းသာ တောက်ထွန်းစေပါလော့။

ပြန်ဆိုသူ-တက္ကသိုလ် ညိုမေ

ငွေတာရီမဂ္ဂဇင်း ၁၉၆၃ ဇူလိုင်လ

Listener's Heaven Audiobooks - အသံစာအုပ်

ဒေါက်တာတင့်ဆွေ

Comments