အမေမှာတဲ့ ဆန်တခွဲ၊ သုံးစိတ်နဲ့မလဲဖြစ်ပါတယ်။
တခွဲ = ၈ ပြည်၊
သုံးစိတ် = ၁၂ ပြည်။
များများရတာမှန်းမသိ။ မှာလိုက်တာ၊ ခိုင်းလိုက်တာကိုသာ တထစ်ချယူတဲ့သူမျိုးကို ဆုံးမစကားအဖြစ်သုံးပါတယ်။ ပိုရတာ၊ ပိုကောင်းတာကို နားမလည်သူမျိုး။ စဉ်းစားဉာဏ်နည်းသူမျိုး။
၂။ ဆရာ ပဝါ နဲ့ ပုဝါ ဘာစာလုံးသတ်ပုံကအမှန်ပါလဲဆရာ။ ကျွန်မ သူငယ်တန်းမှာ ပဝါ သင်ခဲ့ရပါတယ်။ အတန်းတက်လာတော့ ပုဝါသင်ရပါတယ် ဆရာ။ သတ်ပုံအမှန်က ဘာလဲဆရာ။
ပဝါတံပက်လို့ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ပါတယ်။ ရှင်းလင်းချက်မှာ ပဝါ = (မွန်) တဟမက် = မျက်နှာသုတ်ပဝါလို့ ဆိုပါတယ်။ အခုခေတ်သတ်ပုံစာအုပ်တွေမှာလည်း ပဝါလို့သာ ရေးပါတယ်။
စုံပဝါ ဘယ်ညာချ၊ မှုန်နံ့သာခြယ်ကာသ။
ကျွန်တော်က မြန်မာစာနဲ့ ဘွဲ့မရလို့ ရမ်းကုအဆင့်သာဖြစ်ပါတယ်။
ခေတ်ကတော့ -
- ဆိုင်းဘုတ်ကြီးကြီး အမြီးရှည်ရှည်ဆိုမှသာ လူအထင်ကြီးတယ်။ ကန်တော့။
- မုံ့လို့ရေးရင် စားစရာလို့မထင်။ မုံ့ နဲ့ မုန့်တိုက မူကွဲ။ ၂ မျိုးလုံး မှနတယ်။
- မှန်တာထက် အထက်ကအမိန့်ပေးထားတာကိုသာ အတည်ယူကြတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၁၇
Comments
Post a Comment