မီးလင်းဖိုနံဘေးမှာ မီးလှုံ၍နေကြစဉ်
နှင်းမိုးကလဲ ရွာမြဲရွာလျက်ပင်။
လွန်ခဲ့သောညက ခွေးမ နံပိန်ကလေး
သားတအုပ်နဲ့ နားရွက်ကုပ်ကာ သူ့ကွေး။
အမေက ကျွန်တော့်ကို ကတ္တီပါစောင်နှင့် ခြုံပေးရာ
ခွေးမကလေးမှာတော့ ကတ္တီပါစောင် မရှိပါ။
ခွေးငယ်ကလေးတွေက နို့အုံကို ဆောင့်၍ဆောင့်၍စို့
ခွေးပိန်မကလေးက ဘဇာကြောင့် စိတ်မဆိုးတာလဲလို့။
မီးလင်းဖို့နံဘေးမှာ ဝိုင်းဖွဲ့၍မီးလှုံကြစဉ်
ယနေ့ည ခွေးပိန်မကလေးကို ကျွန်တော်မမြင်။
သားတအုပ်သည်သာ ကျွန်တော်တို့အနား
နှင်းမိုးထဲမှာ ခွေးပိန်မကတ္တီပါစောင် အရှာသွားရော့လား။
(တင်မိုး)
ငွေတာရီမဂ္ဂဇင်း ၈၊ ၁၉၆၁ ဩဂုတ်လ
(Listener's Heaven Audiobooks - အသံစာအုပ်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment